Sunday, September 1, 2013

စာအုပ်စာပေလူ့မိတ်ဆွေ အခမဲ့စာဖတ်ခန်းလေးရှိပါတယ်

Leave a Comment

စာအုပ်စာပေလူ့မိတ်ဆွေ အခမဲ့စာဖတ်ခန်းလေးရှိပါတယ်
************************************
အခမဲ့စာဖတ်ခန်းလေး မွေးဖွားခဲ့ခြင်း
ကျွန်မအနေနဲ့ပြောရရင် လူတွေစာဖတ်ချင်တဲ့အခါ အလွယ်တကူ လာရောက်ဖတ်ရှု ငှားရမ်းလို့ရတဲ့ စာကြည့်တိုက်လေးရှိရင် ကောင်းမှာပဲ။ စာကြည့်တိုက်ကို အသုံးချတတ်တဲ့လူတိုင်းအတွက် ဖတ်လို့မှတ်လို့ကောင်းတဲ့ စာအုပ်ကလေးတွေရှိရင် ကောင်းမှာပဲလို့စိတ်ကူးယဉ်မိတယ်။ ကျွန်မတို့ပြည်မှာ ခေတ်အဆက်ဆက် နာမည်ကျော်ကြားခဲ့တဲ့ ရွှေဘုန်းပွင့်စာကြည့်တိုက်ကြီးရှိပါတယ်။ ဒါပေမဲ့ နာမည်ကြီးသလို စည်းကမ်းလည်းကြီးတယ်လေ။ အဆင့်မြင့်တဲ့ စာကြည့်တိုက်ဖြစ်နေတော့ တော်ရုံလူ အခြေခံ လူတန်းစာတွေ အနားမကပ်နိုင်ဘူး။ တစ်နေ့ ကျွန်မအိပ်မက် အကောင်အထည်ပေါ်ခဲ့တယ်။ ပြည်မြို့နယ် စာရေးဆရာများအသင်းမှ ပြည်မြို့၊ လမ်းရှည်လမ်း၊ ကင်းဘုရားတိုက်ခန်း (အလှူရှင် အောင် (ဓာတု) နဲ့ စာရေးဆရာမ နန်းမုံဝေ) တို့ရဲ့ အခန်းမှာ နဝဝါသီ စာဖတ်ခန်းကို စာရေးဆရာအသင်း ဥက္ကဌ ဒေါက်တာ ယဉ်ဝေလွင်မှ မတည်ပြီး ၆.၇.၂၀၁၃ နေ့မှာ ဖွင့်လှစ်ပေးခဲ့လို့ ကျေးဇူးအနန္တပါပဲ ဒေါက်တာရယ်လို့။ စာဖတ်ခန်းကို စနစ်တကျထားသိုဖို့ကိုတော့ ဦးသိန်းဆွေက တာဝန်ယူပေးတယ်လေ။ စာကြည့်တိုက်ရှားပါးနေပြီး စာကြည့်တိုက်ကို အသုံးချရကောင်းမှန်းသိတဲ့ လူလည်းနည်းပါးနေပြီး အရပ်ထဲက ကလေးတွေမပြောနဲ့၊ ဆရာ၊ ဆရာမတွေတောင် စာကြည့်တိုက်ကို အသုံးချသူနည်းလှတဲ့ ဒီခေတ်ကြီးမှာ လွယ်လွယ်ကူကူဝင်ဖတ်လို့ရတဲ့ အခမဲ့စာဖတ်ခန်းလေးကို စိတ်ကူးချိုချိုနဲ့ ဖွင့်ပေးခဲ့တဲ့ ပြည်မြို့နယ် စာရေးဆရာအသင်းကိုလည်း ချီးကျူးမိပါတယ်။ နဝဝါသီ ဆိုတဲ့ အမည်လေးပေးခဲ့တဲ့ သမိုင်းသုတေသီ ဆရာကြီး ဦးကျော်ဒင်ဟန်ကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ သိပ်တော့ စာအုပ်စုံလှတာမဟုတ်ပါဘူး။ သူခေတ်နဲ့သူဆိုတော့ ပွင့်လင်းမြင်သာအောင် အပတ်စဉ်ဂျာနယ်တွေ များပါတယ်။ လမ်းဘေးဆိုတော့ လာဖတ်ကြတာအများသား။ အရွယ်စုံပါပဲ။ ဝမ်းသာစရာကြီးပါ။ ပြည် စာရေးဆရာများကလည်း ဂျာနယ်တွေကို အပတ်တိုင်းတစ်ဆောင်စီ လှူကြတယ်။ လာလှူတဲ့လူတွေလည်း လှူကြတယ်။ အင်္ဂလိပ်လိုစာအုပ်၊ ဗုဒ္ဒဘာသာစာအုပ်တွေလည်းပါတယ်။ စာပေသမိုင်းနဲ့ နိုင်ငံရေးစာအုပ်တွေလည်းပါတယ်။ လောကီလောကုတ္တရာကျမ်းစာအုပ်တွေ ……အို စုံလို့ပါပဲ။ စာဖတ်ခန်းတစ်ခုအနေနဲ့ ပြည့်စုံတယ်လို့ဆိုရမှာပါ။ စာဖတ်ခန်းအနေနဲ့ ငွေပေးပြီးဝယ်ချင်အုံးတော့၊ ဝယ်မရနိုင်တဲ့ စာပေတွေပါရရှိတာမို့ ထီပေါက်သလို ခံစားရပါတယ်။ လှူတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်။ ဒီခေတ်၊ ဒီကာလမှာတော့ သတင်းထူးတွေ ပေါ်ပေါက်လာလိုက်တာ နားထောင်သူက နားနဲ့လိုက်လို့တောင် မမှီနိုင်အောင်ပါပဲ။ ဒီလိုအချိန်မျိုးမှာ မှတ်လို့မကုန်တဲ့ သတင်းတွေကို နာဝဝါသီ စာဖတ်ခန်းလေးမှာ ရှာဖွေလို့ရနေပါပြီ။ လူတွေဖတ်ချင်စရာ၊ သိချင်စရာ ရုပ်ပုံတွေနဲ့ ဖတ်ပြနေတဲ့ ဂျာနယ်တွေဆိုတာ နဝဝါသီမှာ အချိန်မရွေး ဖတ်လို့ရနေပြီလေ။ စေတနာတွေလောင်းထားလို့ တစ်နေ့တစ်နေ့ စာဖတ်သူတွေလည်း တစ်နေ့တစ်ခြားများလာလို့ အောင် (ဓာတု) နဲ့ ဆရာမ နန်းမုံဝေတို့က တစ်ဘက်ခန်းကိုတောင် ဆက်ဝယ်ဖို့ စိတ်ကူးနေကြလေရဲ့။ စာဖတ်သူတွေများမှများ၊ ပေါမှပေါ၊ ကျွန်မတို့ နိုင်ငံမှာဆိုလဲ ဟိုနေရာကစီကနဲ၊ ဒီနေရာက စီကနဲ ဖြစ်နေတာတွေကို မျက်ခြည်မပြတ် သိနေဖို့ ကြည့်နေဖို့တော့လည်း လိုတာအမှန်ပဲ။ နဝဝါသီလို့ လွယ်လွယ်နဲ့ဖတ်လို့၊ မှတ်လို့ ရမဲ့ စာဖတ်ခန်းလေးတွေ များများ သန္ဒေတည်ပြီး မြန်မြန်မွေးဖွားနိုင်ကြပါစေလို့ ဆန္ဒဖော်ထုတ်လိုက်ပါတယ်။ ဆန္ဒပြတာ မဟုတ်ဘူးနှော်၊ ဆန္ဒဖော်ထုတ်တာ။
တီတီအိပ်ခ်ျ (ပြည်)
SSNJ-4-46-02092013...pyay ct မှ ကူးယူဖော်ပြသည်။ပြည်သတင်း...

0 comments:

Post a Comment

Facebook Like Page