ပြည်မြို့တွင်
အာဇာနည်နေ့၌ မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်တည်ရှိရာနေရာ
အပါအ၀င် အခြား အထိမ်းအမှတ်နေရာများတွင် ပန်းခွေချခြင်းအပါအ၀င်
စီတန်းလှည့်လည်ခြင်းများ ပြုလုပ်သွားပါက တည်ဆဲ ဥပဒေများအရ အရေးယူသွားမည်ဟု
မြို့နယ်အုပ်ချုပ်ရေးအဆင့်မှ ဇူလိုင်လ(၁၇)ရက်နေ့တွင် အရေးပေါ် အမိန့်ထုတ်၍
တားမြစ်လိုက်သည်။
“အဓိကကတော့
ဒေသန္တရအမိန့်ဆိုတော့ တားမြစ်ချက်ပါ။ ကျွန်တော်တို့ ရပ်ကွက်ရုံးတွေကနေတဆင့်
အများ ပြည်သူသိအောင် ဖြန့်ဝေထားပြီးပါပြီ။
စာထဲမှာလည်းပါပါတယ်။တားမြစ်ချက်တွေကို ဖောက်ဖျက်တဲ့သူတွေကို တည်ဆဲဥပဒေတွေအရ
အရေးယူသွားမှာပါ။”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ကပြောသည်။
ပြည်မြို့နယ်အတွင်း
မည်သည့်အနေရာတွင်မဆို အများပြည်သူ စိတ်ငြိုငြင်စေမည့် အနှောက်အယှက်
ဖြစ်စေသည့် လုပ်ငန်းများလုပ်ဆောင်ခြင်းမပြုရန်၊ အာဇာနည်နေ့တွင်
ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု၊ မြို့တော် ခန်းမ အပါအ၀င် အများပြည်သူ
အပန်းဖြေရာ ပန်းခြံများအထိမ်းအမှတ်နေရာများနှင့် သတ်မှတ်ထားခြင်း
မရှိသောနေရာများတွင် ပန်းခွေ၊ ပန်းခြင်းချခြင်းနှင့်
စီတန်းလှည့်လည်ခြင်းများ တားမြစ်ထားပြီး ပြုလုပ်ပါက တည်ဆဲဥပဒေများအရ
အရေးယူခံရမည်ဖြစ်ကြောင်း ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး
ဦးအောင်အောင် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“သူတို့ကအမိန့်တွေပဲ
ထုတ်ထုတ် တားမြစ်ချက်တွေပဲထုတ်ထုတ် ကျွန်တော်တို့ကတော့ အစဉ်အလာ အတိုင်းပဲ
ဆက်လုပ်သွားမယ်။ တရားစွဲမယ်ဆိုလည်းစွဲ အာဇာနည်မှာ
အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတာသူတို့ကို အာဏာဖီဆန်တာ မဟုတ်ဘူး။
ဘယ်သူ့ အကျိုးစီးပွားမှ မထိခိုက်ဘူး။”ဟု
ယခင်နှစ် အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုရှေ့တွင်
ပန်းခွေချခြင်းကြောင့် ပုဒ်မ(၁၈၈)ဖြင့် အရေးယူခံရသူ ကိုသိန်းမင်းထွန်းက
ပြောသည်။
အာဇာနည်နေ့တွင်
ပြည်မြို့တွင်းရှိ နိုင်ငံရေးပါတီများ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့်
အခြား တက်ကြွ လှုပ်ရှားသူများ မြို့ခံများမှလည်း အာဇာနည်နေ့အခမ်းအနားများ
ပြုလုပ်ရန်ပြင်ဆင်လျှက်ရှိကြောင်းနှင့် ပြည်မြို့ အတွင်း အာဇာနည်များနှင့်
ပတ်သတ်သည့် အထိမ်းအမှတ် အဆောက်အဦများ ကျောက်တိုင်များ မရှိသည့် အတွက်
ယခင်အစိုးရလက်ထက်က ကျင်းပပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး
ကျောက်ရုပ်တွင် ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများက
ပြောဆိုသည်။
ယခင်နှစ်ကလည်း
အာဇာနည်နေ့တွင် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း
ကျောက်ရုပ်တည်ရှိရာနေရာတွင် ပန်းခွေချခြင်း၊
အခမ်းအနားများပြုလုပ်ခြင်းများကို မြို့နယ် အုပ်ချုပ်ရေးအဆင့်မှ
အရေးပေါ်အမိန့်ထုတ်၍ တားမြစ်ခဲ့သော်လည်းထောင်နှင့်ချီသော မြို့ခံလူထုမှ
ပန်းများကို အလှဆင်ပြီးဂါရဝပြုခြင်းများ၊ ကဗျာရွတ်ခြင်း များနှင့်
ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်းများ
ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သီဟလွင် - ပြည် (မြစ်မခ)
0 comments:
Post a Comment