Friday, October 11, 2013

အာဇာနည်နေ့ ပန်းခွေချသူကို ကျပ်၂၀၀ သို့မဟုတ် ထောင်ဒဏ်ခုနစ်ရက် အမိန့်ချ

Leave a Comment


အာဇာနည်နေ့ ပန်းခွေချသူကို ကျပ်၂၀၀ သို့မဟုတ် ထောင်ဒဏ်ခုနစ်ရက် အမိန့်ချ
***************************************************

ပြည်၊ အောက်တိုဘာ ၉

ပြည်မြို့လယ်ရှိ ဗိုလ်ချုပ် မြင်းစီးရုပ်တွင် (၆၆) နှစ်မြောက် အာဇာနည်နေ့၌ ဒေသန္တရက ထုတ်ပြန်သော အမိန့်ကို ချိုးဖောက်ကာ ပန်းခွေချသောကြောင့် ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခံရသူ ကိုသိမ်းမင်းထွန်းကို ဒဏ်ငွေ ကျပ်၂၀၀ သို့မဟုတ် ထောင်ဒဏ် ခုနှစ်ရက် ကျခံစေရန် အောက်တိုဘာလ ၉ ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း ပြည်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
ပြစ်မှုကြီးအမှတ် (၄၆၂၆/၂၀၁၃) ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က တရားလိုပြုကာ တရားစွဲဆိုထားသည့် ယင်းအမှုကို တွဲဖက်တရားသူကြီး ဒေါ်နွယ်နီဝင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အာဇာနည်နေ့မတိုင်မီ ဇူလိုင်လ ၁၈ ရက်နေ့က ပုဒ်မ ၁၈၈ ကို ပြည်မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအားလုံးတွင် ထုတ်ပြန် ကြေညာခဲ့ခြင်း မရှိဘဲ မြို့ပေါ်ရပ်ကွက်ကြီး နှစ်ခုတွင်သာ ထုတ်ပြန် ကြေညာခဲ့ခြင်းမှာ နည်းလမ်း မကျကြောင်း ဒဏ်ငွေ ၂၀၀ကျပ် ဆောင်ခဲ့သူ ကိုသိမ်းမင်းထွန်းက ပြောကြား သည်။
“အာဇာနည်နေ့မှာ ပန်းခွေချလို့ တရားစွဲတယ်၊ ပြစ်ဒဏ်ချတယ် ဆိုတာက မဖြစ်သင့်တဲ့ ကိစ္စပါ။ အာဇာနည်နေ့မျိုးမှာ ဘာဖြစ်မှာမို့လို့ ပုဒ်မ ၁၈၈ ထုတ်ရလဲဆိုတာ မေးခွန်းပြန်ထုတ်စရာပါပဲ” ဟု ၎င်းက ဆိုသည်။
အာဇာနည်နေ့တွင် မြို့နယ်အတွင်း ကြေးရုပ် အထိမ်းအမှတ်ရှိသော နေရာများ၊ သတ်မှတ်ထားခြင်း မရှိသော နေရာများ တွင် ပန်းခွေချခြင်း၊ ပန်းခြင်းချခြင်း၊ ဟောပြော ဆွေးနွေးခြင်းများ မပြုလုပ်ရန်နှင့် ကျူးလွန် ဖောက်ဖျက်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အရေးယူမည် ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ဇူလိုင်လ ၁၈ ရက်နေ့တွင် အမိန့်စာကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

The Voice....pyay ct မှကူးယူဖော်ပြသည်။ ။ပြည်သတင်း..

0 comments:

Post a Comment

Facebook Like Page