Wednesday, February 5, 2014

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ဆံတော်နယ်မြေ အတွင်းရှိ သရေခေတ္တရာခေတ် ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းဘုရားကြီး(သမိုင်းအကျဉ်း)

Leave a Comment






ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ဆံတော်နယ်မြေ အတွင်းရှိ သရေခေတ္တရာခေတ် ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းဘုရားကြီး(သမိုင်းအကျဉ်း)
******************************************************************************************************

သတင်းတင်ပြသူအမှာစာ...
ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းသမိုင်ဝင် ရွှေသာလျှောင်းရုပ်ပွားတော်မြတ်ကြီး (၃)ဆူရှိပါသည်။ နှစ်ဆူက ပဲခူးမြို့ မှ ရွှေသာလျှောင်းရုပ်ပွားတော်မြတ်ကြီး
ဖြစ်ပြီး ယခုတင်ပြမည့် ရုပ်ပွားတော်မြတ်ကတော့ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက်အတွင်းမှာ တည်ထားကိုးကွယ်ခဲ့
သော ပြည်မြို့က ရွှေသာလျှောင်းရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။......ကိုကျော်ဝင်းခိုင်(ပြည်သတင်းလူငယ် + ပြည်သတင်း)

သရေခေတ္တရာခေတ် ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းဘုရားကြီး(သမိုင်းအကျဉ်း)
*******************************************************

ဒွတ္တပေါင်မင်းကြီး၏ သားတော်ရဟန္တာအရှင်သူမြတ်(၂)ပါး ဦးဆောင်ပြီး ဒွတ္တပေါင်မင်းကြီး နှင့်တကွ ရဟန်းရှင်ပြည်သူများသည် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီ
တော်မြတ်ကြီးကို ဒုတိယမြောက် ဒါယကာအဖြစ် သာသနာတော်နှစ်(၁၂၆)ခုနှစ် တပေါင်းလပြည့်နေ့တွင် ပြန်လည်အသစ်တည်ထားကိုးကွယ်ခဲ့တော်မှုခဲ့ပါတယ်။ ထိုသို့
လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ်ပြီးနောက်တွင် ဒွတ္တပေါင်မင်းကြီးသည် သာသနာတော်နှစ်(၁၂၇)ခုနှစ် တပေါင်းလတွင် သားတော်
ရဟန္တာအရှင်သူမြတ်(၂)ပါးဖြစ်သော အရှင်စန္ဒာသီရိ နှင့် အရှင်စန္ဒာဂရာဇ်တို့မှ ပင့်ဆောင်ပေးအပ်ထားသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်များကို ဌာပနာသွင်းတော်မှု၍
၁။ကိုးဆူသော ဘုရားကို တည်တော်မှု၏။
၂။ကိုးလုံးသော သိမ်ကိုလည်း တည်တော်မှု၏။
၃။ကန်ကိုးကန် ကိုလည်းပြုတော်မှု၏။
၎။ဥမှင်ကိုးခုကိုလည်း ပြုတော်မှု၏။
၅။ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တောင်ရံကိုးလုံးတို့တွင်လည်းကောင်း၊ ကိုးဆူသောစေတီတော်ကို တည်ထားတော်မှု၏။

ဤသို့ ကုန်းကိုးကုန်းတွင် ဘုရားတည်ထားရာတွင် သုဝဏ္ဏပထ၀ီကုန်းတော်၌ ရွှေသာလျှောင်းရုပ်ပွားတော်မြတ်ကြီးကို တည်ထားစေပြီး ကျန်ကုန်းရှစ်ကုန်းတွင်တော့ စေတီပုထိုးများ
ကိုသာတည်သာ တည်ထားခဲ့ပေသည်။ သို့ပါ၍ ရွှေသာလျှောင်းရုပ်ပွာတော်မြတ်ကြီး၏ ပထမဒါယကာမှာ သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီးဖြစ်ပြီး သာသနာတော်နှစ်(၁၂၇)ခုနှစ်
တပေါင်းလတွင် တည်ထားကိုးကွယ်ခဲ့သည့် သရေခေတ္တရာခေတ် ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပါသည်။

ဒုတိယဒါယကာ(ပုဂံခေတ်)
******************
ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းဘုရားကြီး ၏ဒုတိယ ဒါယကာမှာ ပြည်ဘုရင် သီဟသူ(သတိုးသီဟဓမ္မရာဇာ) ဖြစ်ပါတယ်။ သီဟသူမင်းသည် သရေခေတ္တရာပြည်ကြီး ပျက်သုဉ်း
ပြီးနောက် ပုဂံပြည်ကြီးကို စတင်တည်ထောင်သော ပထမဦးဆုံး ပုဂံပြည့်ရှင် သမုဒ္ဒရာဇ်မင်း ၏ခွင့်ပြုချက်ဖြင့် ပြည်ထီးနန်းကို စိုးစံတော် ပြည်ဘုရင်ဖြစ်၏။ ထိုပြည်ဘုရင် သီဟသူသည်
သာသနာနှစ်(၅၈၁)ခုနှစ် တပိုတွဲလတွင် ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းဘုရားကြီး ကိုထပ်မံပြုပြင်မွမ်းမံတည်ထားကိုးကွယ်တော်မှုခဲ့ပါတယ်။

တတိယဒါယကာ(အင်းဝခေတ်)
********************
ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းဘုရားကြီး၏ တတိယ ဒါယကာမှာ ဆင်ဖြူများရှင် ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ညီတော်ဖြစ်သူ ပြည်ဘုရင် သတိုးဓမ္မရာဇာမင်းသည် သက္ကရာဇ်
(၃၃၄)ခုနှစ်တွင် ထပ်မံပြုပြင် မွမ်းမံတည်ထားကိုးကွယ်ခဲ့ပါတယ်။

ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းရုပ်ရှင်တော်မြတ်ဘုရားကြီး၏ ရှေးခေတ်ဟောင်းမှ ယနေ့အထိတိုင် ဥာဏ်တော်စသည့် အချိုးအစားများမှာ......

၁။ အလျားဥာဏ်တော်  (၄၉ ပေx ၁ လက်မ)
၂။ အမြင့်   (၁၄ ပေx ၃ လက်မ)
၃။ ရောင်လျှံတော်    (၅ ပေx ၃ လက်မ)
၎။ မျက်နှာတော်        (၆ ပေx ၃ လက်မ)
၅။ လည်တိုင်တော်   (၆ ပေ)
၆။ ပုခုံးတော် မှ ခါးတော်အထိ  (၁၁ ပေx ၉ လက်မ)
၇။ ခါးတော် မှ ဒူးတော်အထိ   (၁၂ ပေx ၁၁ လက်မ)
၈။ ဒူးတော် မှ ခြေဖ၀ါးတော်အထိ  (၁၅ ပေx ၈ လက်မ)
၉။ နားတော်  (၇ ပေx ၂ လက်မ)
၁၀။ မျက်ခုံးတော်  (၃ ပေ)
၁၁။ မျက်လုံးတော်  (၂ ပေx ၅ လက်မ နဲ့ ၆ စိတ်)
၁၂။ နှာတံတော်  (၄ ပေx ၁ လက်မ)
၁၃။ နှုတ်ခမ်းတော်  (၂ ပေx ၅ လက်မ နဲ့ ၄ စိတ်)
၁၄။ လက်သန်းတော်  (၅ ပေx ၅ လက်မ)
၁၅။ တထောင်ဆစ် မှ လက်ဖျားတော်အထိ (၁၄ ပေx ၂ လက်မ)
၁၆။ ခြေဖ၀ါးတော်  (၃ ပေx ၁၀ လက်မ နဲ့ ၈ စိတ်)
၁၇။ လက်ဖ၀ါးတော် (၄ ပေ)
၁၈။ ခြေမတော်  (၁ ပေ) အထိရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းရုပ်ရှင်တော်မြတ်ဘုရားကြီး၏ ရှေးခေတ်ဟောင်းမှ ယနေ့အထိတိုင် ဥာဏ်တော်စသည့် အချိုးအစားများ
ဖြစ်ပါတယ်။

စတုထ္ထဒါယကာ(ကုန်းဘောင်ခေတ်)
***********************
ဘကြီးတော်(စစ်ကိုင်းမင်း)သည် သက္ကရာဇ်(၁၁၈၁)ခုနှစ်တွင် ကုန်းဘောင်ထီးနန်းကို သိမ်းပိုက်တော်မှုပြီးနောက် ပြည်မြို့ သုဝဏ္ဏပထ၀ီကုန်းတော်တွင် ရှေးမင်းအဆက်ဆက် တည်ထားကိုး
ကွယ်တော်မှုခဲ့သော ရွှေသာလျှောင်းရုပ်ရှင်တော်မြတ်ကြီးကို သက္ကရာဇ်(၁၈၅၀)ခုနှစ် တပေါင်းလတွင် ရှေးမင်းကောင်း မင်းမြတ်များတည်ဆောက်ပြုပြင်မွမ်းမံကိုးကွယ်ခဲ့သည့် ဥာဏ်တော်အချိုး
အစားအတိုင်း ထပ်မံပြုပြင်မွမ်းမံ လှူဒါန်းပူဇော်ခဲ့ပါသည်။သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီး မှ အစပြု၍ ကိုးန၀င်းကျေ အဓိဌာန်ပြုကာ ဗုဒ္ဓရှင်တော် မြတ်ဘုရား၏ ဓာတ်တော်(၉)ဆူ
ဌာပနာပြု တည်ထားတော်မှုခဲ့သော ရွှေသာလျှောင်းရုပ်ရှင်တော်မျက်ကြီးကို  ဒွတ္တပေါင်မင်းကြီးနောက်ပိုင်း အဆက်ဆက်သောမင်းများက ပြုပြင်မွမ်းမံလှူဒါန်း ပူဇော်ကိုးကွယ်ခဲ့ကြပါတယ်။
သို့သော် အင်္ဂလိပ် ကိုလိုနီလက်အောက်ကျရောက်ချိန်မှစ၍ ရွှေသာလျှောင်းရုပ်ရှင်တော်မြတ်ကြီးကို ရဟန်းရှင်လူပြည်သူများကသာ ဒါယကာပြုတည်ဆောက်ပြုပြင်မွမ်းမံလာခဲ့သည်မှာ ယနေ့
တိုင်ဖြစ်ပါတယ်။ ယင်းသို့ တည်ဆောက်ပြုပြင်မွမ်းမံရာတွင်လည်း ရှေးမင်းများကုသိုလ်လက်ရာမပျက် ဥာဏ်တော်အချိုးအစားတိုင်း ယနေ့တိုင်အောင် ထိန်းသိမ်းပူဇော်ခဲ့ကြပါတယ်ခင်ဗျာ......
သမိုင်းပြုစုသူ.......ဦးကျော်ဒင်ဟန်(B.A, Dip.Ed.)....အတွင်းရေးမှုး....ရွှေဘုန်းပွင့်စာကြည့် ပိဋကတ်တိုက် နှင့် ယဉ်ကျေးမှုပြတိုက်...ပြည်မြို့...

လက်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းဘုရားကြီး၏ သာသနိကအဆောက်အဦး အဂါင်္နှင့် ပြည့်စုံအောင် ပန်းတောင်၊ပန်းဆွဲ များနှင့် မျက်နှာကျက်များ ၊ အမိုးသွပ်ပြားများအသစ်တဖန်
ပြန်လည်ပြုပြင်မွမ်းမံတပ်ဆင်လျှက်ရှိနေပါပြီ ထို့အပြင် ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းဘုရားကြီး၏ သုဝဏ္ဏပထ၀ီကုန်းတော်ထက်မှာလည်း ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ
လိုအပ်လျှက်နေပါကြောင်း ရပ်ဝေး ရပ်နီးမှ သဒ္ဒါကြည်လင် ပါရမီရှင်သူတော်ကောင်းအပေါင်းတို့မှလည်း သဒ္ဒါတအားနည်းများမဆိုကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ပါတယ်လို့ နိဗ္ဗာန်အကျိုးမျှော်
ပြည်သတင်း မှ တဆင့်နှိုးဆော်အပ်ပါတယ်ခင်ဗျာ..ဆက်သွယ်လှူဒါန်းလိုပါက.....
၁။ ဦးတင်ဝင်း               (ဥက္ကဌ)                                      ၀၉၂၅၀၄၀၅၃၈ရ......
၂။ ဦးအောင်မြင့်            (အတွင်းရေးမှုး)                            ၀၉၃၁၅၉၁၇၁၂...
၃။ ဦးအောင်ဆွေလင်း     (တွဲ/အတွင်းရေးမှုး နှင့် စာရင်းကိုင်)   ၀၉၄၂၃၆၆၅၂၅၁...
၎။ ဦးဝင်းမြင့်                (ဘဏ္ဍာရှာဖွေရေး)                        ၀၅၃ ၂၆၂၇၇...တို့ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။
ရှေးဟောင်းသမိုင်းဝင် ရွှေသာလျှောင်းဘုရားကြီး(ဂေါပကအဖွဲ့)

ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page