Wednesday, February 19, 2014

ပြည်မြို့တွင် လူနာတင် ယာဉ်အတွက် လိုအပ်သော Ambulance Crew Course သင်ကြားပို့ချ

Leave a Comment

ပြည့်သဲမောင်(ပြည်)

အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ရသည့် လူနာများအားစနစ်တကျပံ့ပိုးမှုပေးနိုင်ရန် ပဲခူးတိုင်း ပြည်ခရိုင်ပြည်မြို့ ခေတ္တရာလူငယ် သာရေးနာရေး ကူညီပံ့ပိုးမှု အသင်းရုံးတွင် သင်ကြားလျှက်ရှိသော ရှေးဦးသူနာပြုသင်တန်းတွင် Ambulance Crew Course အားထည့်သွင်း သင်ကြားပေးလျှက်ရှိကြောင်း အဆိုပါ အသင်း အတွင်းရေးမှူး ကိုကျော်သူစိုးမှ ပြောပါသည်။ လူနာတင်ယဉ်တွင် ပါဝင်သော အထောက်အကူပြုပစ္စည်းများကို ယာဉ်မောင်း ယာဉ်နောက်လိုက် သူနာပြုအသုံးပြုနိုင်ရန်၊ လူနာအား စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်စွာ စနစ်ကျသည့် ၀န်ဆောင်မှုပေးနိုင်ရန် ရည် ရွယ်ချက်ဖြင့် ရှေးဦးသူနာပြုသင်တန်းတွင် Ambulance Crew Course ကိုထည့်သွင်း သင်ကြား ခြင်းဖြစ်ကြောင်း ကိုကျော်သူစိုးက ပြောပါသည်။

“ရှေးဦးသူနာပြုသင်တန်းဆိုပေမဲ့ အဓိကရည်ရွယ်တာက Ambulance Crew Course ပါ။ လူနာတင် ယာဉ်မှာ ပစ္စည်းဘယ်လောက်စုံစုံ သုံးနိုင်ဘို့လိုတယ်။ ၀န်ဆောင်မှုပေးမဲ့လူနာအတွက် safety ဖြစ်ဖို့လို မယ်။ လူနာရဲ့လိုအပ်ချက်လေးတွေကို စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်စွာ ပံ့ပိုးပေးနိုင်ဘို့လိုမယ်” ဟုသူက ဆိုသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ ငါးရက်ကြာ သင်တန်းပို့ချမည်ဖြစ်ပြီး ခေတ္တရာလူငယ် သာရေးနာရေးကူညီပံ့ပိုးမှုအသင်း ပီတိအခမဲ့ဆေးခန်းမှ သင်တန်းသား(၂၆) ဦး၊ ပါရမီရှင်ဆေးရုံမှ သင်တန်းသား(၄) ဦး တက်ရောက်သင်ကြားလျှက်ရှိကြောင်း သိရပါသည်။

ထိုသင်တန်းအား မြန်မာနိုင်ငံ ကြက်နီအသင်းဌါနချုပ်နှင့် ပြည်မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းစီ စဉ်မှုဖြင့် ပြည်မြို့တွင် ပထမဆုံး ဖွင့်လှစ်သင်ကြားခြင်းဖြစ်ရာ သင်တန်းမှ အောင်မြင်သူများသည် မြန်မာ နိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ်၏ အမြဲတမ်းအသင်းဝင်ဖြစ်ခွင့် ရရှိမည်ဖြစ်သည်။ ဇန်န၀ါရီလ (၁၉) ရက်က ပီတိအခမဲ့ဆေးခန်းကို အလှူရှင်(၅၇) ဦးကငွေကျပ်(၆၂၇) သိန်း အကုန်အကျခံကာ အထောက်အကူပြုပစ္စည်းစုံပါသည့် လူနာတင်ကားတစ်စီး လှူဒါန်းခဲ့ပြီး အဆိုပါဆေးခန်းတွင် လူနာတင်ကားနှစ်စီးရှိကြောင်း သိရပါသည်။

0 comments:

Post a Comment

Facebook Like Page