Sunday, June 29, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားကြောင်း ကိုမင်းကိုနိုင်ဟောပြော ပြည့်သဲမောင်(ပြည်)

Leave a Comment






ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် စစ်တပ်က အာဏာသိမ်းထားကြောင်း ကိုမင်းကိုနိုင်ဟောပြော

ပြည့်သဲမောင်(ပြည်)

စစ်တပ်ကအာဏာသိမ်းထားကြောင်း  ပြည်မြို့တွင် ဇွန်လ၂၉ရက်က ပြုလုပ်သည့်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၃၆ပြင်ဆင်ရေး ဟောပြောပွဲတွင်
(၈၈)မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်
ကိုမင်းကိုနိုင်က ဟောပြောခဲ့သည်။

" တိုင်းသူပြည်သားတွေလည်းသိတယ်။ စစ်တပ်က ၁၉၆၂  ၁၉၈၈ မှာ
လက်နက်နဲ့အာဏာသိမ်းတယ်။ အခုကျတော့လက်နက်နဲ့မဟုတ်တော့ဘူး။ အခြေခံဥပဒေနဲ့
အာဏာသိမ်းထားတယ်" ဟုကိုမင်းကိုနိုင်ကဆိုသည်။
ဖွဲစည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည်စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး
ရက်ကွက်ကျေးရွာ မြို့နယ် ခရိုင် တိုင်း ပြည်ထောင်စုအဆင့် ထွေအုပ်များသည်
ပြည်ထဲရေးဝန်ကြီးဌါန၏ လက်အောက်တွင်ရှိသည့်အတွက် စစ်တပ်ကပြည်သူလူထုကို
တိုက်ရိုက်အုပ်ချုပ်နေသကဲ့သို့ ဖြစ်နေကြောင်းလည်း
၎င်းကထောက်ပြဟောပြောသည်။

"ပြည်သူတွေနဲ့တိုက်ရိုက် ဆက်ဆံနေရတဲ့ ထွေအုပ်တွေက အဘကမကြိုက်တာကို
မလုပ်ရဲဘူးဖြစ်နေတယ်။ ပြည်သူတွေနဲ့မျက်နှာချင်းဆိုင်ရင်
ဘယ်ဘက်ကရပ်မလဲဆိုတာ အင်မတန်ထင်ရှားတယ်" ဟု၎င်းကဆိုသည်
 ယင်းအခြေခံဥပဒေကိုပြင်ရန် ပြည်သူအားလုံးသဘောတူသော်လည်း ပုဒ်မ၄၃၆ အရ
စစ်တပ်သဘောမတူပါက ပြင်ဆင်ရန်ခဲယာဉ်းကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
၁၉၅၃ တပ်မတော်ကာကွယ်ရေး ဥပဒေအရ တပ်မတော်သားများ နှင့် ပတ်သတ်သည့် လူသတ်
လူသေ မဒိန်းမှုများ တရားရုံးများတွင် တရားဆွဲဆိုကာ
နိုင်ငံတော်ဗဟိုတရားရုံးချုပ်အထိ အဆင့်ဆင့် တက်ရောက်နိုင်သော်လည်း
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည်
အတည်ဖြစ်သည့်အတွက် ပြည်သူလူထုများစွာနစ်နာရကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးကဟောပြောသည်။

ထို့ပြင် "လွှတ်တော်က စစ်တပ်ကို အမြဲတမ်းလွှမ်းမိုး
နိုင်ရမယ်။ဒါဟာဒီမိုကရေစီရဲ့မူဘဲ။
ဒီမှာကြည့်ရင်ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ဟာအားလုံးပေါင်းဆယ့်တစ်ယောက်ရှိတယ်။ခြောက်ယောက်သောပုဂ္ဂိုလ်တွေကသူတို့စိတ်တိုင်းကျထည့်ထားတာ"
ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးကဆိုသည်။
အဆိုပါဟောပြောပွဲကို ထိုနေ့မနက်(၉)နာရီက ပြည်မြို့ခေတ္တရာမြို့သစ်
လေးထပ်ပြင်ကွင်းတွင် ပြုလုပ်ခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦး ၊
(၈၈)မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်
ကိုမင်းကိုနိုင် နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဥပဒေပညာရှင်
ဦးဌေးဦး (စိန်ကျွန်း) တို့ကဟောပြောခဲ့ရာ မြို့ခံလူထုသုံးထောင်ကျော်
တက်ရောက်ခဲ့သည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page