မင်းတို့ကတော့ ပျော်မြူးနေကြ … ဒီမှာက ဘဝတွေ စုတ်ပြတ်သတ်
******************************************
ကျွန်တော်တို့ မဟာရန်ကုန်မြို့ကြီးသည်လည်း ဒေဝါမိုး၏ ထစ်ချုန်းမှုကြောင့် ရပ်ကွက်များ၊ မြို့နယ်များ၊ လမ်းမများတွင် ရေများဖုံးလွှမ်းလျှက်၊ မော်တော်ကားများသည်လည်း မော်တော်ဘုတ်များ သဖွယ် မောင်းနှင်နေဆဲ၊ မိဘပြည်သူအပေါင်းတို့သည်လည်း ရုံးသွား/ရုံးပြန်၊ အလုပ်သွား/အလုပ်ဆင်း၊ ကျောင်းသွား/ကျောင်းပြန် ဒူးပေါ်/ပေါင်ပေါ် လျှောက်လှမ်းနေဆဲ အချိန်ကာလအတွင်း မြန်မာပြည် နယ် အရပ်ဒေသ အသီးသီးတို့တွင်ရှိသော ပြည်သူလူထုအပေါင်းတို့မှာကား နေအိမ်များအားစွန့်ခွာ၍ ရေဘေး ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေကြရသည်ဖြစ်သည်။ ကလေးသူငယ်၊ ကျောင်းသူလူငယ်များ အဖို့ “ရေတက်ကျောင်းပိတ်” ဆောင်ပုဒ်အား မည်သည့်အချိန်ကာလအထိ လက်ကိုင်ပြုနေတော့မည်ကိုတော့ မသိရှိနိုင်ပေ။ တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်ကလေးငယ်များ၏ ဘဝကား မည်သို့မျှဖြစ်လာမည် ကိုတော့ မခန့်မှန်းနိုင်တော့ပေ။ ထိုကဲ့သို့ ရေဘေးသင့်အရပ်ဒေသများရှိ မိဘပြည်သူအပေါင်းတို့၏ သွားရေးလာရေး ကိစ္စရပ်များအတွက် လှေငယ်လေးများနှင့်သာ လှော်ခတ်သွားလာရခြင်းတို့ကို မြင်တွေ့မိ တော့သည်။ သူတို့၏ဘဝများကား မော်တော်ကားဆိုသည်ကို စီးနင်းခွင့်ပင်မဆိုထားနှင့် မြင်တွေ့ဖို့ကား ဝေးလှသည်။ လူသားများအတွက် အစာအဟာရအဖြစ်သော်၎င်း၊ လုံခြုံမှုအတွက်သော်၎င်း အသက်စွန့် ပေးဆပ်နေကြသော နွား၊ ကျွဲ၊ ဆိတ်၊ ခွေး စသည့်သတ္တဝါများပင် နေထိုင်သွားလာ၊ စားသုံးရန် အခက် အခဲပေါင်း ကြီးမားစွာ တွေ့ကြုံနေရပြီ ဖြစ်တော့သည်။ ဖွေးဖွေးဖြူနေသော ရေပြင်လွှာထဲရှိ ကုန်းကမူလေး ပေါ်တွင် စည်းလုံးညီညွတ် ပြွတ်သိပ်စွာဖြင့် နေထိုင်နေရသော လူသားတို့အတွက် အသက်စွန့်ပေးခဲ့သော ကျေးဇူးရှင် နွား၊ ကျွဲ၊ ဆိတ်၊ ခွေး သတ္တဝါများ၊ လူနေအိမ်ခေါင်မိုး မျက်နှာကြပ်ပေါ်တွင် လူများနှင့်အတူ နေထိုင်နေကြသော ခွေး၊ ကြောင် အိမ်မွေးတိရစ္ဆာန်များ၊ လှေငယ်ျားပေါ်တွင် လူများနှင့်အတူ ရောထွေး လိုက်ပါ စီးနင်းနေကြသော ကြက်၊ ခွေး၊ သတ္တဝါများ၊ ရေမြုပ်နေ သော သစ်ပင်ကြီးများ၏ အထက်ကိုင်း ခတ်များတွင် တက်ရောက်နေရာယူထားကြသော ကမ္ဘာ့ရန်သူများဟု သမုတ်ခံထားရသော မြွေ၊ ဖား သတ္တဝါများ၊ ကျောင်းများ လနှင့်ချီ၍ ပိတ်ထားသောကြောင့် ပညာ သင်ကြားခွင့်မရသော ကလေးသူငယ် များ ဘဝရပ်တည်မှုအတွက်၎င်း၊ စားဝတ်နေရေးအတွက်၎င်း၊ အနာဂတ်ကာလများဆီသို့ မျှော်တွေးငေး မောရင်း ကူညီမည့်သူများအား မျှော်လင့်တကြီးစောင့်မျှော်နေကြသော မိဘပြည်သူအပေါင်းနှင့် အနာဂတ် သာသနာအတွက် ရင်လေးစွာဖြင့် စိုးရိမ်တကြီးမျှော်တွေးနေကြသော ရေမြုပ်နေသော ရွာဦးကျောင်း တော်ရှိ ဆရာတော်ကြီးများ စသည့်ဘဝပေါင်းများစွာတို့သည် သဘာဝဘေး ဒဏ်ကပ်ဘေးဆိုး အမျိုးမျိုး တို့ထဲတွင် ဒုက္ခပင်လယ်ဝေနေဆဲ ဖြစ်တော့သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော ဖ.ဆ. ပ.လ ညီလာခံမိန့်ခွန်းတွင်လည်း ဗြဟ္မစိုရ်တရား ခေါင်းပါးနေသရွေ့ ကာလပတ်လုံး ကပ်ဘေးအမျိုးမျိုး ကြုံတွေ့ရမည်ဟူသော မှန်ကန်လှသည့် မိန့်မှာချက်အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ရန်သူမျိုး ငါးပါးဖြစ်သော ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ စစ်ဘေး စသည့် ဒုက္ခအမျိုးမျိုးသော ကပ်ဘေး အမျိုးမျိုး ကြုံတွေ့ခံစားနေရပြီဖြစ်တော့သည်။ မြန်မာပြည်သူလူထုအပေါင်း ရေရှားပါးမှုဒဏ်၊ ရေလွှမ်းမိုးမှု ဒဏ်၊ လေဘေးဒဏ်၊ ငလျင်ဘေးဒဏ်၊ စစ်ဘေးဒဏ်တို့ကြောင့် ဘဝပေါင်းမြောက်များစွာ သေကြေပျက်စီး အမိတကွဲ၊ အဖတကွဲ၊ အိုးပစ်/အိမ်ပစ်၊ စားရမဲ့/သောက်ရမဲ့ ဘဝများ တိုင်းပြည်ကိုစွန့်ခွာ၍ ပြည်ပနိုင်ငံ များတွင် အလုပ်အကျွေးသွားပြု၍ ကျွန်ခံနေရသော အနာဂတ်လူငယ်များ၏ ဘဝပေါင်းများစွာတို့ဖြင့် ပြည့်လျှံနေရသော ဆိုးရွားလှသည့် အခြေအနေတရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျွန်တော်မြင်တွေ့ ခံစားမိတော့သည်။
သို့သော် ကျွန်တော်တို့လူမှုရေးသမားများ အရပ်ဘက် ကိုယ်ထူကိုယ်ထ လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် ဘုရားရှင်၏ ဗြဟ္မစိုရ်တရား(၄)ပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတို့ကို လက်ကိုင်ပြု၍ လူသားချင်းစာနာစိတ်မွေးဖွားကာ အတတ်နိုင်ဆုံး ကူညီဖေးမပေးလျှက်ရှိသည်။
မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတို့သည်လည်း အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။
ကမ္ဘာ့ရွာကြီး ငြိမ်းချမ်းရေးတရားများ အမြန်ဆုံးလွှမ်းခြုံ စေချင်တော့သည်။
ထိုအတွေး၊ ထိုအာရုံခံစားမှုတို့သည် ကျွန်တော် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဒီပဲယင်း၊ ရွှေဘို၊ ပြည်၊ ကြို့ပင်ကောက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာပြည် အရပ်ဒေသအသီးသီးသို့ သွားရောက်၍ ဗြဟ္မစိုရ်ခြေလှမ်းလူမှုရေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည်။ ယခု ကြို့ပင်ကောက်၊ ရေဘေးကယ်ဆယ်ရေးသွားစဉ် ကျွန်တော်တို့ စီးနင်းလိုက်ပါလာသော ကယ်ဆယ် ကူညီရေး စက်လှေပေါ်မှ မြင်တွေ့ခဲ့ရသော သက်ရှိလူသားများ သက်ရှိကျေးဇူးရှင် ကုန်းနေတိရစ္ဆာန်များ၏ ဘဝများကာ ပျက်စီးယိုယွင်း ဘဝပျက်မှုများကို မြင်တွေ့ခံစားရင်း ကိုယ်ချင်းစာနာစိတ်တို့ဖြင့် မျက်ရည် လည်ခဲ့ရသည်။
“သြော် ….. မြို့ကြီးပြကြီးများတွင် သဘာဝကြုံတွေ့ရသော်လည်း စားရေးသောက်ရေး၊ နေရေး ထိုင်ရေး ဘဝတို့သည် ခံသာသေးသည်။ ယခုကဲ့သို့ ကျေးလက်ဒေသများရှိဘဝများသည်ကား …..။” ထို အတွေး ထိုခံစားချက် ထိုသို့ ကိုယ်ချင်းစာနာစိတ် ကျွန်တော့်တွင် ဖြစ်ပေါ်နေဆဲ ကျွန်တော်တို့ ရေဘေး ကယ်ဆယ်ရေး စက်လှေပေါ်တွင် တက်ကြွစွာလိုက်ပါလာကြသော ပရဟိတလူမှုရေးသမားများ အားတက် သော တက်ကြွသော စည်းလုံးသော၊ ညီညွတ်သော စကားသံများသည် ခုတ်မောင်းနေသော စက်လှေ၏ စက်ခုတ်သံအား လွှမ်းခြုံနေတော့သည်။ ရေပြင်ဖြူဖွေးဖုံးလွှမ်းနေသော ရေပြင်ကျယ်ကြီး စက်ခုတ်သံအား လွှမ်းခြုံနေသော ပရဟိတမောင်၊ မယ်တို့၏ အသံများအား “အေး … အေး မင်းတို့ကတော့ ပျော်မြူးနေကြ၊ ဒီမှာက ဘဝတွေအားလုံး စုတ်ပြတ်သတ်နေကြပြီ” ဟူသော အသံနက်ကြီး ထွက်ပေါ်လာခဲ့သည်။ ပတ် ဝန်းကျင်တစ်ခုလုံး ရေပြင်လွှာကြီးတစ်ခုလုံး စက်လှေပေါ်ရှိ ပရဟိတသမားများအားလုံး တိတ်ဆိတ်ငြိမ် သက် သွားပြီးနောက် အံ့သြတကြီးအသံထွက်ပေါ်လာသော နေရာသို့ မျက်လုံးများရွှေ့လျား ကြည့်ရှုခဲ့ တော့သည်။ အားလုံးသော မျက်လုံးပေါင်းမြောက်များစွာတို့သည် ကျွန်တော့်ထံသို့ ဝိုင်းဝန်း ကြည့်ရှုနေကြ တော့သည်။ ကျွန်တော်သည် လှေဦးထက်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် ထိုင်နေသည်။ ကျွန်တော့်၏မျက်လုံး အစုံတို့သည် လှေဦးထက် ရေပြင်လွှာပေါ်သို့ ရောက်ရှိကြည့်ရှုနေသည်။ ကျွန်တော်မြင်ရသော ကျွန်တော် ကြည့်ရှုနေသော ကျွန်တော့်အား ဒေါသတကြီး အသံနက်ကြီးဖြစ်ပေါ်ခဲ့ရသော မြင်ကွင်းသည်ကား ရေပြင် လွှာပေါ်တွင် ကျက်စားနေထိုင်ကြသော ပျော်မြူးနေကြကာ တောင်ပံခတ်၍ ကူးခတ်နေကြသော ရေဘဲ သတ္တဝါ (၃) ကောင်ပင်ဖြစ်တော့သည်။
သက်ရှိလူသားများ ကုန်းနေသတ္တဝါများ ယခုကဲ့သို့ ရေဘေးဒုက္ခများ အကြီးအကျယ်ခံစား နေရ ချိန်တွင် ယခုကဲ့သို့ ပျော်ရွှင်မြူးတူးစွာ ရေပြင်လွှာပေါ်တွင်သွားလာ ကျက်စားနေသော ရေဘဲလေးများ အား ကျွန်တော်ယခုကဲ့သို့ အသံနက်ကြီးဖြင့် သတိလစ် အော်ဟစ်ကြုံးဝါးလိုက်မှုသည် ဗြဟ္မစိုရ်တရား လေးပါးအား ဖောက်ဖျက်ကျူးလွန်မိတော့သည်ကား ကျွန်တော်ကိုယ်တိုင် မသိတော့ချေ။
အော် … သူတို့သည်ကား ရေနေသတ္တဝါများဖြစ်၍ ရေကြီးလေ သူတို့ကြိုက်လေ .. ပျော်လေပေါ့။
ကျွန်တော်တို့သည်ကား ……. ။
(ကမ္ဘာမြေပြင် ငြိမ်းချမ်းဖို့၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့၊ လူသားတိုင်းတွင် ဗြဟ္မစိုရ်တရား လက်ကိုင်ပြု ကျင့် သုံးကြစေချင်တော့သည်။)
ကျော်သူ

0 comments:
Post a Comment