Wednesday, October 22, 2014

ပြည် န၀ဒေးစီးပွားရေးဇုံအနီး သိမ်းဆည်းခံ မြေကွက်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိဟုဆို

Leave a Comment
သီဟလွင် (ပြည်)၊ မြစ်မခ

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့အစွန် န၀ဒေးစီးပွားရေးဇုံအနီးရှိ မြေကွက်အချို့အား ပြည်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေးအာဏာပိုင်များ၊ဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့တို့မှ ခွဲဝေယူခဲ့သော မြေကွက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိကြောင်း ဒေသခံများနှင့် ပြည်မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထောက်အကူပြုအဖွဲ့ဝင်များက ပြောဆိုသည်။

ပြည်မြို့ပြင် န၀ဒေးစီးပွားရေးဇုံအတွက် ၁၉၉၈- ၉၉ ခုနှစ်ကသိမ်းယူခဲ့ပြီး အဆိုပါစီးပွားရေးဇုံဘေးရှိ အကောင် အထည်မဖော်ဖြစ်သောမြေများကို ခရိုင်အုပ်ချုပ်ရေးအဆင့်၏အမိန့်ဖြင့် ၂၀၁၄ နှစ်၊ မေလက ပေ (၄၀x၆၀) မြေကွက် (၃၈)ကွက်ရိုက်ကာ မူလသိမ်းဆည်းခံ တောင်သူနှစ်ဦးအပါအ၀င် သားသမီးများအတွက် မြေကွက် (၅)ကွက် ပြန်လည်ချထားပေးခဲ့ပြီး ကျန်ရှိသောမြေကွက်များကို ဂုဏ်သရေရှိလူကြီးမင်းများ အတွက်ဟုဆိုကာ အုပ်ချုပ်ရေးအာဏာပိုင်များ၊ ဌာနဆိုင်ရာများ လွှတ်တော်ကိုယ်စားလှယ်များမှ ခရိုင်အုပ်ချုပ်ရေးရုံးသို့ တစ်ကွက် လျှင် ငွေဆယ်သိန်းသွင်းကာ သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ပြည်မြို့ထောက်ကူအဖွဲ့များက ပြောဆိုသည်။

“စီမံကိန်းပြီးတော့ပိုတာလေးတွေ ပြန်တောင်းတာမှာ အခုအကွက်ရိုက်လိုက်တဲ့ (၃၈) ကွက်ကို မောင်နှမ ၅ ယောက်အတွက် ၅ ကွက်ပေးတယ်။ သိမ်းပြီးသားဆိုတော့ ကျေနပ်လိုက်တော့လို့ပြောတယ်။ကျွန်မတို့ကလည်း ဘာမှမသိတော့လက်ခံလိုက်တယ်”ဟု မူလပိုင်ရှင်တစ်ဦး၏သမီးဖြစ်သူ ဒေါ်ယဉ်ယဉ်အေးက ပြောသည်။

အဆိုပါခွဲဝေမှုတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှုးဇနီး၊ခရိုင်ရဲမှူး၊ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဒုအုပ်ချုပ်ရေးမှူး၊ ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေတောင်မြို့ နယ်အုပ်ချုပ်ရေးမှူး၊သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ခရိုင်စီမံကိန်းဦးစီးမှူး၊ ခရိုင်ဒုဦးစီးမှူး(၂)ဦး၊ခရိုင်မြေစာရင်းမှူး၊ မြို့နယ်မြေစာရင်းဦးစိးမှူး၊မြေတိုင်းစာရေး(၂)ဦး၊ ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်(၄)ဦး၊မိုးညိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး၊ န၀ဒေးရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှခွဲယူခဲ့ပြီး မြေကွက်(၆) ကွက်မှာ ဖော်ထုတ်မရပဲ ပျောက်ဆုံးနေကြောင်း ပြည်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထောက်ကူပြုအဖွဲ့ ၀င်များထံမှသိရသည်။

အဆိုပါခွဲဝေယူကြသူများမှာ အကွက်ရိုက်စဥ်မေလအတွင်း တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး အချို့ဌာန ဆိုင်ရာအကြီးအကဲများမှာ အခြားနယ်များသို့ ပြောင်းရွေ့သွားသူများအပါအ၀င် လက်ရှိတာဝန် ထမ်းဆောင်လျှက် ကျန်ရှိနေသေးသူများလည်းရှိကြောင်း သိရသည်။

“ခရိုင်အုပ်ချုပ်ရေးမှုးသည်ကိုယ့်ခရိုင်အတွင်းမှာ မြေယာဖော်ထုတ်ပိုင်ခွင့်ရှိတယ် မြို့အတွက်အကျိုးပြုမယ့် ဟာ လုပ်မှမြို့ကလက်ခံမှာ အဲဒီ(၃၈)ကွက်က စာသင်ကျောင်းတွေလုပ်မှာလား မိဘမဲ့ဂေဟာ တွေလုပ်မှာလား အဲလိုမဟုတ်ပဲနဲ့ သူတို့ပဲငွေသွင်းပြီး ဈေးတွေးတက်မှပြန်ရောင်းတာမျိုးတော့ မဖြစ်သင့်ဘူး”ဟု ပြည်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်အထောက်ကူပြုအဖွဲ့ဝင် ဦးတင်ဌေးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်မြို့နယ်မြစာရင်း ဦးစီးမှုးဦးဇော်ဝင်းက မြေစာရင်းရုံးမှမြေပုံအား ကြည့်ခွင့်မရှိကြောင်း အစိုးရစီမံန့်ခွဲပိုင်ခွင့်အရချထားပေးခြင်းဖြစ်ကြောင်း၊ အဆိုပါမြေကွက်များအား အစိုးရထံမှလျှောက်ယူခြင်းမဟုတ်ပဲ ကောလိပ်တော်အရာရှိ၏လုပ်ပိုင်ခွင့်အရ လုပ်ယူခြင်းဖြစ်ကြောင်း ၄င်းအမည်ပေါက်ဖြင့်လည်းတစ်ကွက် ရရှိကြောင်း အဆိုပါမြေသည် လန(၃၉)ပေါက်ပြီးသားမြေဖြစ်သလို မူလပိုင်ရှင်များကိုလည်း ကျေနပ်လောက်သည်အထိလျော်ကြေးမြေနေရာများ ပြန်လည်အစားပေးပြီးသား ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့လုံးဝမကျေနပ်ဘူး သူတို့ခွဲယူသွားတုန်းကလည်းဘယ်သူမှမသိလိုက်ဘူး။ အမှန်တကယ်ဆို ဒီကိစ္စတွေကို အများပြည်သူတွေသိရှိအောင် ပွင့်ပွင့်လင်းလင်းနဲ့သေသေချာချာပြသင့်တယ် အခုတော့သူတို့က အဲဒီအကွက်တွေကို ပြန်ပြီးရောင်းစားနေတာ အခုဆိုဆယ်ကွက်လောက်တောင်ရှိပြီ”ဟု အဆိုပါ အကွက်ရိုက်ရယူခဲ့သော န၀ဒေးရပ်ကွက်အတွင်းနေထိုင်သူ ရပ်ထောက်ကူအဖွဲ့မှ ဦးအုန်းမြင့်ကပြောသည်။

အဆိုပါန၀ဒေးစီးပွားရေးဇုံစီမံကိန်းပြုလုပ်သည်မှာ(၁၄)နှစ်ကျော်ကြာမြင့်ပြီဖြစ်သော်လည်း ပြီးဆုံးသေးခြင်း မရှိသေးပဲ အသုံးမပြုပဲ ကျန်ရှိနေသော လယ်ယာမြေများကို ဌာနဆိုင်ရာ အာဏာပိုင်များအတွက် အကွက် ရိုက်ယူမှုမှာ ပေ ၄၀x၆၀ အကွက်ပေါင်း (၉၃)ကွက်ရှိကြောင်း ပြီးခဲ့သည်စက်တင်ဘာလအတွင်းက ပြည်ထာင်စုလွှတ်တော်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစပ်းရေးကော်မရှင်သို့ သိမ်းဆည်းခံ လယ်သမားများ ပေးပို့သောစာတွင် ဖော်ပြပါရှိသည်။

“အရင်အစိုးရလက်ထက်ဆက်ဆက်ကတည်းက နယ်တစ်ခုကိုလူကြီးပြောင်းလာပြီဆိုရင် အကွက်ရိုက်ဖို့ အရင်ကြိုးစားတာ အဲဒါမှ သူတို့အတွက်ကျန်မှာလေ အဲဒါတွေကို ဒီဘက်ခေတ်အထိ ခေါက်ရိုးကျိုး နေတုန်းပဲ”ဟု ပြည်မြို့ခံတပ်မတော်အငြိမ်းစားတစ်ဦးက ပြောသည်။

အဆိုပါမြေကွက်နေရာများမှာ ကာလပေါက်ဈေး သိန်း(၇၀)ခန့်ထိရှိနေပြီး အဆိုပါစီးပွားရေးဇုံအတွက် အသုံးပြုခြင်းမရှိသော မြေကွက်များအား မူလပိုင်ရှင်များက ပြန်လည်လိုချင်ကြောင်းနှင့် အဆိုမြေကွက် ကိစ္စများနှင့် ပွင့်လင်းမြင်သာစွာချပြရန်လိုကြောင်း န၀ဒေးရပ်ကွက်နေပြည်သူများနှင့် မူလပိုင်ရှင်များက ပြောဆိုသည်။

0 comments:

Post a Comment

Facebook Like Page