Wednesday, October 22, 2014

တောင်ကြီး မီးပုံးပျံပြိုင်ပွဲ ဆုကြေးတိုးမြှင့်

Leave a Comment
Written by  ဂျွန်ချစ်ငြိမ်း 

တောင်ကြီး (မဇ္ဈိမ) ။ ။ ၂၀၁၄ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် ပြိုင်ပွဲဝင် ဆုရမီးပုံးပျံများ ယခင်နှစ်ကထက် ဆုကြေးတိုးမြင့်ပေးမည်ဟု ကျင်းပရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

မီးပုံးပျံအမျိုးအစားများဖြစ်သည့် ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ်အရုပ် အမျိုးအစားများ အားလုံး၏ ဆုကြေးငွေပမာဏကို ကျပ် ၁၅ သိန်း အမြင့်ဆုံးထား၍ တိုးမြှင့်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
"ပြည်နယ်ဝန်ကြီးချုပ်က ဆုကြေးတွေ ယခင်နှစ်ပြိုင်ပွဲက ထပ်တိုးမြှင့်ပေးထားတာပါ” ဟု ဦးတင်ဝင်း က ဆိုသည်။
ယခင်နှစ်က ကျပ် ၄၅ သိန်း သတ်မှတ်ခဲ့သော ညမီးကြီး မီးပုံးပျံ ပထမဆုကို ကျပ်သိန်း ၆၀၊ ဒုတိယဆု ၄၅ သိန်း၊ တတိယဆု ၃၈ သိန်း၊ စတုတ္ထဆု ၃၅ သိန်း၊ ကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့သည့် စိန်နားပန် မီးပုံးပျံ ပထမဆုကို ကျပ် ၂၅ သိန်း၊ ဒုတိယဆု သိန်း ၂၀၊ တတိယဆု ၁၈ သိန်း၊ စတုတ္ထဆု ၁၅ သိန်း ချီးမြှင့်မည်ဟု ထုတ်ပြန်ထားသည်။ ယင်းအပြင် ပဉ္စမမှ ဒဿမအထိ ဆုကြေးငွေ ကျပ်ငါးသိန်း ချီးမြှင့်မည်ဟု ဆိုသည်။
နေ့လွတ်အရုပ်ပြိုင်ပွဲ ပထမဆုကိုမူ ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၄ သိန်းနှင့် တတိယဆု ကျပ်နှစ်သိန်း ပေးအပ်ရန် စီစဉ်ထားသည်။
"ဆုကြေးတွေ တိုးပေးတာထက် ဆုအရေအတွက် ပိုတိုးပြီးပေးသင့်တယ်၊ နောင်မျိုးဆက်တွေ ဆုထဲဝင်လာမှ လုပ်ရကိုင်ရတာ ပိုအားရှိလာမယ်” ဟု ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်သူက ပြောသည်။ အခြားသော မီးပုံးပျံအဖွဲ့အချို့ကလည်း ယင်းသို့ ရှုမြင်မှုကို သဘောတူသည်ဟု ဆိုသည်။
အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ တောင်ကြီးမြို့ အဝေရာကွင်းတွင် ကျင်းပမည့် မီးပုံးပျံပွဲတွင်  ညမီးကြီး ၈၉ လုံး၊ စိန်နားပန်  ၃၄ လုံး၊ နေ့လွတ် ခြေနှစ်ချောင်းအရုပ် ၉၀၊ ခြေလေးချောင်း အရုပ် ၆၂  လုံးပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်ဟု ကျင်းပရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးတင်ဝင်းက အတည်ပြုသည်။
 

0 comments:

Post a Comment

Facebook Like Page