Written by စည်သူအောင်မြင့်
လာမယ့် သြဂုတ်၊ စက်တင်ဘာလကျရင် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့
ကာတာအခြေ စိုက်အူရီဒူးနဲ့ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီတို့
မိုဘိုင်းဖုန်းဆင်းကတ်တွေ စရောင်းကြပါတော့မယ်။ နှစ်ပေါင်းများစွာ
တစ်ဦးတည်း လက်ဝါးကြီးအုပ်ပြီး လုပ်ချင်သလို လုပ်ကိုင်လာခဲ့တဲ့
မြန်မာ့ဆက်သွယ်ရေးကို ယှဉ်ပြိုင်မှုတွေ စပါတော့မယ်။ ဒီအခြေအနေအောက်မှာ
မိုဘိုင်းဖုန်း မကိုင်နိုင်သေးတဲ့ ပြည်သူတွေ အသုံးပြုခွင့်ရဖို့
မျှော်လင့်နေကြသလို၊ နိုင်ငံခြားကုမ္ပဏီ နှစ်ခုဟာ
နိုင်ငံတကာကုမ္ပဏီတွေဖြစ်တာနဲ့အညီ ၀န်ဆောင်မှုကောင်းကောင်းပေးကြမယ်၊
သုံးစွဲသူတွေရဲ့ ဆန္ဒကို ဖြည့်စွမ်းပေးကြမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လက်ရှိ
မြန်မာ့ဆက်သွယ်ရေး ဆင်းကတ်သုံးနေသူတွေကလည်း ဆင်းကတ်တွေ
ပြောင်းလဲအသုံးပြုဖို့ စဉ်းစားနေကြပါတယ်။ ခုတော့ မြန်မာ့ဆက်သွယ်ရေး
ကိုယ်တိုင် ဒီပြိုင်ပွဲကို တကယ်ပဲ ၀င်ပြိုင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့
ဂျပန် KDDI ကုမ္ပဏီ၊ ဆူမီတိုမိုကော်ပိုရေးရှင်းတွေနဲ့ ဒေါ်လာသန်း ၂,၀၀၀ တန် စာချုပ်တစ်ခု လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါပြီ။ မြန်မာ့ဆက်သွယ်ရေးပြိုင်နိုင်မလားဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ပြောရရင် ဒီကနေ့ မြန်မာနိုင်ငံထဲမှာ မိုဘိုင်းဖုန်းသုံးစွဲသူ
ကိုးသန်းကျော် ရှိနေပါတယ်။ တိုင်းပြည်လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းပဲ
မိုဘိုင်းဖုန်း သုံးစွဲနိုင်သေးတဲ့ အနေအထားပါ။ အာဆီယံနိုင်ငံထဲမှာ
ဖုန်းသုံးစွဲမှု အနိမ့်ကျဆုံး နိုင်ငံပါ။ အားလုံးဟာ မြန်မာ့ဆက်သွယ်ရေးက
ချထားပေးတဲ့ ဆင်းကတ်တွေကို အသုံးပြုကြရပါတယ်။ ပြည်သူတွေအနေနဲ့
ကြိုက်နှစ်သက်လို့ မဟုတ်ဘဲ ဘယ်လိုမှ ရွေးချယ်ပိုင်ခွင့် မရှိတဲ့
အနေအထားအောက်မှာ သုံးစွဲနေရတာပါ။ ဒီလိုအခြေအနေအောက်မှာ နောက်တစ်လ
နှစ်လအတွင်း နိုင်ငံခြားအော်ပရေတာတွေ ဆင်းကတ် စရောင်းချလာတဲ့အခါ
မြန်မာ့ဆက်သွယ်ရေးရဲ့ ဆင်းကတ်တွေကို ဆက်ပြီး သုံးစွဲကြပါဦးမလားဆိုတာကတော့
စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းဖြစ်ပါတယ်။ တကယ်လို့သာ မြန်မာ့ဆက်သွယ်ရေးက
မပြိုင်နိုင်ဘူး၊ ပြည်သူတွေဟာ သူ့ဆင်းကတ်တွေကို
လွှင့်ပစ်လိုက်မယ်ဆိုရင်ဖြင့် ဆုံးရှုံးမှု အလွန်ကြီးမားပါလိမ့်မယ်။ ပြောရရင်
လက်ရှိဆက်သွယ်ရေးက ချထားပေးတဲ့ဆင်းကတ် ကိုးသန်းကျော်ကနေ တစ်လ တစ်လရနေတဲ့
ဖုန်းဆက်သွယ်ခ ကျပ်ငွေ ဘီလီယံပေါင်းများစွာ နစ်နာဆုံးရှုံးသွားမှာမို့
ဖြစ်ပါတယ်။
မြန်မာ့ဆက်သွယ်ရေးအနေနဲ့
နိုင်ငံခြားအော်ပရေတာတွေကို ပြိုင်ဆိုင်လို့ နိုင်မနိုင်ဆိုရာမှာ
အကြမ်းဖျင်း အပိုင်း နှစ်ပိုင်း ရှိပါလိမ့်မယ်။ ပထမအပိုင်းက ပြည်သူတွေရဲ့
လက်ခံလိုလား ယုံကြည်စိတ်ချမှုအပိုင်းဖြစ်ပြီး
နောက်တစ်ပိုင်းကတော့ ပေးတဲ့ နည်းပညာဆိုင်ရာ ၀န်ဆောင်မှုနဲ့ ပြည်သူတွေဆီက
ပြန်လည်ကောက်ခံတဲ့ အခကြေးငွေ တန်မတန် နှိုင်းယှဉ်ချက်ပဲ ဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိမြန်မာ့ဆက်သွယ်ရေးကနေ
ပြည်သူတွေအပေါ်ပေးတဲ့ ၀န်ဆောင်မှုဟာ ယုံကြည်စိတ်ချရဖို့ဆိုတာ ဝေးလို့
မကျေမနပ်ဖြစ်နေကြတယ်လို့တောင် ပြောနိုင်ပါတယ်။ အရပ်စကားနဲ့ဆို
တချို့ဆဲတောင် ဆဲနေကြတာမျိုးပါ။ ၀န်ဆောင်မှု မကောင်းတာ၊ အဲဒီအတွက် တာဝန်ယူမှု
မရှိတာ၊ ကောက်ခံတဲ့ ငွေကြေးဈေးနှုန်း ချိုသာမှု မရှိတာ စတဲ့ အချက်တွေအပြင်
အတိတ်ကာလတုန်းက ပြုထားခဲ့တဲ့ မကောင်းမှုအစုစုကြောင့်လည်း ပါပါတယ်။
အားလုံးသိကြတဲ့အတိုင်း အရင်စစ်အာဏာရှင်ခေတ်တုန်းက အာဏာရှင်တွေဟာ
ဆက်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားရုံမက ကိုယ်ကျိုးအတွက်၊
နိုင်ငံရေးအကျိုးစီးပွားအတွက်တောင်
အသုံးချခဲ့ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်၊ ဆင်းကတ်ကို
ပြည်သူနဲ့ တိုင်းပြည် စီးပွားရေးပမာဏ လိုအပ်ချက်ထက် အများကြီး
လျော့နည်းပြီး ထုတ်လုပ်တဲ့အခါ ဆင်းကတ်ဈေးနှုန်းတွေ မှောင်ခိုဖြစ်ကုန်ပါတယ်။
အစိုးရ သတ်မှတ်ချက် ဆင်းကတ်တစ်ခု ကျပ် ငါးသိန်း၊ ၁၀ သိန်း၊ ၁၅ သိန်း
သတ်မှတ်ခဲ့ပေမယ့် ပြင်ပပေါက်ဈေးမှာ ဆင်းကတ်တစ်ခု ကျပ်သိန်း ၄၀ အထက် (ဒေါ်လာ
၅,၀၀၀ ကျော်) ပေါက်တဲ့ကာလ ရှိခဲ့ဖူးပါတယ်။ အဲဒီအချိန်ကာလ ရန်ကုန်မှာ
ခပ်ညံ့ညံ့တိုက်ခန်း တစ်ခန်းဝယ်နိုင်တဲ့ ပမာဏပါ။ အာဏာရှင်တွေဟာ သူတို့
လုပ်ပိုင်ခွင့်သုံးပြီး ဆင်းကတ်တွေ ထုတ်ယူကိုယ်ကျိုးရှာ ရောင်းစားကြပါတယ်။
ခိုင်းစားလို့ရမယ့် နိုင်ငံရေးသမားတွေ၊ နာခံမယ့် လက်အောက်ငယ်သားတွေကို
ဆင်းကတ်တွေ ထုတ်ပေးပြီး နိုင်ငံရေးအမြတ်ထုတ်တာတွေ၊ လူမွေးတာတွေ
လုပ်ခဲ့ပါတယ်။ ပြည်သူအများစုကြီးကတော့ မိုဘိုင်းဖုန်းကို မသုံးစွဲနိုင်၊
သုံးစွဲခွင့်ရသူတွေကလည်း ဈေးကြီးပေး ၀ယ်သုံးရတဲ့အပြင် အလွန်ညံ့ဖျင်းတဲ့
ဝန်ဆောင်မှု၊ တာဝန်မခံမှုတွေနဲ့ ကြုံခဲ့ကြရပါတယ်။ နှစ်ပေါင်းများစွာ
ကြာလာတဲ့အခါ ပြည်သူတွေဟာ မြန်မာ့ဆက်သွယ်ရေးဆိုတာကို မုန်းလည်း
မုန်းတီးလာခဲ့ပါတယ်။ ခုလည်း အဲဒီစိတ်ခံစားချက်အတိုင်း ရှိနေဆဲပါပဲ။
ဒီအခြေအနေကို မပြင်နိုင်ရင် လာမယ့် ဆက်သွယ်ရေးလုပ်ငန်းပြိုင်ပွဲကြီးမှာ မြန်မာ့ဆက်သွယ်ရေးဟာ သုံးစွဲသူတွေရဲ့ အမုန်းတရားနဲ့ ဒဏ်ခတ်တာကို ခံရနိုင်ပါတယ်။
နောက်ကြုံရမယ့် ပြဿနာတစ်ခုကတော့ နည်းပညာ၊ ၀န်ဆောင်မှုအသစ်နဲ့ ငွေကြေး
အကျိုးအမြတ်ပါ။ ခုဆို မြန်မာ့ ဆက်သွယ်ရေးဟာ သူ့ကို နည်းပညာပံ့ပိုးမယ့် KDDI
နဲ့ ငွေကြေးပံ့ပိုးမယ့် ဆူမီတိုမိုကော်ပိုရေးရှင်းနဲ့ ဒေါ်လာသန်း ၂,၀၀၀ တန်
စာချုပ် လက်မှတ်ရေးထိုးပြီးပါပြီ။ ဘယ်အပိုင်း ဘယ်လိုတာဝန်ယူကြမယ်၊
အကျိုးအမြတ် ဘယ်လို ခွဲဝေယူကြမယ်၊ ဒါမှမဟုတ် ငွေချေးတာ သက်သက်လား
သိပ်မသဲကွဲသေးပါဘူး။ တကယ်လို့သာ ဒီလောက် ငွေကြေးနည်းပညာ ပံ့ပိုးမှုနဲ့တောင်
တခြားအော်ပရေတာတွေကို မယှဉ်ပြိုင်နိုင်ရင် လက်ရှိတိုင်းပြည်က ရနေတဲ့ ဘဏ္ဍာငွေ
ဆုံးရှုံးရမယ့်အပြင် ဒေါ်လာ သန်း ၂,၀၀၀ ဆိုတဲ့ မနည်းလှတဲ့
ငွေကြေးပမာဏအတွက်လည်း အာမခံချက်ရှိမှာ မဟုတ်ပါဘူး။ နဂိုတုန်းကတော့
မြန်မာ့ဆက်သွယ်ရေးဟာ နိုင်ငံခြားအော်ပရေတာတွေကို ခွင့်ပြုအပြီးမှာ
ဆက်သွယ်ရေးကော်ပိုရေးရှင်းခေါ် စီးပွားရေးအဖွဲ့အစည်းအဖြစ်
အသွင်ပြောင်းမယ်လို့ ကြေညာထားပါတယ်။ အခုအဲဒီကိစ္စ ပြောသံ မကြားရသေးပါဘူး။
မြန်မာ့ ဆက်သွယ်ရေးအနေနဲ့ အစိုးရအဖွဲ့အစည်းအဖြစ် ဆက်ပြီး
တည်ရှိနေဦးမယ်ဆိုရင် ဒီပြိုင်ပွဲထဲမှာ ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုဖြစ်ရင်
နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုပဲဖြစ်ပြီး ပြည်သူတွေကပဲ ခံကြရဦးမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ဆက်သွယ်ရေးဟာ ပြိုင်ပွဲမှာ တကယ် ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ
ပြဖို့ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေ ခုကတည်းက စပြီးလုပ်ပြဖို့ လိုပါပြီ။
ပြည်သူလူထု ယုံကြည်မှုရှိအောင် စပြီးလုပ်ဖို့
လိုပါပြီ။လက်တွေ့လုပ်ပြချင်ရင်လည်း
လွယ်လွယ်လေးပါ။ အခုအချိန်ကစ မိုဘိုင်း ပြောခ တစ်မိနစ် ကျပ် ၅၀၊ စာတိုပို့
တစ်စောင် ၂၅ ကျပ်၊ နိုင်ငံခြားကောလ် တစ်မိနစ် တစ်ဒေါ်လာ နီးပါးစတာတွေ
လျှော့ချပေးပြီး စေတနာကို ပြပေးလို့ရပါတယ်။ ၀န်ဆောင်မှုတွေနဲ့ ပတ်သက်လို့
ထပ်တိုးချဲ့မယ်ဆိုတာ မစဉ်းစားခင် လက်ရှိ ၀န်ဆောင်မှုပေးနေတဲ့
ကိုးသန်းကျော်ရှိတဲ့ ဂျီအက်စ်အမ်၊ စီဒီအမ်အေ ၈၀၀၊ စီဒီအမ် အေ ၄၅၀
မိုဘိုင်းဖုန်း အားလုံးရဲ့ဝန်ဆောင်မှု စွမ်းရည် ပြန်စစ်ဆေးပြီး
မြှင့်တင်ပေးဖို့ လိုပါတယ်။ ကြိုးဖုန်းလိုင်းတွေကို ကောင်းအောင်၊
အင်တာနက်လိုင်းတွေကောင်းအောင် ပြုပြင်ပေးဖို့ လိုပါတယ်။ ခုအချိန်ကတည်းက
ဒီလိုသုံးစွဲသူ ပြည်သူတွေအပေါ် စေတနာ ပြသမှု မရှိဘူးဆိုရင်လာမယ့်
ပြိုင်ပွဲမှာ အောင်မြင်မှုရနိုင်မှာ မဟုတ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
Mizzima - News in Burmese
0 comments:
Post a Comment