Friday, July 26, 2013

“ဆီးကျောက်တည်ခြင်းနှင့် မနာမကျင် ခွဲစိတ်စရာမလိုပဲ ဆီးကျောက်ခြေခြင်း”

Leave a Comment
“ဆီးကျောက်တည်ခြင်းနှင့် မနာမကျင် ခွဲစိတ်စရာမလိုပဲ ဆီးကျောက်ခြေခြင်း”

ဆီးကျောက်ဆိုသည်မှာ သေးငယ်သော အစိုင်အခဲမှုန်လေးများဖြင့် ဖွဲ့စည်းထားသော အစုအဝေးတုံးဖြစ်သည်။ ကျောက်ကပ်နှင့် ဆီးအိမ်တို့ကို ဆက်သွယ်ပေးထားသည့် ယူရီတာ (ခေါ်) ဆီးပြွန်ထဲတွင်ဖြစ်စေ၊ ကျောက်ကပ်ထဲတွင်ဖြစ်စေ (သို့မဟုတ်) နှစ်ခုလုံးထဲတွင်ဖြစ်စေ တစ်တုံးထက်ပိုသော ဆီးကျောက်များစွာ တစ်ပြိုင်တည်း တည်ရှိနေထိုင်နိုင်သည်။

ဆီးကျောက်ဝေဒနာရှင် လူကြီး၊ လူငယ်များ ပိုမိုများပြားလာသလို ဆီးကျောက်ဖယ်ရှားနိုင်သည့် နာကျင်မှုနည်းပါးသော နောက်ဆုံးပေါ် နည်းစနစ်များနှင့် အသစ်ပေါ်ထွက်လာသည့် ဆေးဝါးကုထုံးများကလည်း အံ့မခန်းတိုးတက်လာပေသည်။

‘ဆီးကျောက်ဆိုသည်မှာ ဘယ်ကဖြစ်တာလဲ’

ဆီးထဲတွင် အနည်အနှစ်များ အလွန်များပြားလာသည့်အခါ ဦးစွာ အစိုင်အခဲမှုန်လေးများ ဖြစ်ပေါ်လာပြီး ထိုမှတစ်ဆင့် ဆီးကျောက်ဖြစ်ပေါ်လာသည်။ ဆီးကျောက်တည်စေနိုင်သည့် အကြီးမားဆုံးသော အန္တရာယ်မှာ ရေဓာတ်ခန်းခြောက်ခြင်းပင် ဖြစ်သည်။ ဆီးကျောက်တည်ခြင်းမှာ အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ ဆီးကျောက်တစ်ခါတည်ဖူးပါက ထပ်မံဖြစ်ပွားနိုင်ချေလည်း များသည်။ လမစေ့ဘဲမွေးသော ကလေးငယ်များတွင်ပင် ဆီးကျောက်တည်ခြင်း ဖြစ်ပွားနိုင်သည်။

ဆီးကျောက်အမျိုးအစားပေါင်းများစွာ ရှိပေသည်။ ဆီးကျောက်အမျိုးအစားပေါ်မူတည်၍ ဖြစ်ပွားရသည့်အကြောင်းရင်းကို တိကျသေချာစွာ ခန့်မှန်းနိုင်ပေသည်။ အဖြစ်များဆုံးမှာ ကယ်လ်ဆီယမ်ပါဝင်သည့် ကျောက်ဖြစ်သည်။ အသက် ၂၀ နှင့် ၃၀ ကြားများတွင် ဖြစ်ပွားလေ့ရှိပြီး အမျိုးသားများမှာ အမျိုးသမီးများထက် ပို၍ဖြစ်နိုင်ပေသည်။ ကယ်လဆီယမ်ဓာတ်သည် အခြားသောဓာတ်များနှင့် ပေါင်းစပ်ဓာတ်ပြု၍ ဆီးကျောက်အဖြစ် လူကို ဒုက္ခပေးလေသည်။ အဖြစ်အများဆုံးမှာ အောက်စဲလိတ် (Oxalate) ဖြစ်၍ ဖော့စဖိတ် (Phosphate) နှင့် ကာဗွန်နိတ် (Carbonate) တို့သည်လည်း ဆီးကျောက်ဖြစ်ပေါ်စေသည်။

စတော်ဘယ်ရီ၊ စပျစ်သီး၊ ဇီးသီး၊ ကီဝီသီးစသည့်သစ်သီးဝလံများ၊ ဟင်းနုနယ်၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ တရုတ်နံနံစသည့်ဟင်းသီးဟင်းရွက်များ၊ မြေပဲ၊ သီဟိုဠ်စေ့ စသည့်အစေ့အဆံများ၊ ချောကလက်၊ ပဲပြားစသည့်အစားအစာများတွင် အောက်စလိတ်ပါဝင်သည်။ ထို့ပြင်အူသိမ်ထဲတွင်ဖြစ်ပွားတတ်သည့် ရောဂါအချို့သည်လည်း ကယ်လဆီယမ် အောက်စလိတ် (Calcium Oxalate) ပါဝင်သော ဆီးကျောက်များ ဖြစ်ပွားနိုင်ချေကို မြင့်မားစေသည်။ Cystinuria ဟုခေါ်သော ဆီးထဲတွင် စစ်စတင်းဓာတ်များ ပါဝင်နေသည့် ရောဂါဝေဒနာရှင်များတွင်မူ စစ်စတင်း(Strurite) ပါဝင်သည့် ဆီးကျောက်ဖြစ်ပွားနိုင်သည်။ ထို Cystinuria ရောဂါသည်မျိုးရိုးလိုက်နိုင်သလို ဖြစ်ပွားနိုင်ချေမှာလည်း အမျိုးသား၊ အမျိုးသမီးနှစ်ယောက်လုံးအတွက် တူညီသည်။

အမျိုးသမီးများသည် သဘာဝအရ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပိုမိုဖြစ်ပွားနိုင်သည့်အတွက် စတရူမိုက် (Strurite)ပါဝင်သော ဆီးကျောက်များပိုအဖြစ်များသည်။ ထိုစထရူမိုက်ကျောက်များသည် အရွယ်အစား အလွန်ကြီးမား၍ ကျောက်ကပ်၊ ဆီးပြွန်နှင့် ဆီးအိမ်များထဲတွင် သွားရောက်ပိတ်ဆို့နေနိုင်သည်။ အမျိုးသားများတွင်မူ ယူရစ်အက်ဆစ် (Uric acid) ပါဝင်သည့် ဆီးကျောက်များ ပိုမိုဖြစ်ပွားနိုင်သည်။ ထိုအမျိုး အစား ဆီးကျောက်များသည် ဂေါက် (Gout) ဟု ခေါ်သည့် အဆစ်ယောင်ရောဂါ ဝေဒနာရှင်များတွင် ဖြစ်နိုင်သလို ကင်ဆာရောဂါဖြစ်ပွား၍ ကင်ဆာဆေးသွင်းကုသမှု (Chemotherapy) ခံယူနေရသူများတွင်လည်း ဖြစ်နိုင်သည်။ အချို့သော ဆီးကျောက်အမျိုးအစားများသည် မွေးရာပါဆီးလမ်းကြောင်း ချွတ်ယွင်းမှုပြဿနာများကြောင့်လည်း ပေါ်ပေါက်လာတတ်သည်။

‘ဆီးကျောက်ရှိနေပြီဆိုရင် ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမှာလဲ။’

ကျောက်ကပ်မှဆီးကို ဆီးအိမ်ထဲသို့ ပို့ပေးရသော ယူရီတာခေါ် ဆီးပြွန်အတွင်းသို့ ဆီးကျောက်တုံး ရောက်ရှိလာသည့်တိုင် ဆီးကျောက်တည်ခြင်းမှာ မည်သည့်ရောဂါလက္ခဏာကိုမျှ မခံစားရဘဲ ရှိနေတတ်သည်။ ထိုသို့ ဆီးပြွန်ထဲသို့ရောက်ရှိလာသော ဆီးကျောက်သည် ကျောက်ကပ်မှ ထွက်လာသောဆီးကို အောက်သို့ဆက်မဆင်းနိုင်အောင် ပိတ်ဆို့ပစ်လိုက်လေသည်။ ထိုအခါ ဆီးကျောက်ရှိနေသည့် ကျောက်ကပ်မှာ ရောင်ရမ်း၍ နာကျင်မှုကို ခံစားရတော့သည်။ များသောအားဖြင့် ထိုနာကျင်မှုမှာ မခံနိုင်အောင် ဆိုးရွားတတ်ပေသည်။

အဓိကရောဂါလက္ခဏာမှာ ပြင်းပြင်းထန်းထန် ဗိုက်အောင့်ခြင်း (သို့မဟုတ်) ခါးကိုက်ခြင်းပင်ဖြစ်သည်။ ထိုဝေဒနာသည် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သလို ရုတ်ချည်းလည်း သက်သာသွားနိုင်သည်။ တစ်ခါတစ်ရံ ပေါင်ခြံနေရာတွင် နာကျင်မှုခံစားရတတ်သလို အမျိုးသားများ တွင်မူ ဝှေးစေ့နာကျင်ခြင်းပင် ဖြစ်ပေါ်နိုင်သည်။ အခြားသော လက္ခဏာများမှာမူ - ဆီးအရောင်ပုံမှန်မဟုတ်ခြင်း၊ ဆီးထဲတွင်သွေးပါခြင်း၊ ချမ်း၍တုန်ခြင်း၊ အဖျားတက်ခြင်း၊ ပျို့ခြင်းနှင့် အန်ခြင်းတို့ဖြစ်ကြသည်။

‘ဆီးကျောက်ဝေဒနာရှင်လို့ သံသယရှိရင် ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်မှာလဲ။’

စမ်းသပ်မှုအနေဖြင့်မူ ၀မ်းဗိုက် (သို့) ခါးနေရာမှာ လက်ဖြင့်စမ်းသပ်ကြည့်ရုံဖြင့်ပင် နာကျင်နေနိုင်သည့်အတွက် အကိုက်အခဲပျောက်ဆေး များကိုပင် သောက်ရန်လိုအပ်နိုင်သည်။ ဆီးကျောက်ဟု သံသယရှိပါက စမ်းသပ်မှုထက် စစ်ဆေးမှုများကို ဦးစားပေး၍ လုပ်ဆောင်ရမည်။ သွေးထဲရှိ ယူရစ်အက်ဆစ် ပမာဏကို စစ်ဆေးခြင်း၊ ဆီးထဲတွင် သွေးနီဥပါမပါနှင့် အစိုင်အခဲမှုန် (Crystals) လေးများပါမပါ စစ်ဆေးခြင်းတို့ကို ပြုလုပ်ရမည်။ စစ်ဆေးမှုအဖြေများအရ ဆီး (သို့မဟုတ်) သွေးထဲတွင် ကယ်လဆီယမ် (သို့) အောက်စဲလိပ် (သို့) ယူရစ်အက်ဆစ်ပမာဏများ မြင့်တက်နေနိုင်သည်။ ထို့အပြင် ၀မ်းဗိုက်ကို ကွန်ပျုတာဓာတ်မှန် (CT Scan)၊ သံလိုက်ဓာတ်မှန် (MRI)၊ ဓာတ်မှန် (Xray) ရိုက်ခြင်း၊ ဆေးသွင်း၍ ဆီးလမ်းကြောင်းတစ်လျှောက် ဓာတ်မှန်ရိုက်ခြင်း (Intravenous Pyelogram-IVU)၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခြင်း (USG) စသည်ဖြင့် ဆီးကျောက်ကို ပုံရိပ်ဖော်ပေးနိုင်သည့် နည်းလမ်းများကို အသုံးပြုရပေမည်။

‘ဆီးကျောက်တည်ခြင်းဝေဒနာကို ခံစားရပါက ဘယ်လိုမျိုးကုသမှုကို ခံယူရမလဲ။’

အဓိကအနေဖြင့် ခံစားရသော ရောဂါက္ခဏာများ သက်သာအောင်နှင့် ထိုလက္ခဏာများ ထပ်မံဖြစ်ပွားမှုမရှိအောင် ကာကွယ်ကုသရပေ မည်။ ဆီးကျောက်ဝေဒနာရှင်သည် ဆီးများများ သွားစေရန်အတွက် တစ်နေ့လျှင် ရေဖန်ခွက် (၆) ခွက်မှ (၈) ခွက်အထိ သောက်သုံးရမည်။ အချို့သောလူနာများတွင် အကြောဆေးသွင်းရန်ပင် လိုအပ်နိုင်သည်။ ဆေးပညာအသုံးအနှုန်းအရ ရီနယ်ကိုးလစ် (Renal Colic) ဟု အသိများသည့် နာကျင်မှုဝေဒနာကို သက်သာနိုင်စေရန် အကိုက်အခဲပျောက်ဆေးများ (NSAID) လိုအပ်နိုင်သည်။

အရွယ်အစားသေးငယ်သော ဆီးကျောက်လေးများသည် ဆီးထဲတွင် အလိုအလျောက်ပါသွားနိုင်သည်။ ထိုကဲ့သို့ ပါသွားသော ဆီး ကျောက်ကို ဓာတ်ခွဲစစ်ဆေးခြင်းအားဖြင့် အမျိုးအစားကို သိရှိနိုင်သည်။ ဖြစ်ပွားသည့် ဆီးကျောက်အမျိုးအစားနှင့် ရောဂါလက္ခဏာများ ပြင်းထန်မှုအခြေအနေတို့ပေါ်တွင် မူတည်၍ ကုထုံးကိုလည်း သင့်လျော်ရာ ရွေးချယ်ကုသရသည်။ရောဂါလက္ခဏာ ပြင်းထန်သူလူနာများမှာ ဆေးရုံတက်ရန်ပင် လိုအပ်နိုင်သည်။ ဆီးကျောက်အမျိုးအစားပေါ်မူတည်၍ ထိုဆီးကျောက်ကို ကြေမွပျက်စီးသွားစေရန် (သို့) ထိုဆီးကျောက် ဖြစ်ပေါ်စေသည့် ဓာတ်များခန္ဓာကိုယ်ထဲတွင် နည်းသွားစေရန် (သို့) ထိုဆီးကျောက် ထပ်မံကြီးမားလာခြင်း မရှိစေရန် လိုအပ်သည့်ဆေးဝါးများကို ဆရာဝန်က ညွှန်ကြားပေးလိမ့်မည်။

ထိုဆေးဝါးများမှာ ယူရစ်အက်ဆစ်လျှော့ချပေးသည့် Allopurinol၊ စထရူဗိုက်ပါဝင်သည့် ဆီးကျောက်များအတွက် ပိုးသတ်ဆေးများ (Antibiotics)၊ ဆီးဆေးများ (Diuretics)၊ ဖော့စဖိတ် ပါဝင်သောအရည်များ (Phosphate Solution)၊ ဆီးကို အက်ဆစ်ဓာတ် နည်းသွားအောင် ပြုလုပ်ပေးသည့် ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်၊ ဆိုဒီယမ်စစ်ထရိတ်များ (Sodium Bicarbonate, Sodium Citrate) စသည်တို့ဖြစ်ကြသည်။

ဆီးကျောက်မှာ ဆီးထဲတွင် ပါမသွားနိုင်အောင် အရွယ်အစားကြီးမားလွန်းပါက (သို့) တဖြည်းဖြည်းနှင့် ပိုမိုကြီးမားလာပါက (သို့) ဆီးလမ်းကြောင်းတွင် ပိတ်ဆို့နေသည့်အတွက် ကျောက်ကပ်ထိခိုက်ပျက်စီးမှုရှိလာနိုင်ပါက ခွဲစိတ်ကုသမှုပြုလုပ်ရန် လိုအပ်လာနိုင်ပေသည်။ ယနေ့ခေတ်တွင်မူ နောက်ဆုံးပေါ်ကုထုံးသစ်များ ပေါ်ပေါက်လာပေသည်။ ထိုကုထုံးသစ်များမှာမခွဲမစိတ်ဘဲ ဆီးကျောက်ခြေခြင်း (Extracorporeal Shock- Wave Lithotripsy-ESWL)၊ ၀မ်းဗိုက်တွင် အပေါက်ဖောက်၍ ဆီးကျောက်ဆွဲထုတ်ခြင်း (Percutaneous Nephrolithotomy)၊ မခွဲစိတ်ဘဲ ဆီးပြွန်မှ ဆီးကျောက်ထုတ်ယူခြင်း (Ureteroscopy) စသည်တို့ဖြစ်သည်။

ESWL ဟု ခေါ်သည့် မခွဲစိတ်ဘဲ ဆီးကျောက်ခြေခြင်းနည်းလမ်းကို ကျောက်ကပ်နှင့် အနီးဆုံးနေရာများတွင် ဖြစ်ပွားသည့် အရွယ်အစား သေးငယ်သော ဆီးကျောက်များအတွက် အသုံးပြုသည်။ ထိုနည်းလမ်းမှာ အသံလှိုင်း (သို့) လျှပ်စစ်လှိုင်းကို အသုံးပြု၍ ဆီးကျောက်တုံးကို ခြေခွဲပစ်ခြင်းဖြင့် ဆီးကျောက်များ တစ်စစီဖြစ်ကာ ဆီးထဲတွင်ပါသွားလေသည်။

Percutaneous Nephrolithotomy ဟုခေါ်သည့် ၀မ်းဗိုက်တွင် အပေါက်ဖောက်၍ ဆီးကျောက် ဆွဲထုတ်ခြင်းနည်းလမ်းကို ကျောက်ကပ် နှင့် ကျောက်ကပ်အနီးတွင် ဖြစ်ပွားသည့်အရွယ်အစားကြီးမားသော ဆီးကျောက်တုံးများအတွက် အသုံးပြုသည်။ ကျောက်ကပ်၏အပေါ်ရှိ ၀မ်းဗိုက် အရေပြားတွင် အပေါက်ငယ်ကလေးဖောက်ကာ Endoscope ဖြင့် ဆီးကျောက်ကို ဆွဲထုတ်ဖယ်ရှားပစ်ခြင်းဖြစ်သည်။

Ureteroscopy ဟုခေါ်သော မခွဲစိတ်ဘဲ ဆီးပြွန်မှ ဆီးကျောက်ထုတ်ယူခြင်း နည်းလမ်းကိုမူ ဆီးလမ်းကြောင်းအောက် ဘက်ပိုင်းတွင် ဖြစ်ပွားတတ်သည့် ဆီးကျောက်များအတွက် အသုံးပြုသည်။ အကယ်၍ ဤနည်းစနစ်များဖြင့် ကုသရန်မဖြစ်နိုင်သော ဆီးကျောက်များအတွက် ခွဲစိတ်၍ ဆီးကျောက်ထုတ်ယူခြင်း ပြုလုပ်ရန် လိုအပ်နိုင်ပေသည်။

‘ဆီးကျောက်တည်ခြင်းဝေဒနာက ပြန်လည်သက်သာ ကောင်းမွန်နိုင်ပါ့မလား။’

ဆီးကျောက်တည်ခြင်းကြောင့် အလွန်နာကျင်ခံစားရသော်လည်း ဆီးကျောက်ထွက်သွားသည့်အခါတွင် များသောအားဖြင့် မည်သည့် ထိခိုက်ပျက်စီးမှုမှ မကျန်ခဲ့နိုင်ပေ။ ဆီးကျောက်ဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းကို မရှာဖွေ၊ မကုသဘဲ ထားလိုက်ပါကမူ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားနိုင်သည်။

‘ဆီးကျောက်တည်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်လား။’

ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ ဆီးကျောက်ဖြစ်ပွားသည့် ကျောက်ကပ် အလုပ်မလုပ်တော့ခြင်း၊ အမာရွတ်ဖြစ်ခြင်း (Renal Scarring)၊ ဆီးပြွန်ပိတ်သွားခြင်း (Acute Unilateral Obstructive Uropathy)၊ ထပ်မံ၍ ဆီးကျောက်တည်ရန် အလားအလာ ရှိခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းစသည်တို့ဖြစ်သည်။

‘ဆီးကျောက် ထပ်မံမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ၊၊’

အကယ်၍ ဆီးကျောက်ဝေဒနာကို ခံစားရဖူးသည်ဆိုပါက တစ်နေ့လျှင် ရေ (၈) ဖန်ခွက်ခန့် သောက်သုံးရန် လိုအပ်ပါသည်။ ဖြစ်ပွား ခဲ့သည့် ဆီးကျောက်အမျိုးအစားပေါ်မူတည်၍ ထပ်မံဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရန် ဆေးဝါးများသောက်သုံးရန်နှင့် အစားအစာများ စားသုံးသည့် ပုံစံကို ပြောင်းလဲပစ်ရန်လည်း လိုအပ်နိုင်ပေသည်။

Our Dear Readers, WE CARE YOUR HEALTH.

Yangon Health Guide, the most complete and compact guide book of health for you, for your family and for the one you love.

Now, available at all branches of City Mart. So, you can get YHG easily during your shopping time.

And also available at စာပေလောက (လှည်းတန်း) ၊ စာပေလောက (၂-ပန်းဆိုးတန်း) ၊ စာပေလောက (၅-ပန်းဆိုးတန်း) ၊ စာပေလောက (၇-တောင်ဥက္ကလာ) ၊ စာပေလောက (၈-မြောက်ဥက္ကလာ)၊ ကျိုက္ကဆံ Super One၊ အင်းဝစာအုပ်တိုက် (ပန်းဆိုးတန်း)၊ အင်းဝစာအုပ်တိုက် (လှည်းတန်း)၊ စာပေရတနာ၊ TAB book centre၊ ရာပြည့်စာအုပ်ဆိုင်၊ အရုဏ်သစ်စာပေ (ဗိုလ်ချုပ်လမ်း)၊ အရုဏ်သစ်စာပေ (ကုန်သည်လမ်း)၊ ပြည့်ဝေကျော်စာပေ၊ ပညာရွှေတောင် အမေ့အိမ်စာပေ၊ စောဦးစာပေ၊ ၀ါးတန်း Medical Book Centre၊ စာပေဗိမာန်၊ နေစေးစာပေ၊ All branches of Orange Supermarket, United Living Mall Shopping Centre, Myanmar Big Shop, Feel Myanmar ရှေ့ (ပြည်ထောင်စုရိပ်သာလမ်း)။

For further more information, please contact us by telephone or email. It is easy to get in touch with us. So, give us your feedback or let us know what we can do to help you today.

Tel: 09 - 508 4196, 09 - 49 717 919
Email: yangonhealthguide@gmail.com

0 comments:

Post a Comment

Facebook Like Page