ပဲခူးတိုင်းအတွင်း မြို့နယ်လေးမြို့နယ်တွင် ADSL အင်တာနက်လိုင်းချပေးမည်
The Bago Voice
ပဲခူး၊ ဖေဖော်ဝါရီ ၁၂။
ပဲခူးတိုင်းအရှေ့ခြမ်းမှ ဖြူး၊ ညောင်လေးပင်မြို့နယ်တို့နှင့် အနောက်ခြမ်းမှ သာယာဝတီနှင့် လက်ပံတန်းမြို့တို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL အင်တာနက်လိုင်း ဝန်ဆောင်မှုပေးတော့မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းမန်နေဂျာ ဦးနိုင်ကိုကိုက အတည်ပြု ပြောကြားသည်။
ပဲခူးတိုင်အတွင်း ယင်းလေးမြို့နယ်တွင် ADSL အင်တာနက်လိုင်းများကို ပထမဆုံးချထားပေးခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးမှ ဝန်ဆောင်မှုတိုးမြှင့်ပေးခြင်းဖြစ်ကြောင်း၊ လိုအပ်သည့် စက်ပစ္စည်းတပ်ဆင်မှုများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း တည်ဆောက်မည်ဖြစ်ရာ ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ပဲခူးတိုင်းထဲမှာက ADSL သုံးလို့ရတာ ပဲခူးရယ်၊ ပြည်ရယ်၊ တောင်ငူရယ်ပဲရှိသေးတယ်” ဟုဦးနိုင်ကိုကိုက ပြောသည်။
လက်ရှိအချိန်တွင် အင်တာနက်သုံးစွဲနိုင်ရန် စကိုင်းနက် MPSဖြင့်သာ ချိတ်ဆက်ထားနေရပြီး မြန်မာ့ဆက်သွယ်ရေးမှ ADSL လိုင်းများ ချထားပေးမည်ဆိုပါက ပို၍အဆင်ပြေမည်ဖြစ်ကြောင်း၊ လိုင်းနှစ်လိုင်း ဖြင့်ဝန်ဆောင်မှုပေးပါက သုံးစွဲသူများအတွက် ပို၍အဆင်ပြေမည်ဖြစ်ကြောင်း ညောင်လေးပင်မြို့တွင် အင်တာနက်ဆိုင်ဖွင့်ထားသူ တစ်ဦးကဆိုသည်။
“ADSL ကဈေးနှုန်းကတော့သက်သာတယ်။ လိုင်းကောင်းဖို့ပဲမျှော်လင့်ပါတယ်” ဟု၎င်းကဆိုသည်။
ပဲခူးမြို့တွင်လည်း ADSL အင်တာနက်လိုင်းချထားပေးမှုမှာ အရည်အတွက်ပြည့်သွားပြီးဖြစ်သောကြောင့် ပဲခူးမြို့ရှိ ပဲခူးမြို့မ အိတ်ချိန်းရုံးနှင့် ဥဿာအိတ်ချိန်းရုံးတို့တွင် ADSL Portများထပ်မံ တိုးမြှင့်တပ်ဆင်သွားမည် ဖြစ်ပြီး ယင်းသို့တပ်ဆင်ပြီးမှသာ ADSLလိုင်းများ ထပ်မံချထားပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဆက်သွယ်ရေးမန်နေဂျာရုံးမှ မန်နေဂျာဦးနိုင်ကိုကိုက ဆိုသည်။
ပဲခူးမြို့တွင် ADSL အင်တာနက်လိုင်းချထားပေးမှုမှာ ပဲခူးမြို့မ အိတ်ချိန်းရုံးမှ ၁၄၀လိုင်းနှင့် ဥဿာအိတ်ချိန်းရုံးမှ ၂၄လိုင်းချထားပေးပြီးဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဆက်သွယ်ရေးမန်နေဂျာရုံးမှ သိရသည်။
(ပဲခူးအသံ ဂျာနယ် အတွဲ ၁၊ အမှတ် ၁)

0 comments:
Post a Comment