ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့အတွက် ကရင်အဖွဲ့ အစည်းတွေက မြန်မာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေသော်လည်း ကရင်နယ်မြေမှာ တည်ငြိမ်မှု အနေအထားမရှိသေးဘူးလို့ ကရင်လူ့အခွင့်အရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့မေလမှာ မြန်မာအစိုးရ ဖွဲ့စည်းပေးတဲ့ နယ်ခြားစောင့်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်
ရေးတပ် KNLA တို့ကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ကျေးရွာထဲကို လက်နက်ကြီးကျည်ကျခဲ့လို့ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့် အရေးအဖွဲ့ က ဆိုပါတယ်။
“BGF စစ်တပ်က မေလ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်မှာ သူတို့စခန်းတွေလာပြီးတော့၊ ရွာကို သူတို့လာတယ်။ လာတဲ့အခါကျတော့ အမှန်ကတော့ သူတို့တွေ့မယ် ဆိုတာ ကြိုမသိထားဘူးထင်တယ်လေ။ KNLA ကလည်း လာတယ်။ သူတို့ကလည်းလာတယ်။ ရုတ်တရက်ကြီး သူတို့တွေ့တဲ့အခါကျတော့ သူတို့အဖွဲ့ကလည်း ၄ ယောက်ပဲရှိတယ်။ KNLA က အယောက် ၂၀ နီးပါးလောက်ရှိတယ်။ ရုတ်တရက်တွေ့တဲ့အခါကျတော့ KNLA က သူတို့ကိုပစ်တယ်။ ထိခိုက်ဒဏ်ရာ ရတာတွေဘာတွေတော့ သူတို့မရှိဘူး။ သူတို့ထွက်ပြေးတာပဲ။ သူတို့ပြေးတဲ့အချိန်မှာ လက်နက်ကြီး ကျည်ဆံက ရွာထဲကျသွားတယ်။ တလုံးက အိမ်ရှေ့မှာ။ တလုံးက အိမ်နောက်မှာ။ အဲဒီလိုမျိုးကျတဲ့အခါကျတော့ ကလေးလေး တယောက်နဲ့ သူ့အမေက ဒဏ်ရာ ရသွားတယ်။” လို့ KHRG ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ စောဝေလေး က ပြောပါတယ်။
အစိုးရ ဖွဲ့စည်းပေးတဲ့ နယ်ခြားစောင့်တပ်က ကျေးရွာတွင်း ဝင်ရောက်ပစ်ခတ်မှုလည်း ရှိနေတယ်လို့ သိရပါတယ်။
မြန်မာအစိုးရဘက်ကတော့ ကရင်အမျိုးသားအစည်း အရုံးက မြန်မာအစိုးရတပ်ဖွဲ့ နဲ့ အပစ်ရပ်ရေးအတွက် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကရင်ပြည်နယ်ဘက်မှာ တည်ငြိမ်မှုရှိနေပြီးလို့ ဆိုပါတယ်။
တည်ငြိမ် ငြိမ်းချမ်းရေးအတွက် ကြိုးစားနေကြချိန်မှာ ဒီလိုပစ်ခတ် တိုက်ခတ်မှုမျိုး မဖြစ်အောင် ထိန်းသိမ်း သင့်တယ်လို့လည်း KHRG က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

http://www.kayantimes.com/2013/07/khrg.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FwHrMX+%28%E1%80%80%E1%80%9A%E1%80%94%E1%80%B9%E1%80%B8%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%29
0 comments:
Post a Comment