Monday, August 19, 2013
လက်ရှိ အီဂျစ် နိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေးနေပြီး နိုင်ငံတည်ငြိမ်ရေးကို ဦးစားပေးလုပ်ဆောင်
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ကာလ ကြာရှည်စွာ အုပ်ချုပ်လာခဲ့သော သမ္မတ ဟူစနီ မူဘာရက် နုတ်ထွက်ပြီးနောက် နိုင်ငံရေးအသွင် ကူးပြောင်းမှု လုပ်ငန်းစဉ်မှာ ပိတ်မိနေပြီး ထွက်ပေါက် မရှိသေးပေ။ အီဂျစ်နိုင်ငံရှိ အစ္စလာမ်မစ် အုပ်စုနှင့် ဘာသာရေး မဟုတ်သော အုပ်စုနှစ်စုတို့အကြား အကြီးအကျယ် သဘောထား ကွဲလွဲနေသည့် အပြင် အီဂျစ်စစ်တပ်သည် တိုင်းပြည်၏ နိုင်ငံရေး ပွဲစားကြီး အဖြစ်ဖြင့် ဆုံးဖြတ်ချက် ချမှတ်သူ နေရာမှာ ဆက်လက် တည်ရှိနေပေသည်။
၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ကျင်းပခဲ့သော ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲ ရလဒ်များတွင် အစ္စလာမ်မစ် ပါတီများ အပြတ်အသတ် အနိုင်ရခဲ့လေသည်။ သို့သော်လည်း တရားမဝင်ဘဲ ပျက်ပြယ်သွားခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ရွေးချယ် တင်မြှောက်သော အစိုးရအဖွဲ့ မရှိ ဖြစ်နေလေသည်။ အီဂျစ်နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီ နည်းအရ ရွေးကောက် တင်မြှောက်ထားသော ပါလီမန် လွှတ်တော်သည် ဆယ်စုနှစ်များစွာ ကြာပြီးမှ ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ဖျက်သိမ်းခြင်း ခံလိုက်ရသည်။ ၂ဝ၁၂ ခုနှစ် အလယ်ပိုင်းတွင် မွတ်စလင် ညီအစ်ကိုတော်များ ပါတီ သမ္မတလောင်း မိုဟာမက် မော်စီသည် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ သို့ရာတွင် တစ်နှစ်အကြာ၌ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြမှုနှင့် စစ်တပ် အာဏာ သိမ်းမှုတို့ ပေါင်းစည်းမိကာ မိုဟာမက် မော်စီကို ဖြုတ်ချလိုက်ကြသည်။ ဤအဖြစ်အပျက်သည် စစ်တပ်၊ တရားရေးနှင့် အာဏာရယူလိုသော နိုင်ငံရေး ပါတီ ရာနှင့်ချီ၍ရှိသော အင်အားစုတို့ အကြား နိုင်ငံရေး အာဏာလုပွဲများ ဖြစ်ပေါ်ခဲ့လေသည်။
အနာဂတ် နိုင်ငံရေး မသေချာမရေရာမှုနှင့် စိုးရိမ်မှုတို့သည် နိုင်ငံရေး ဆန္ဒပြမှုကို ပို၍ အားပေး လိုက်သလို ဖြစ်သွားစေ သကဲ့သို့ အလုပ်သမား သပိတ်မှောက်မှုများ၊ အစ္စလာမ်မစ် အုပ်စုနှင့် ဘာသာရေး မဟုတ်သော ပါတီများအကြား အချင်းချင်း မယုံကြည်မှုများကို ပို၍ နက်ရှိုင်း သွားစေသည်။ တချို့နေရာများတွင် မွတ်စလင်နှင့် ခရစ်ယာန်တို့အကြား ပို၍ ဆိုးရွား သွားစေသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရေးနှင့် ရွေးကောက်ပွဲ အသစ်များ ကျင်းပရေးအတွက် ကြိုတင် ပြင်ဆင် မှုများ ပြုလုပ်ရေး လုပ်ငန်းစဉ်များကို ဦးစီးဦးဆောင် ပြုလုပ်ပေးမည့် ကြားဖြတ် အစိုးရတစ်ရပ်ကို ဖွဲ့စည်း ခဲ့သည်။ ရွေးကောက်ပွဲများကို ၂ဝ၁၄ ခုနှစ် အစောပိုင်းတွင် ပြုလုပ်နိုင်မည်ဟု မျှော်လင့်ရပြီး အခြေအနေမှာ ကြိုတင် အတိအကျ ပြောရန်ခက်ခဲမှုရှိသည့် အနေအထားတွင် ရှိသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိမှုနှင့် ပါလီမန်တို့မရှိဘဲ အခြေခံ ရွေးကောက်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို အားလုံး သဘော တူညီမှု ရယူရန်လည်း မရှိဖြစ်နေသည်။
မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့က အာဏာသိမ်းပြီး မော်စီအား ဖြုတ်ချခြင်းကို အပြစ်တင်ကာ အစိုးရ သစ်ကို အသိအမှတ်ပြုရန် ငြင်းဆိုခဲ့သည်။ ဘာသာရေး မဟုတ်သော ပါတီများက စစ်တပ်ကို ထောက်ခံ သည်။ အရပ်သား အစိုးရဖြစ်ရန် အချိန်နှင့် တစ်ပြေးညီ အသွင် ကူးပြောင်းပေးရန် ဖိအားပေးလျက် ရှိသည်။ သို့သော် သူတို့လည်း ကွဲပြားနေပြီး အများသဘောကျ ဘုံမဟာဗျူဟာ မရှိချေ။ လူငယ်တော်လှန်ရေး အုပ်စုများသည် ၂ဝ၁၁ ခုနှစ် ကတည်းက ဒီမိုကရေစီ ထောက်ခံ ဆန္ဒပြခြင်းကို ဦးတည်ခဲ့လေသည်။ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုစုရေး အာဏာကို စစ်တပ်နှင့် ကြားဖြတ် အစိုးရတို့ကြား ခွဲခြားထားသည်။ အုပ်ချုပ်ရေး အဖွဲ့ကိုလည်း ဗိုလ်ချုပ်ကြီးများက ၂ဝ၁၃ ခုနှစ် ဇူလိုင်လက မိုဟာမက် မော်စီအစိုးရကို ဖြုတ်ချ ခဲ့ပြီးနောက် ကြိုက်ရာလူကို ရွေးချယ် ခန့်အပ်ထားခြင်း ဖြစ်သည်။ မူဘာရက် အစိုးရဟောင်းနှင့် ဆက်နွှယ်သော ဖိအားပေး အုပ်စုများ အသီးသီး နောက်ခံ အရှိန်သြဇာကို ဆက်လက် ရရှိလိုခြင်းကြောင့် သူတို့၏ နိုင်ငံရေးနှင့် စီးပွားရေး အကျိုး စီးပွားများကို ထိန်းသိမ်း စောင့်ရှောက်ရန် ကြိုးစားခြင်း များကို တွေ့နေရသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်တွင် မူကြမ်း ရေးဆွဲ မည်ဖြစ်ပြီး ရွေးကောက်ပွဲ အသစ်က လိုက်လာဦးမည်။ အောင်မြင်သော အာဏာပိုင် အစိုးရများ ရှိလင့်ကစား အီဂျစ်ပါတီ နိုင်ငံရေး ရေရှည် အစဉ်အလာကို ဝါကြွားသည့် လက်ဝဲအဖွဲ့၊ လစ်ဘရယ် အဖွဲ့နှင့် အစ္စလာမ်မစ် အဖွဲ့များက အီဂျစ်၏ အာဏာ တည်ဆောက်မှုကို စိန်ခေါ်နေကြသည်။ ၂ဝ၁၁ ခုနှစ် အစောပိုင်းတွင် မူဘာရက် ပြုတ်ကျသွားသည်။ နိုင်ငံရေး လုပ်ရပ်သစ်များ ယောက်ယက်ခတ် ဖြစ်ပေါ်စေ ခဲ့သည်။ နိုင်ငံရေး ပါတီသစ်ပေါင်း ရာနှင့်ချီ၍ ပေါ်လာသည့်အပြင် အရပ်ဘက် အသင်းအဖွဲ့ အုပ်စုများလည်း ပေါ်ပေါက်လာခဲ့သည်။ သဘောတရားရေး အယူဝါဒ အမျိုးမျိုးကို လိုက်စားမှု ပြုလာ ခဲ့ကြသည်။ အီဂျစ် တော်လှန်ရေးသည် ပြည်တွင်းစစ်ကြီးဆီသို့ ဦးတည်နေပြီလား မေးစရာ ဖြစ်လာသည်။ အီဂျစ်နိုင်ငံ၏ ဇန်နဝါရီ ၂၅ ရက် ဒုတိယ နှစ်ပတ်လည် တော်လှန်ရေးနေ့တွင် ဆန့်ကျင်ဘက် အုပ်စုများ အကြား သဘောထား ကွဲပြားချက်များနှင့် နိုင်ငံ၏ အစ္စလာမ်မစ် ခေါင်းဆောင်သော အစိုးရသည် ပြည်သူ လူထုကို ရာနှင့်ချီ၍ ဒဏ်ရာရစေပြီး အတော်များများ သေစေခဲ့သည်။ ပို့ဆက်တွင် တရားရုံး၏ အငြင်း ပွားဖွယ်ရာ ဆုံးဖြတ်ချက်ကြောင့် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြန်သည်။ သို့ဖြစ်၍ သမ္မတ မော်စီက အရေးပေါ် အခြေအနေ ကြေညာလိုက်ရသည့် အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော် အကြမ်းဖက်မှုများ ဆက်ဖြစ်နေသည့် အပြင် စီးပွားရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုသည် တကယ် စိုးရိမ် ဖွယ်ရာ ဖြစ်နေမည် ဖြစ်သည်။ ဆန့်ကျင်ဘက် အဖွဲ့နှင့် အစိုးရအကြား အကြမ်းဖက်မှုများသည် ယခင် ကထက် ပို၍ ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာနိုင်ပြီး မကြာခဏလည်း ဖြစ်ပေါ်မည် ဖြစ်မည်။ အထူးသဖြင့် ဒီဇင်ဘာဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်၏ လမ်းကြောင်း နောက်ပိုင်းတွင် ပိုဆိုးလာမည်။ နှစ်ပတ် လည် တော်လှန်ရေးနေ့ ဖြစ်က တည်းက အီဂျစ်တွင် ဒုက္ခပေးနေသော အကြမ်းဖက်မှု လုပ်ရပ်များကို သက်သေပြထားပြီး ဖြစ်၍ တရားရုံး စီရင် ဆုံးဖြတ်ချက် ဖြစ်သည့် ပို့ဆက်မြို့ ဘောလုံးပွဲတွင် လူအမြောက် အမြား သေစေမှုအတွက် ၂၁ ယောက်ကို သေဒဏ် ပေးလိုက်ခြင်းဖြင့် အစိုးရ၏ ချုပ်ကိုင်မှုကို ဖော် ထုတ် ပြသလိုက်ခြင်းပင် ဖြစ်သည်။ ယနေ့နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာများသည် ဆန့်ကျင် ဘက် အင်အားစုများ၏ စိတ်ထဲတွင် ရှေ့ဆုံးနေရာသို့ ရောက်ရှိလာလျက် ရှိသည်။ မကြာသေးမီက အကြမ်းဖက် မှုများသည် လက်ရှိဖြစ်နေသော ပြဿနာများကို နောက်ထပ် မီးတောက်ကြီး ထတောက်စေပြီး ပြေ လည်အောင် ဖြေရှင်းနိုင်မည့် အလားအလာများက အီဂျစ်နိုင်ငံကို ပဲ့ကိုင်ကာ တိုးချဲ့သွားသော အသွင် ကူးပြောင်းရေး ကာလတစ်လျှောက် တည်ငြိမ်သော နိုင်ငံရေးနှင့် စီးပွားရေး ပတ်ဝန်းကျင်သို့ ရောက် ရှိအောင် ထိန်းကျောင်းရန် ဖြစ်သည်။ တိုင်းပြည်က စိုးရိမ်နေသော အခြေခံမူနှစ်ရပ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် စီးပွားရေး ပြုပြင်ပြောင်း လဲမှုနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) မှ အကြွေးများပင် ဖြစ်သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ပြည်သူ့ ဆန္ဒခံယူပွဲနှင့် အောင်မြင် စွာ ကျော်ဖြတ်ခဲ့သည် ဆိုသော်လည်း အပြတ်အသတ်မဟုတ်၊ မဲပေးကြသူလည်း အားလုံး မဟုတ်ခဲ့ချေ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတွင် ပါဝင်သည့် အချက်များကို ပြည်သူအားလုံးက သဘော မတူခြင်းကြောင့် ယခုဤအချက်က ရောင်ပြန်ဟပ်ခြင်း ဖြစ်သည်။ မတ်လတွင် တရားရုံးက အမှုစီရင် ဆုံးဖြတ်ချက်များသည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်သည်။ လာမည့် ပါလီမန် ရွေးကောက်ပွဲတွင် အမြဲတမ်း လူကြိုက်များနေခဲ့သော မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့ကို စိတ်ပျက်နေခြင်း ပို၍ ကြီးထွားလာအောင် လုပ်ရန် အခွင့်အရေးတစ်ရပ် ရရှိ၍ ဆန့်ကျင်ဘက် အဖွဲ့ အင်အားစုများ ညီညွတ်မှု လက္ခဏာကို ပြသကြမည်။ အီဂျစ်ပြည်သူ အများစုကြီး၏ နိုင်ငံရေး ရည်မှန်းချက် ကျေနပ်မှု ရှိလာနိုင်၍ ယနေ့အဓိက ဆန့်ကျင်ဘက် အဖွဲ့စိတ်ပျက်နေမှုကိုပါ ကျေနပ်မှုများ ရသွားစေနိုင်သည်ဟု ဆိုသည်။ ယေဘုယျအားဖြင့် ဆိုရလျှင် တရားရေး စနစ်သည် အငြင်းပွားစရာ အနေအထားတွင်ရှိရာ ပို့ဆက်အမှု အပါအဝင် နှစ်ပတ်လည် တော်လှန်ရေးနေ့ နောက်ပိုင်း အကြမ်း ဖက်မှုနှင့် ဆက်နွှယ်နေသော ရဲတပ်ဖွဲ့၏ ရက်စက် ညှဉ်းပန်းမှုလုပ်ရပ်များ ပါဝင်သည်။ မူဘာရက် ထွက်သွားပြီး ကတည်းက နိုင်ငံရေး အငြင်းပွားခြင်းများတွင် အီဂျစ် တရားရုံးများသည် ဆုံးဖြတ်ချက် အခန်းကဏ္ဍတွင် ရှိကြသည်။ တိုင်းပြည်၏ အသွင်ကူးပြောင်းရာတွင် အရေးပါသော အခန်းကဏ္ဍတွင် ဆက်လက် ရှိနေသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်သည် တိုင်းပြည်၏ မတည်ငြိမ်မှုဖြစ်စေ၊ မကျေနပ်မှုတွေ ဖြစ်စေ အကြီးအကျယ် ဖြစ်အောင် လုပ်နိုင်စွမ်း ရှိကြသည်။ အီဂျစ်လူမျိုးများသည် ဆန္ဒပြရလွန်း၍ ပင်ပန်းနွမ်းနယ် ငြီးငွေ့နေပေသည်။ စီးပွားရေးလည်း ထိခိုက်နေပေ သည်။ အထူးသဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကျဆင်းသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကျဆင်း လာသည်။
သို့သော်လည်း ပြုပြင် ပြောင်းလဲရေးကို ခွင့်ပြုခြင်းသည် အစိုးရက လိုအပ်ချက် ကျခံပေးရ မှုများ ပြတ်တောက်ခြင်းတို့ကဲ့သို့ ရေတိုတွင် လူကြိုက်မများသော အခြေအနေ ဖြစ်တတ်သည်။ အဆုံးစွန် အားဖြင့် နိုင်ငံရေး တည်ငြိမ်မှုအတွက် စီးပွားရေးပြန်လည် နာလန်ထူရေးသည် လိုအပ်မှုဖြစ်ရာ ဤဝန်းကျင်မှ မလွတ်မြောက်နိုင်ပါ။ အီဂျစ်လူမျိုးများ ဤအချက်ကို နားလည်ပြီး အဓိက ပြဿနာများ မတက်ရန် တင်းမာမှုများ ဝိုင်းနေလင့်ကစား နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်ခြင်း လုပ်ရန်လိုပြီဟူသော လိုလားချက်ရှိသည်။ ဤအချိန်တွင် အီဂျစ်သည် အမေရိကန်က ပေးအပ်ရန်ရှိသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ အကူအညီ၏ အစိတ်အပိုင်း အနေဖြင့် ပထမဆုံး F-16 ဂျက်တိုက်လေယာဉ် အစင်း ၂ဝ ယခုနှစ်တွင် ပို့ပေးရန်ဖြစ်သည်။ သမ္မတ မော်စီအနေဖြင့် လူဦးရေသန်းနှင့် ချီ၍ မှီခိုနေ ရသော ပေါင်မုန့်ဈေးနှုန်းကိုလည်း တက်၍မဖြစ်နိုင်ရကား နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး ရပ်တန့် မှုဖြစ်ကာ အမျိုးသား အကျိုးစီးပွား လိုအပ်မှုနှင့် အမေရိကန် ကိုယ်စား လုပ်ရမည်များလည်း လိုအပ်မှု ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းက အီဂျစ် လုံခြုံရေး တပ်ဖွဲ့များသည် ထိုင်လျက် ဆန္ဒပြနေ ကြသော အစ္စလာမ်မစ် ဆန္ဒပြသမားများကို အင်အားသုံး ဖြိုခွင်းလိုက်ရာ တစ်တိုင်းပြည်လုံး ပြည်သူရာ ဂဏန်းမျှ သေဆုံး၍ စစ်တပ်နှင့် ကြားဖြတ် အစိုးရအကြား အက်ကြောင်း ဖြစ်သွားခဲ့သည်ဟု ဆို၏။ အရေးပေါ် အခြေအနေ ကြေညာထားရာမှ တစ်လအကြာ ယခုဖြိုခွင်းမှုတွင် အနည်းဆုံး ၂၇၈ ဦး သေ၍ ရဲများလည်း ပါသည်ဆို၏။ မွတ်စလင် ညီအစ်ကိုတော်များ အဖွဲ့က ပြောရာတွင် ဤမျှမက ၁ဝ ဆ သေသည်ဟု ဆို၏။ သူတို့ပါတီ ခေါင်းဆောင်၏ သမီးနှင့် နိုင်ငံခြား သတင်းဌာနတွင် လုပ်နေသူ အီဂျစ်နှစ်ဦးလည်း သေသွားသည်ဆို၏။
ဤကိစ္စနှင့် ပတ်သက်၍ အိုဘားမား အစိုးရက နောက်လထဲတွင် အီဂျစ်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်မည့် အစီအစဉ်ကို ပယ်ဖျက်ရန် စဉ်းစားနေကြောင်း၊ F-16 တိုက်လေယာဉ် လေးစင်း ပေးအပ်မည့် ကိစ္စကိုလည်း ရက်ရွှေ့လိုက်ပြီး အခြား အကူအညီများကိုလည်း ပြန်လည် သုံးသပ်ရမည် ဆို၏။
အီဂျစ် အစိုးရက အတွင်းနှင့် အပြင်အားလုံး နောက်ခြေတစ်လှမ်း ပြန်ဆုတ်ကြပါရန်၊ အခြေအနေ တည်ငြိမ်ရန် လိုအပ်ပါကြောင်းနှင့် နောက်ထပ် အသက်ဆုံးရှုံးမှုများ ရှောင်ရှားကြ
ပါရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားသွားသည်။ လက်ရှိ အီဂျစ် နိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေးနေပြီး နိုင်ငံတည်ငြိမ်ရေးကို ဦးစားပေးလုပ်ဆောင် ရမည့် အခြေအနေတွင် ရှိနေပါသည်။
0 comments:
Post a Comment