Tuesday, July 29, 2014

သဲကုန်းမှာ ရေကြီးလို့ လူငယ်တဦးသေဆုံး

Leave a Comment
သဲကုန်းမှာ ရေကြီးလို့ လူငယ်တဦးသေဆုံး
************************************************

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက်ပိုင်း ပဲခူးတိုင်း သဲကုန်းမြို့အဝင်က သဲကုန်းကြီးချောင်းတလျှောက် ရေလျှံမှုတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နောက်ဆက်တွဲကတော့... ချောင်းရေလျှံစဉ်အချိန် လူတဦး မျှောပါသေဆုံးခြင်း၊
သဲကုန်းချောင်းကြီးတံတားကျိုးခြင်း၊ ချောင်းရေလမ်းကြောင်းပြောင်းခြင်း
ကျားပင်းမင်းလှကျေးရွာနဲ့ ရွာထောင်ကုန်းကျေးရွာက လယ်မြေဧက (၆၀) ကျော်နဲ့
စပါးပျိုးခင်းတွေ ပျက်ဆီးဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ခဲ့ရပါတယ်။

လယ်ယာမြေပျက်စီးသွားတဲ့ ကျားပင်းမင်းလှကျေးရွာက လယ်သမား ဦးမြင့်မောင်က...
“ချောင်းက ရေလမ်းကြောင်းပြောင်းပြီး၊ ကျနော်တို့ လယ်တွေထဲ တာကျိုးပြီးဝင်လာတော့ စိုက်ခင်းတွေ အကုန်းပျက်ပြီဗျာ။
အခုချိန်အထိ ဘယ်တာဝန်ရှိလူကြီးကမှ လာမေးတာ မြန်းတာလည်း မလုပ်ဘူး၊
ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပါဘူး”

အဲဒီနေ့က မိုးရွာသွန်းမှုများပြီး သဲကုန်းကြီးချောင်းတံတား ကျိုးခဲ့သလို၊
အသက် (၂၀) အရွယ် အမျိုးသား လူငယ်တဦး ချောင်းတွင်းမျောပါသေဆုံးခဲ့ကြောင်း သဲကုန်းမြို့ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီကိုပြောပါတယ်။

“အဲဒီနေ့က ချောင်းအထက်ဘက်ကရွာက ညီအကို နှစ်ယောက်ချောင်းဖြတ်ကူးတာ၊
အကိုဖြစ်သူက ညီကိုလှမ်းတားတာ မမှီတော့ပဲ ပုဆိုးပဲ လက်ထဲရလိုက်တယ်။
ချောင်းရေနဲ့ မျောပါပြီး၊ ကျိုးကျတဲ့ တံတားနားမှာ အလောင်းက လာပေါ်တယ်။
အသက် (၂၀) အရွယ် ကောင်းလေးတယောက်ပါ”

သဲကုန်းကြီးချောင်းတံတား ပြုပြင်မွန်းမံရာမှ တောင်းသူများမြေဖို့ထားတဲ့ တာရိုးဘောင်မှ မြေသားတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖယ်ရှားခံခဲ့ရလို့ အခုလို မိုးများ၊ ရေလျှံချိန်မှာ
တာရိုးဘောင်မှ ရေမထိန်းနိုင်တဲ့အတွက် ချောင်းရေစီးကြောင်းပြောင်းသွားတယ်၊ လယ်ယာမြေများ ပျက်ဆီးဆုံးရှုံးရတယ်လို့ ရွာထောင်ကုန်းကျေးရွာက လယ်သမားဦးမျိုးသန့်က ဧရာဝတီကိုပြောပါတယ်။

ဒီဖြစ်ရပ်အတွက် သူက အစိုးရရဲ့ဆောက်လုပ်ရေးဌာနမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

“မနှစ်က သီတင်းကျွတ်က သဲကုန်းမြို့နယ် ဆောက်လုပ်ရေးဌာနက ကျနော်တို့တာဘောင်မြေတွေကို လာဖဲ့တယ်။
ဒါကိုဖဲ့ရင် မိုးတွင်းဆိုရင် ရေတိုက်စားပြီး လယ်တွေပျက်စီးမယ်လို့ ကျနော်တို့ အတန်တန်ပြောတဲ့အထဲက လုပ်သွားတာ အခု သူတို့ဘာမှတာဝန်မယူဘူး၊
မဖြစ်ပါဘူး မဖြစ်ပါဘူးဆိုပြီး အခုလိုဖြစ်တော့ မသိချင်ယောင်ဆောင်နေတယ်။
ဒုက္ခရောက်တာ ကျနော်တို့ လယ်သမားတွေပဲ”

ဒီအတောအတွင်း ပျက်နေတဲ့ တံတားကိုလာရောက်ပြင်ဆင်နေတာကတော့ သဲကုန်းမြို့နယ် ဆောက်လုပ်ရေးက တာဝန်ခံအင်ဂျင်နီယာပါ။

တံတားကျိုးပြီး လယ်ယာမြေများပျက်စီးခဲ့တယ် ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာ ၎င်းက ဖြေဆိုရန် ငြင်းပယ်ခဲ့ပါတယ်။

သဲကုန်းကြီးချောင်းမှာ ရေလမ်းကြောင်းပြောင်း စီးဆင်းနေသည့်အတွက် လယ်ဧက (၆၀) ကျော်မှာ သေမြေများဖုံးလွှမ်းပြီး စိုက်ပျိုးထားသည့် စပါးခင်းများနှင့် စပါးပျိုးခင်းတွေ ပျက်ခဲ့ရပြီး ရွာထောင်ကုန်းကျေးရွာက တောင်သူအများစု ဒုက္ခကြုံတွေ နေရကြောင်း သိရပါတယ်။

ကောင်းမြတ်မင်း


ဧရာဝတီ Facebook / ဧရာဝတီ Twitter


0 comments:

Post a Comment

Facebook Like Page