Thursday, June 12, 2014

သိမ်းဆည်းလယ်မြေပေါ် မူလလယ်ပိုင်ရှင်များ ၀င်ရောက်ထွန်ယက် ရေခဲ(ပြည်)

Leave a Comment
သိမ်းဆည်းလယ်မြေပေါ် မူလလယ်ပိုင်ရှင်များ ၀င်ရောက်ထွန်ယက်
ရေခဲ(ပြည်)



ပြည်၊ ဇွန် ၁၂
ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိမ်းဆည်းထားသည့် ပြည်မြို့လေယာဉ်ကွင်းအနီး ရွှေတံခါးကွင်း အမှတ် ၇၄၄ (ဗ)ရှိ လယ်ယာမြေ (၁၀) ဧကပေါ်တွင် မူလလယ်ပိုင်ရှင်လယ်သမား ဦးကျင်ဟန်က ဇွန် ၁၂ ရက်တွင် လယ်ထွန်စက်တစ်စီးနွား ၇ ရှဉ်းဖြင့် ၀င်ရောက်ထွန်ယက်ခဲ့သည်။
ပြည်လေယာဉ်ကွင်းစီမံကိန်းနှင့် မလွတ်ဟုဆိုကာ ပြည်ခရိုင်ထွေအုပ်ရုံးမှ ၁၉၉၄ ခုနှစ်တွင် သိမ်းဆည်း ထားသော လယ်ယာမြေဧက(၄၀)ကျော်အနက် လယ်ယာမြေ(၁၀)ဧကကို သိမ်းဆည်းခံရသူ လယ်သမား ဦးကျင်ဟန်က မိုးစပါးစိုက်ပျိုးရန် ထွန်ယက်ခြင်းဖြစ်သည်။
“ဒီနှစ်တော့ ဆယ်ဧကလုံးစိုက်မှာ။ သုံးရက်လောက်တော့ထွန်ရမယ်။ မနှစ်က စိုက်ထားတဲ့ စပါးတွေခရိုင် ထွေအုပ်ရုံးကဖျက်ပြီး လယ်ဝင်ထွန်တယ်”ဟု ဦးကျင်ဟန်က ဆိုသည်။
ယခင်နှစ် မိုးစပါးစိုက်ရာသီတွင် လယ်(၅)ဧက ထွန်ယက်ခဲ့ရာ စပါးပင်တစ်ပေခွဲအမြင့် နှစ်လခွဲသား အ ရွယ်တွင် ပြည်ခရိုင်ထွေအုပ်ရုံးက ၀င်ရောက်ဖျက်စီးခဲ့သဖြင့် မျိုးစပါးနှင့် စိုက်ပျိုးစရိတ် စုစုပေါင်းတန်ဘိုး ကျပ် (၃) သိန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု ၎င်းကပြောသည်။
ပြည်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးက “ရုံးကမနှစ်ကစိုက်ရင် ဒီနှစ်လည်း စိုက်မှာ ပေါ့” ဟု မဇ္ဈိမကို ပြောသည်။
ထိုသို့ဆုံးရှုံးခဲ့သဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)သို့ တိုင်တန်းခဲ့ရာ ဖေဖော်ဝါရီ (၆)ရက်တွင် ယင်းအဖွဲ့အစည်းမှလာရောက်စစ်ဆေးခဲ့သည်ဟု လယ်သမားကြီး ဦးကျင်ဟန်က ပြော သည်။
၎င်းလယ်မြေများသည် ၂၀၁၃ ခုနှစ်အထိ ဦးပိုင်ပြေစာပေါက်မြေများဖြစ်ပြီး နှစ်စဉ်စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ယူရပြီး သိမ်းဆည်းစဉ်အခါက နစ်နာကြေးတစ်စုံတစ်ရာမပေးခဲ့ပေ။
အဆိုပါလယ်မြေများကို ခရိုင်ထွေအုပ်ရုံးမှ အမည်ပေါက်လျှောက်ထားခဲ့ရာ ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ ၂၇ ရက်တွင် ခရိုင်ထွေအုပ်ရုံးအမည်ဖြင့် လယ်ယာမြေပိုင်ဆိုင်မှုပုံစံ ၇ ချထားခဲ့သည်​။


0 comments:

Post a Comment

Facebook Like Page