နိုင်ငံတကာ သံပုရာရည်ညှစ် စိန်ခေါ်ပြိုင်ပွဲကြီး မင်းယွန်း(ခေတ္တရာ)
နိုင်ငံတကာ သံပုရာရည်ညှစ် စိန်ခေါ်ပြိုင်ပွဲကြီး
မင်းယွန်း(ခေတ္တရာ)
လူပေါင်းထောင်ချီဆန့်တဲ့ ခန်းမကြီးထဲမှာ ဧည့်ပရိတ်သတ်များက ပြည့်ရုံမက လျှံလို့တောင်နေတယ်။ခန်းမကြီးရဲ့ ရှေ့ဆုံးမှာတော့ စင်မြင့်ကြီးက ဟီးလို့။အဲဒီစင်မြင့်ကြီးရဲ့အပေါ်မှာတော့ စားပွဲရှည်ကြီးတစ်လုံးမှာ ဒိုင်လူကြီး(၅)ယောက်က အခန့်သားထိုင်နေလေရဲ့။အဲဒီဒိုင်လူကြီးတွေရဲ့ရှေ့မှာတော့ စားပွဲအသေးလေးတစ်လုံး။အဲဒီစားပွဲလေးပေါ်မှာ ဖန်ခွက်ရှည် (၁၀)လုံးခန့်ကိုတင်ထားတယ်။စားပွဲအသေးလေးရဲ့ နံဘေးမှာတော့ ပလပ်စတစ်ခြင်းကြီးနဲ့ထည့်ထားတဲ့ သံပုရာသီးတွေက အပြည့်။အဆိုပါ စင်မြင့်ကြီးရဲ့နောက်မှာ ဖောင်းကြွ စာလုံးအကြီးကြီးတွေနဲ့ရေးထားတာက “နိုင်ငံတကာ သံပုရာရည်ညှစ် စိန်ခေါ်ပြိုင်ပွဲကြီး” ဆိုတဲ့ စာတန်းကြီးက ၀ံ့ဝံ့ကြွားကြွားနေရာယူထားတယ်။
မည်သည့်ပြိုင်ပွဲမဆို တက်တက်ကြွကြွအားပေးတတ်တဲ့
အနောက်တိုင်းနိုင်ငံတွေရဲ့ ထုံးစံအတိုင်း လူတွေကလည်း
စိတ်ဝင်တစားလာကြည့်ကြတယ်။ကျွန်ုပ်အထင်မမှားရင်တော့
လောင်းကြေးတွေတောင် ပါမယ်ထင်ပါရဲ့။ကျွန်ုပ်လည်း အမေရိကန်ကိုရောက်တုန်း
ဒီပွဲလေးကိုဝင်ကြည့်ဖြစ်အောင် ကြည့်မယ်ဆိုတဲ့စိတ်နဲ့
ခန်းမထဲမှာရောက်လို့နေတာပေါ့။ ပြီးတော့ စိတ်ဝင်စားစရာက
တခြားပြိုင်ပွဲမဟုတ်ပဲ နိုင်ငံတကာ သံပုရာရည်ညှစ်
စိန်ခေါ်ပြိုင်ပွဲတဲ့လေ။ကျွန်ုပ်တို့တိုင်းပြည်မှာ လုပ်နေကျ ပွဲမျိုးတွေမှမဟုတ်ပဲကိုး။
ဒီလိုနဲ့ ပြိုင်ပွဲစချိန်ကနီးလာတာနဲ့အမျှ ကျွန်ုပ်လည်း ရှေ့ကိုတိုးလာပြီး ပွဲကြည့်စင်နား ကခုံမှာဝင်ပြီးနေရာယူလိုက်တယ်။
ကျွန်ုပ်ခုံမှာ ထိုင်ပြီးမကြာခင်မှာပဲ ပြိုင်ပွဲက စတင်ပါတော့တယ်။အရင်ဦးဆုံးတက်လာတာ ဧရာမလူသန်ကြီးတစ်ယောက်။ လူ့ဘီးလူးကြီးလို့တောင် ပြောရလောက်အောင် ခန္တာကိုယ်ကထွားကြိုင်းတယ်။ဝတ်ထားတဲ့
စွပ်ကျယ်အကျီင်္ရဲ့ အောက်က ထွက်ပေါ်နေတဲ့ ကြွက်သားအဖုအထစ်တွေက ခန္တာကိုယ်ကို
ဘယ်လောက်လေ့ကျင့်ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ အဲဒီလူသန်ကြီးက
စားပွဲအသေးလေးရဲ့ရှေ့မှာ နေရာယူလိုက်တယ်။ဒီအချိန်မှာပဲ
အားကာကော်မတီအဖွဲ့ဝင်ထဲက လူတစ်ယောက် ရောက်လာပြီး ခြင်းထဲက
သံပုရာသီးတစ်လုံးကို ဒါးနဲ့ နှစ်ခြမ်းခွဲပြီး လူသန်ကြီးကိုပေးလိုက်တယ်။
ဒါနဲ့ လူသန်ကြီးလည်း စားပွဲလေးရှေ့မှာ ကီတွေသွင်း အားတွေညှစ်ပြီး
သံပုရာသီးတခြမ်းကို ညှစ်လိုက်တာ ဖန်ခွက်ရှည်ကြီးရဲ့
တ၀က်နီးနီးရောက်သွားတယ်။ဒါနဲ့နောက်တခြမ်းကို
ညှစ်လိုက်တာ ဖန်ခွက်ရှည်ကြီးကို ပြည့်ဖို့ လက်တစ်လုံးလောက်သာ
လိုတော့တယ်။ဒီအချိန်မှာ ကြေငြာတဲ့လူက အခုယှဉ်ပြိုင်သွားတာက
ဘရာဇီးနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်သွားသူဖြစ်ပါတယ်လို့ကြေငြာပြီး
သူညှစ်သွားတဲ့ ဖန်ခွက်ရှည်ကို ဒိုင်တွေရှေ့မှာရှိတဲ့ “ဘရာဇီ့း”လို့
ရေးထားတဲ့ ကဒ်ထူပြားပေါ်တင်ပေးလိုက်တယ်။ စင်အောက်ကလူတွေက
လက်ခုပ်တဖြောင်းဖြောင်းတီးပြီးအားပေးလို့ပေါ့။
နောက်တစ်ယောက်စင်ပေါ်တက်လာပြန်တယ်။ဒီလူလည်း ခန္တာကိုယ်ကတော့ ပထမပြိုင်သွားတဲ့လူလိုပဲ လူသန်ကြီးတစ်ယောက်ပါ။ဒီတစ်ယောက်လည်းရှေ့ကလူလိုပဲ
ကီတွေသွင်းပြီး အားကာအဖွဲ့ဝင်တစ်ဦး ပေးတဲ့ သံပုရာသီး နှစ်ခြမ်းကို
ညှစ်လိုက်တာ သံပုရာရည်တွေကလည်း ရှေ့ကလူနဲ့ မတိမ်းမယိမ်းပေါ့။သူကတော့
အမေရိကန်နိုင်ငံသားတဲ့။ဒီလိုနဲ့ နောက်ပြင်သစ်။နောက်အင်္ဂလန်။နောက်တူရကီ။စသည်ဖြင့်
ပြိုင်လိုက်ကြတာ (၉)နိုင်ငံပြိုင်သွားတဲ့ အထဲမှာ အီသီယိုပီးယား
ကိုယ်စားပြု တစ်ယောက်ပဲ သူတို့ထက်နည်းနည်းသာတယ်လို့
ဆိုရမယ်။အောက်ကကြည့်နေတဲ့ ပရိတ်သတ်ကြီးကလည်း ဒီ အီသီယိုပီးယားကိုပဲ
ထင်ကြေးပေးနေကြတာပေါ့။
ဒီအချိန်မှာ စင်ပေါ်ကို
လူကောင်သေးသေးနဲ့ လူတစ်ယောက်တက်လာတယ်။ ဒီနိုင်ငံက သာမာန်လူတွေနဲ့တောင်
သေးပါသေးတယ်။ဝတ်ထားတဲ့ အရက်ကြော်ငြာ စွတ်ကျယ်လေးတောင်
ချောင်လို့။ကျွန်ုပ်လည်း အားကာအဖွဲ့ထဲကလူ တစ်ယောက်လို့ထင်နေတာ။သူက
ဒိုင်တွေနဲ့ စကားတွေပြောနေတယ်။ဒိုင်တွေကလည်း ခေါင်းတခါခါ လည်တခါခါနဲ့ ငြင်းလိုက်။သူကအတင်းတောင်းဆိုတဲ့ပုံစံနဲ့
ဇွတ်အတင်းပြောဆိုနေတော့ ကျွန်ုပ်လည်း စိတ်ဝင်စားသွားပြီး
နားစွင့်နေလိုက်တယ်။အဲဒီတော့မှ သိရတာက သူက ပြိုင်ပွဲဝင်မလို့ဆိုပဲ။အဲဒါကို ဒိုင်တွေက ၀င်မပြိုင်ဖို့တောင်းပန် နေတာကိုး။ ဒါပေမယ့် သူကလည်းမလျှော့ဘူး။အတင်းပြိုင်မယ်ပဲလုပ်နေတာ။ဒိုင်တွေလည်း ဘယ်လိုမှ တောင်းပန်လို့ မရတဲ့အဆုံး သူစိတ်ချမ်းသာပါစေ ဆိုတဲ့ သဘောနဲ့ ပြိုင်ပွဲဝင်ခွင့်ပြုလိုက်တယ်။
အဲဒါနဲ့ ထုံးစံအတိုင်းပေါ့ အားကာအဖွဲ့ဝင်က လာပြီး သူ့အတွက်
သံပုရာသီး တစ်လုံးကိုယူပြီး ဒါးနဲ့နှစ်ခြမ်းခွဲပြီး
သူ့ကိုပေးလိုက်တယ်။အဲဒီလူကောင်သေးသေးလူလေးက
ခေါင်းခါပြီး သူများညှစ်ပြီးသား သံပုရာခွန် (၂)ခွန်ကိုပဲတောင်း
နေတယ်။ကျွနုပ်လည်း သူ့ကိုကြည့်ပြီး ရီချင်သလိုလို
ဒေါသထွက်သလိုလိုဖြစ်သွားတယ်။သူများနဲ့တန်းတူ မညှစ်နှိုင်ပဲ နဲ့များ ပြိုင်ပွဲကို ၀င်ပြိုင်ရသေးတယ်ပေါ့။အထင်လည်းသေးသွားတယ်။အဲဒါနဲ့
အားကာကော်မတီဝင်လည်း ခေါင်းလေးတခါခါနဲ့ သူတောင်းတဲ့ သူများညှစ်ပြီးသား
သံပုရာခွန်(၂)ခြမ်းကိုပဲ ပေးလိုက်တယ်။အဲဒီလူကောင်သေးသေးလေးက သူများတွေလို ကီတွေဘာတွေ အထွေအထူးသွင်းမနေပါဘူး။တခါတည်းပဲတန်းပြီး
နှစ်ခြမ်းစလုံးညှစ်ချလိုက်တာ သူများတွေ တစ်ယောက်မှ
ပြည့်အောင်မညှစ်နိုင်တဲ့ ဖန်ခွက်ရှည်ကို ပြည့်ရုံတင်မကဘူး
လျှံတောင်ထွက်ကျလာပါတယ်။
စင်ပေါ်မှာရှိတဲ့ဒိုင်လူကြီးတွေဆိုတာ
အံ့သြလွန်းလို့ “၀ါး”ကနဲတောင် ထအော်ကြတယ်။စင်အောက်မှာ ကြည့်နေကြတဲ့
ပရိတ်သတ်ကြီးလည်း အစပိုင်းတော့ အံ့သြလို့ ကျက်သေသေသွားရာကနေ
တပြိုင်နက်တည်းလိုလို လက်ခုပ်သြဘာပေးပြီး ထအော်ကြတယ်။အံ့သြမယ်ဆိုလည်း
အံ့သြစရာလေ။သူများညှစ်ပြီးသား သံပုရာခွန်ကိုတောင် ဖန်ခွက်ပြည့်လျှံအောင်
ညှစ်နှိုင်တာကိုး။ ဒီအချိန်မှာပဲ အသင့်စောင့်နေတဲ့ သတင်းထောက်တွေက
အပြေးအလွှားတက်လာကြပြီး..
“ယှဉ်ပြိုင်သွားတာ အံ့သြစရာပဲ။နာမည်လေးနဲ့ ကိုယ်စားပြုယှဉ်ပြိုင်တဲ့တိုင်းပြည်အမည်လေး ပြောပါဦး။”
“အမည်က ငတေပါ။ ကိုယ်စားပြုပြီးလာရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံကတော့ မြန်မာနိုင်ငံကဖြစ်ပါတယ်။”
“မြန်မာ? အိုး.မြန်မာ။သိပြီ သိပြီ။မကြာသေးခင်နှစ်အနည်းငယ်ကမှ
ဒီမိုကရေစီ နိုင်ငံအဖြစ်ပြောင်းလဲခဲ့တဲ့ တိုင်းပြည်ပဲ။ သမ္မတကြီးက
သဘောကောင်းပြီး ပြုပြင်ပြောင်းလဲရေးတွေ အမြန်ဆုံးလုပ်တဲ့နိုင်ငံ။ပြီးတော့
သန့်ရှင်းတဲ့ အစိုးရ ကောင်းမွန်တဲ့ အစိုးရဖြစ်ရမယ်ဆိုပြီး
အဂတိလိုက်စားမှုတွေ အကျင့်ပျက်ချစားမှုတွေကို အမြန်ဆုံး ပပျောက်အောင်
လုပ်ဆောင်မယ်လို့ ဂတိတွေပေးထားတာပဲ။သိပြီ.သိပြီ။ဒါနဲ့ အဲဒီတိုင်းပြည်မှာ မစ္စတာငတေက ဘာအလုပ်အကိုင်များ လုပ်သလည်းဆိုတာ ပြောပြပါဦး။”
“ကျွန်တော်က နယ်ထိမ်းပါ။”
“What? နယ်ထိမ်းဆိုတာ ဘယ်လိုမျိုးလည်း၊ဘယ်ဌာနကလည်း။”
“နယ်ထိမ်းဆိုတာ ပြည်သူ့ရဲတပ်ဖွဲ့ကပါ။ရဲတပ်ဖွဲ့မှာ တနယ်မြေကို ထိမ်းသိမ်းနိုင်ဖို့ တာဝန်ပေးထားတဲ့အတွက် နယ်ထိမ်းလို့ခေါ်ပါတယ်။”
“အိုး..သိပြီ။Police. .ပြည်သူ့ရဲတပ်ဖွဲ့ကပဲ။ကျေးဇူးတင်ပါတယ်။”ဆိုပြီး ဓါတ်ပုံတွေရိုက် မှတ်တမ်းတွေတင်ပြီး စင်အောက်ကိုပြန်ဆင်းသွားပါတယ်။အဲဒီအချိန်ကျမှ စင်မြင့်ထက်က ကျေငြာသူက..
“ယခု ယဉ်ပြိုင်သွားတဲ့သူကတော့ မြန်မာနိုင်ငံကိုယ်စားပြုယဉ်ပြိုင်သွားတဲ့ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့က နယ်ထိမ်းလေး မစ္စတာ ငတေ ဖြစ်ပါတယ်။ပရိတ်သတ်ကြီး မြင်တဲ့အတိုင်းပါပဲ။သူများညှစ်ပြီးသား
သံပုရာခွန်ကို ဖန်ခွက်ပြည့်လျှံအောင် ညှစ်ပြသွားနှိုင်တဲ့ အတွက် ပထမဆုကို
ဆွတ်ခူးသွားပါပြီ ခင်ဗျား။” ဟု ကြောငြာလိုက်တော့ စင်အောက်မှာ ရှိနေတဲ့ပရိတ်
သတ်ကြီးက..
“မြန်မာ…မြန်မာ…မြန်မာ”ဆိုပြီး တခဲနက် အော်ဟစ်အားပေးနေကြလေရဲ့။ကျွန်ုပ်လည်း ဘယ်လိုမှနေလို့မရတော့ပဲ အားရ၀မ်းသာနဲ့ “ဒါမှ..ဒို့မြန်မာကွ”လို့ သံကုန်ဟစ်ပြီးအော်လိုက်ပါတော့တယ်။ဒီအချိန်မှာပဲ
ပေါင်ကို လူတစ်ယောက်က ပြင်းပြင်းထန်ထန် လာရိုက်သလိုခံစားရလို့
ကြည့်လိုက်တော့ မျက်နှာထန်ထန်နဲ့ မဒီယွန်းကို တွေ့လိုက်ရတယ်။
“နေ့ခင်းကြောင်တောင် မူးကြောင်.မူးကြောင်နဲ့ အိပ်ပြီး ဘာတွေထယောင်နေမှန်းလည်းမသိဘူး။ဘာတဲ့ ဒါမှ.ဒို့မြန်မာတဲ့။
ဒီမှာ.မီးမီတာခတွေ တက်တာမှမကြာသေးဘူး။အခု ရေခွန်တွေ နှစ်ဆတက်လိုက်ပြီလို့ အသိပေးတဲ့ စာ စည်ပင်သာယာရေးအဖွဲ့ကလာပေးသွားတယ်။ ရော့..ကြည့်။”ဆိုပြီး စာကိုပစ်ချပေးပြီး စောင့်စောင့်အောင့်အောင့်နဲ့ ထွက်သွားလေရဲ့။ ။
မင်းယွန်း(ခေတ္တရာ)
0 comments:
Post a Comment