Tuesday, October 8, 2013

"Transparency (ပွင့်လင်းမြင်သာမှု)ရှိတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု တောင်းဆိုကြစို့"

Leave a Comment


"Transparency (ပွင့်လင်းမြင်သာမှု)ရှိတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု တောင်းဆိုကြစို့"
ပြည်နဝဒေးတံတားအောက် အပြစ်မဲ့အရပ်သားလူငယ်(၂)ဦး အကြမ်းဖက်လုယက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး (၁-၁၀-၂၀၁၃)ရက်နေ့က သတင်းစာရှင်းလင်းပွဲအမည်ခံ ကြိတ်ဝိုင်းတစ်ခုကို စစ်တပ်နယ်မြေ ဒကစရုံးမှာ ကျင်းပခဲ့ရာမှာ “စစ်သားတွေ ပြစ်မှုကျူးလွန်ခြင်းရှိ/မရှိဆိုတာကို စစ်တပ်အရာရှိတွေက စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး အပြစ်လုံးဝမရှိကြောင်း” တစ်ဖက်သတ် ကောက်ချက်ချပြင်ဆင်ထားတဲ့ powerpointတွေနဲ့ ဇွတ်ပြောနေတာဟာ အရင်စစ်အစိုးရလက်ထက်က နိုင်ငံရေးသမားတွေကို ဖောက်ခွဲရေးသမားတွေလို့ ဂွင်ဆင် ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲတွေလုပ်ခဲ့တာကို ပြန်အမှတ်ရစရာပါ။ အဲဒီပွဲမှာ တစ်ခုပေါ်လွင်သွားတာက စစ်ခုံရုံးအဖွဲ့ဝင် စစ်တပ်အရာရှိတွေဟာ အမှုမှန်ပေါ်ပေါက်ရေးထက် ပြစ်မှုကျူးလွန်သူတွေဟာ စစ်သားတွေမဟုတ်ကြောင်းကို အစကတည်းက ရည်ရွယ်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အချက်ပါပဲ။ ဥပမာ- လည်းပင်းအညှစ်ခံရတဲ့ မအိဇင်မိုးကိုရဲ့ မူလထွက်ဆိုချက်မှာ အရက်နံ့မရဘူးဆိုတဲ့အချက် ကို အသေကိုင်ပြီး စစ်သား(၃)ဦးဟာ ညနေ(၅)နာရီမှာတစ်ကြိမ် အရက်သောက်ပြီး ည(၇း၃၀)နာရီမှာလဲ ဘီယာပုလင်း(၁၀)လုံး သောက်ခဲ့တယ်ဆိုတဲ့အချက်ကို အပီအပြင် ပြောခဲ့တာပါပဲ။ (လည်ပင်းအညှစ်ခံထားရ သူဟာ အရက်နံ့ရနိုင်ချေရှိ/မရှိနဲ့ အရက်အလွန်အကျွံသောက်ထားတဲ့ စစ်သားတွေဟာ လက်ရဲဇက်ရဲ ပြစ်မှု ကျူးလွန်နိုင်ချေပိုများနိုင်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်စဉ်းစားခြင်းမရှိပါဘူး။) နောက်တစ်ခုက- ညနေပိုင်းမှာ အရက်သောက်ထားတဲ့ စစ်သား(၃)ယောက်ဟာ ည(၇း၃၀)နာရီမှာလဲ ဘီယာပုလင်း(၁၀)လုံးထပ်သောက်တယ် ဆိုတော့ တစ်ယောက်ကို ဘီယာ(၆)ခွက်ကျော်ထပ်သောက်တဲ့အခါမှာ နဂိုအမူးခံအရှိန်နဲ့ ည(၉း၀၀)နာရီ တန်းစီချိန်မှာ စစ်ဆေးတော့ သူတို့ရှိနေတယ်တဲ့။ ( မအိဇင်မိုးကိုရဲ့ မူလထွက်ဆိုချက်မှာ အခင်းဖြစ်ပွားချိန်က (၈း၃၀)နာရီလောက်လို့ ခန့်မှန်းပြောတဲ့အချက်ကို အသေကိုင်တာပါ။ သမီးရည်းစား အေးအေးလူလူ စကား ပြောနေချိန်မှာ မမျှော်လင့်ဘဲ အကြမ်းဖက်လုယက်တိုက်ခိုက်ခံရတာကို အချိန်အတိအကျ ပြောနိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အချက်ကို ဆင်ခြင်စဉ်းစားခြင်းမရှိပါဘူး။) နောက်တစ်ချက်က- ထွက်ပြေးလွတ်မြောက် သွားသူဟာ သူနဲ့အတူ တပ်ကခိုးထွက်လာတဲ့ ကျန်အဖော်(၂)ယောက်ကို ရပ်ကွက်သူ/သားတွေက ဝိုင်းဖမ်းတာကို သိတောင်မသိဘူးတဲ့။ သူခိုးထွက်နေကျ လမ်းအတိုင်းပဲ ပြန်လာတာတဲ့။ ကျန်(၂)ယောက်အဖမ်းခံရပြီး အချိန်အတော်ကြာမှ တပ်ကို သူပြန်ရောက်လာတာတဲ့။ အမှန်က ထွက်ပြေးသွားတဲ့ တစ်ယောက်ဟာ တပ်ကိုပြန်ပြေးပြီး သတင်းပို့လို့ အဖမ်းခံထားရတဲ့ တပ်သား(၂)ဦးကို ဗိုလ်ကြီးမင်းသူအောင်က လာခေါ်သွားတာပါ။ နောက်တစ်ချက်က- လက်စွပ်ကိစ္စနဲ့ အပျော်လိုက်စားဖို့ ချေးလာတဲ့ ငွေ(၂)သောင်းကိစ္စ။ သူ့မှာ ဘာလက်စွပ်မှ ပါမလာဘူးတဲ့။ တည်းခိုခန်းမှာ အပျော်လိုက်စားဖို့ ချေးသွားတဲ့ ပိုက်ဆံ(၂)သောင်းပဲ ပြန်ပါတယ်တဲ့။( လက်စွပ်တစ်ကွင်းကို ဘယ်နားဖျောက်ဖျောက် အလွယ်လေးပါ။ စဉ်းစားကြည့်ရမှာက အပျော်လိုက်စားဖို့ အတူတူသွားတဲ့ အဖော်(၂)ယောက် အဖမ်းခံရ တာကိုမသိဘဲ သူ့လမ်းအတိုင်းသွားတာပါဆိုတဲ့သူဟာ ချေးလာတဲ့ပိုက်ဆံ(၂)သောင်းကို တည်းခိုခန်းမှာ သုံးမပစ်ဘဲ တပ်ကို ပြန်ပါလာတယ်ဆိုတဲ့အချက်ပါ။) နောက်တစ်ချက်က- စစ်သား(၃)ယောက်စလုံးဟာ ရိုးရိုးတပ်သားတွေတဲ့။ ရဲကိုဦး၊ သန်းထိုက်အောင်နဲ့ ကျန်တစ်ယောက်က သန်းဝင်းအောင်တဲ့။ ဒါဆို “ ဒီကောင်အူကြောင်ကြောင်လုပ်နေတယ်။ သူ့ကို စစ်ရင်လဲ ရာထူးချပြီးမှ စစ်လို့ရမယ်”ဆိုတဲ့ ဖုန်းမပိတ်မိဘဲ ပြောတဲ့စကားက ဘယ်သွားထားမလဲ။ ဒီဖြစ်စဉ်မှာ အရာရှိတစ်ယောက် ပါဝင်ပတ်သက်နိုင်ခြေ အများဆုံးပဲ။ အခုလို ဖြစ်စဉ်အရှင်းကြီးမှာ သာမန်တပ်သားတွေချည်းပဲဆိုရင် အခုလို ဘူးကွယ်နေမှာမဟုတ်ဘူး။ နောက်တစ်ချက်က- တပ်မတော်ကာကွယ်ရေးအက်ဥပဒေပုဒ်မ- ၇၂(ခ)အရ “ တပ်မတော်သားတစ်ယောက်က အရပ်သားတွေအပေါ် ပြစ်မှုကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရရင် အရင်ဆုံး တပ်မှာ စစ်ခုံရုံးဖွဲ့စစ်မယ်။ ပြီးရင် အရပ်ဖက်ကို လွှဲပြောင်းပြီး စစ်ဆေးမှုခံယူစေရမှာ ဖြစ်ပါတယ်” ဒါပေမယ့် အခုတပ်သား(၃)ဦးကို တပ်ကခိုးထွက်၊ အရက်သောက်လို့ တပ်စည်းကမ်းဖောက်ဖျက်မှုနဲ့ တပ်အချုပ်မှာ ပြစ်ဒဏ်(၈)လ ကျခံစေတယ်တဲ့။ သူတို့ကိုယ်တိုင် စစ်ဆေးတာ ဒီတပ်သားတွေမဟုတ်လို့ အရပ်ဖက်လွှဲမပေးတာတဲ့။ သူတို့ ပြစ်မှုကျူးလွန်တာကို သက်သေအထောက်အထား ခိုင်လုံအောင် ပြနိုင်ရင် အရပ်ဖက်ကို လွှဲပေးမယ်တဲ့။ နောက် ရဲတပ်ဖွဲ့ဝင်တွေ အသုံးမကျလို့ အမှန်တကယ် ပြစ်မှုကျူးလွန်သူတွေကို မဖော်ထုတ်နိုင်လို့ ဒီတပ်မတော်သား(၃)ယောက်ကို လူထုက အထင်လွဲနေတာဆိုပြီး ရဲတွေကို အပြစ်တင်တယ်။ ရဲတပ်ဖွဲ့ကို လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်ပေးခဲ့လို့လား။ နောက်တစ်ခုက- DNA ကိစ္စ။ သေဆုံးသူ ကိုဇော်မင်းဦးကို သဂြိင်္ုလ်မယ့်နေ့မှာ စစ်ခုံရုံးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေ၊ လွှတ်တော်အမတ်တွေပါ ရောက်လာပြီး သေဆုံးသူရဲ့ ကိုယ်ပေါ်မှာ ကျန်ရှိနေနိုင်တဲ့ သဲလွန်စတွေ DNA စစ်ဖို့ဆိုပြီး ယူသွားတယ်။ တစ်ပတ်အတွင်း အဖြေသိရမယ်လို့ ပြောတဲ့အထဲမှာ စစ်ခုံရုံးအဖွဲ့မှ အရာရှိကြီးတွေပါတယ်။ အခုအမည်ခံသတင်းစာရှင်းလင်းပွဲမှာ ပြောတာက DNA စစ်ဖို့ သဲလွန်စတွေကို ရဲတပ်ဖွဲ့ကို အပ်လိုက်တယ်တဲ့။ ရဲတပ်ဖွဲ့ကလည်း DNA စစ်တာ သိန်း(၅၀)လောက် ကုန်ကျမှာမို့ မတတ်နိုင်လို့ အဲဒီဟာ ရဲစခန်းမှာပဲ ရှိနေတယ်တဲ့။
နိဂုံးချုပ်ရရင် ဒီပွင့်လင်းမြင်သာမှုမရှိတဲ့ သတင်းစာရှင်းလင်းပွဲကြောင့် ပြစ်မှုကျူးလွန်သူတွေဟာ တပ်မတော်သား(၃)ဦးဖြစ်တယ်လို့ ယုံကြည်ထားတဲ့ မြို့ခံလူထုရဲ့ သံသယဟာ ပိုခိုင်မာလာတယ်။ “ ရက်ပိုင်း အတွင်း သတင်းစာရှင်းလင်းပွဲလုပ်ပေးမယ်”လို့ စစ်ခုံရုံးအဖွဲ့ရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံခဲ့ ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောခဲ့ပါတယ်။ အဲဒီလိုပြောခဲ့တဲ့အတိုင်း လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ မြို့ခံလူမှုအသင်းအဖွဲ့တွေ၊ မြို့ခံလူထုတွေကို ဖိတ်ကြားပြီး စစ်မှန်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ သတင်းရှင်းလင်းပွဲကျင်းပပေးမှသာ ပြစ်မှုကျူးလွန်သူတွေဟာ တပ်မတော်သား (၃)ဦးဖြစ်တယ်ဆိုတာ ဟုတ်မဟုတ် ပြည်သူလူထုရဲ့စိတ်ထဲမှာ အမြင်ရှင်းသွားစေမှာ ဖြစ်ပါတယ်။
 
PYAY CT    https://www.facebook.com/photo.php?fbid=270274173097530&set=a.268354489956165.1073741826.268352929956321&type=1&theater   မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Facebook Like Page