Sunday, May 25, 2014

ခရိုင်ထွေအုပ်ရုံးအမည်ပေါက် ဖြစ်နေသည့် လယ်မြေများကို မူလပိုင်ရှင်များ ၀င်ရောက်ထွန်ယက် ရေခဲ(ပြည်)

Leave a Comment
ခရိုင်ထွေအုပ်ရုံးအမည်ပေါက် ဖြစ်နေသည့် လယ်မြေများကို မူလပိုင်ရှင်များ ၀င်ရောက်ထွန်ယက်
ရေခဲ(ပြည်)

ပြည်၊ မေ ၂၅
ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမည်ပေါက်ယူကာ သိမ်းဆည်းထားသည့် လယ်မြေများ ပြန်မ ပေးသည့်အတွက် ပဲခူးတိုင်း၊ ပြည်မြို့နယ်မှ မူလ လယ်ပိုင်ရှင် လယ်သမားလေးဦးက ယင်း လယ်မြေများ တွင် မိုးစပါးစိုက်ပျိုးရန် မေလ ၂၅ ရက်တွင် လယ်ထွန်စက်ဖြင့် ၀င်ရောက် ထွန်ယက်လိုက်သည်။
“လယ်ထဲမဆင်းပါနဲ့လို့ နှစ်တိုင်းတားတယ်။ ကျွန်တော်တို့ ဒီနေ့ကစပြီး သုံးရက်ဆက်တိုက် ထွန်မှာ” ဟု မူလလယ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမင်းသူက ပြောသည်။
ပြည်လေယာဉ်ကွင်း စီမံကိန်းနှင့် မလွတ်ကင်းဟုဆိုကာ ပြည်ခရိုင်အုပ်ချုပ်ရေးဦးစီးမှ ၁၉၉၄ ခုနှစ်တွင် သိမ်းယူခဲ့ပြီး ရွှေတံခါးကွင်းအမှတ် ၇၄၄ (ဗ) ရှိ လယ် ဧက ၄၀ ကျော်ကို မူလလယ်ပိုင်ရှင် ဒေါ်မြင့်သူဇာ၊ ဦးမင်းသူ၊ ဦးကျော်ဇင်လတ် နှင့် ဦးခင်မောင်ဝင်းတို့က ၀င်ရောက် ထွန်ယက်ခြင်းဖြစ်သည်။
ခရိုင်ထွေအုပ်ရုံးသည် ဒေါ်မြင့်သူဇာ အား သူမပိုင်ဆိုင်သည့် လယ် ၃ ဒသမ ၅ ဧက ကို သီးစားပြန်ချပေး ခဲ့သော်လည်း ဦးကျော်ဇင်သက်နှင့် ဦးခင်မောင်ဝင်း၏ လယ်မြေများကို အခြားစီးပွားရေးလုပ်ငန်း ရှင်တစ် ဦးထံ သီးစားချထားခဲ့ပြီး ဦးမင်းသူ ၏ လယ်မြေများကို မည်သူမှ မစိုက်ရန် တားမြစ်ထားခဲ့ကြောင်း လယ် သမားများက ပြောသည်။
၂၀၁၃ ခုနှစ်တွင် လယ်သမားများက ပုံစံ(၁) ပြန်လည်လျှောက်ထားခြင်း၊ ထွန်တုံးတိုက်ပွဲဆင်နွှဲခြင်းများ ပြုလုပ်ခဲ့ရာ ခရိုင်ထွေအုပ်ရုံးမှ ကိုမင်းသူ၏ လယ်မြေများကို ၀င်ရောက်ဖျက်ဆီးခဲ့ပြီး အသစ်စိုက် ပျိုးခြင်း များပြုလုပ်ခဲ့သည်ဟု လယ်ပိုင်ရှင် ဦးမင်းသူက ပြောသည်။
အဆိုပါလယ်မြေများသည် ၂၀၁၃ ခုနှစ်အထိ လယ်သမားများအမည်ပေါက် ဦးပိုင်ပြေစာ ရှိနေသည့်အပြင် စိုက်ပျိုး စရိတ်ချေးငွေလည်းရရှိနေပြီး သိမ်းဆည်းစဉ်အခါကလည်း နစ်နာကြေး တစ်စုံတစ်ရာ မပေးခဲ့ကြောင်း လယ်သမားများက ပြောသည်။
မူလပိုင်ရှင်များ၏ ပြောကြားချက်အရ လယ်မြေအငြင်းပွားမှုများရှိသဖြင့် သီးစားလုပ်ကိုင်သူ စီးပွားရေး လုပ်ငန်းရှင်မှ ဆက်လက်လုပ်ကိုင်ခြင်းမပြုတော့သော်လည်း ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ၂၇ ရက်တွင် ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးငြိမ်းက အမည်ပေါက် ပုံစံ(၇) ပြောင်းလဲ လျှောက်ထားရာ ခရိုင် အထွေ ထွေ အုပ်ချုပ်ရေးမှူးရုံး အမည်ပေါက် ကျထားပြီးဖြစ်သည်။
၎င်းလယ်မြေများနှင့် ပတ်သက်ပြီး ပြည်ခရိုင်ထွေအုပ်ရုံးမှ ဒေါ်အေးအေးငြိမ်းအား ဆက်သွယ်မေးမြန်းရာ “ရုံးကိုယ်စားပြု အနေနဲ့ လျှောက်ရတာ။ ဌာနနာမည်ပေါက်တယ်။ မြေစာရင်းရုံးမှာရှိတယ်။ မြင့်သူဇာ ကို အကုန်ပြောပြီးပြီ” ဟု ပြန်လည်ဖြေကြားသည်။ ၂၀၁၃ ခုနှစ်တွင် ခရိုင်ထွေအုပ် အမည်ပေါက်သွား ရခြင်း နှင့် ပတ်သက်ပြီး မေးမြန်းသော်လည်း ခုနှစ်ရက်စွဲကို မမှတ်မိကြောင်း မြေစာရင်းရုံးတွင် သွားကြည့်နိုင် ကြောင်း ၎င်းကဆက်ပြောသည်။

သတင်း........ရေခဲ(ပြည်)
တင်ဆက်သူ....ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page