Monday, November 21, 2016

ပြည်မြို့တွင် ရေဘးအလှူကိစ္စများနှင့်ပတ်သက်၍ မြို့နယ် NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲခံရ

Leave a Comment
ပြည်မြို့တွင် ရေဘးအလှူကိစ္စများနှင့်ပတ်သက်၍ မြို့နယ် NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲခံရ


သီဟလွင် (မြစ်မခ)
ပြည်၊ နိုဝင်ဘာ(၂၁)ရက်။
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ရေးဘေးအလှူကိစ္စများနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာတွင် ရေးတင်ခဲ့သူ ပြည်မြို့နယ် NLD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံအား ပုဒ်မ(၆၆)ဃဖြင့် တရားစွဲဆိုထားပြီး နိုဝင်ဘာ (၂၁)ရက်နေ့တွင် ပထမဆုံးအကြိမ် တရားရုံးတင်ခဲ့ကြောင်း ပြည်မြို့နယ်တရားရုံးမှ သိရှိရသည်။
ပြည်မြို့တွင် သြဂုတ်လအတွင်း ဧရာဝတီမြစ်ရေ ရေလွှမ်းမိုးမှုများနှင့်ပတ်သက်၍ ကယ်ဆယ်ရေးစခန်းများ အသီးသီးဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ န၀င်းနယ်မြေ ၀ါရုံမူလွန် ရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၄၈ အိမ်ထောက်စုကိုကယ်ဆယ်ရေးအနေဖြင့်ဆောင်ရွက်ပေးခဲ့ပြီး ထိုနေရာသို့ လာရောက်လှူဒါန်းသော ငွေတစ်သိန်းကျပ်နှင့် အ၀တ်အစားထုတ်များကို ဒုက္ခသည်မရသည့် ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက် စာမျက် နှာတွင် ပျံနှံ့လာပြီးနောက် နှစ်ဦးနှစ်ဘက် မျက်နှာခြင်းဆိုင်ဖြေရှင်းမှုများပြုလုပ်ခဲ့သေးသော်လည်း ပြေလည် ခြင်းမရှိဘဲ ယခုကဲ့သို့ တရားစွဲဆိုသည့်အဆင့်ထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ န၀င်းနယ်မြေ၀ါရုံကျောင်းကိုလည်းမလာဘဲနဲ့ ဇစ်မြစ်ကိုလည်း သေချာ မစုံစမ်းဘဲနဲ့ လိုင်းပေါ်တင်ခဲ့တဲ့အတွက် တရားစွဲဆိုရခြင်းဖြစ်ပါတယ်။”ဟု တရားလိုပြု အမှုဖွင့် တရားစွဲဆိုသူ န၀င်းဝါရုံမူလွန် ရေဘေးကယ်ဆယ်ရေးစခန်းတွင် အလှူငွေပစ္စည်းများ ခွဲဝေမှုများ တာဝန်ခံ အဖြစ် ဆောင်ရွက်သူ ရာအိမ်မှူးဟောင်း ဦးမောင်မောင်ကပြောသည်။
အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းအား ၂၀၁၆ သြဂုတ် ၃ရက်နေ့မှ ၁၀ ရက်နေ့ထိ တစ်ပတ်ကြာဖွင့်လှစ်ခဲ့ပြီး လာလှူထားသော အ၀တ်ထုတ်များထဲမှ ရာအိမ်မှူး ဦးမောင်မောင်က ကောင်းသည်များကို ယူသွားပြီး ငွေတစ် သိန်းကိုလည်း ကယ်ဆယ်ရေးစခန်းပိတ်သိမ်းသည်အထိ ပေးလှူခြင်းမရှိကြောင်း Kyaw Kyaw Nyan Win အကောင့်မှရေးတင်ခဲ့ပြီး အ၀တ်ထုတ်အားမယူကြောင်းနှင့် ငွေတစ်သိန်းအား ၀ါရုံမူလွန်ကျောင်းအား အများ ဆန္ဒအရပေးလှူထားကြောင်း ရာအိမ်မှူး ဦးမောင်မောင်က ပြန်လည်ဖြေရှင်းမှုများပြုလုပ်ခဲ့သည်။
“ရေဘေးကယ်ဆယ်ရေးစခန်းကို လာလှူတဲ့ ပိုက်ဆံတစ်သိန်းနဲ့ အ၀တ်အစားထုတ်တွေဘယ်ရောက်နေသလဲ တာဝန်ရှိတဲ့သူများဖြေရှင်းပါဆိုပြီး တင်တဲ့သတင်းနဲ့ပတ်သက်ပြီး ၆၆ ဃနဲ့ဆွဲထားတယ်။ကျွန်တော့်ကို စခန်းက ခေါ်စစ်တဲ့အခါမှာ ဒီသတင်းကို တင်သလားလို့မေးတယ်။ လုပ်တဲ့ကိစ္စတစ်ခု မှန်ကန်နေတဲ့အတွက် ဒါကို လုံးဝမဖျက်ဘူး။ ဒီသတင်းကို တင်တယ်။ အဲသတင်း ပတ်သက်ပြီးဖြေရှင်းသော်လည်း အဖြေမရသေးဘူး ဆိုတာ စခန်းမှာ ထွက်ဆိုချက်ပေးတယ်။ အခုအမှုတင်တဲ့အခါမှာ ပိုစ့် (Post)ကိုလည်း ကျွန်တော် ကိုယ်တိုင် ရေးတဲ့အတွက်ကြောင့် လက်မှတ်ထိုးပေးလိုက်တယ်။ မှန်တဲ့အတွက် ဒီဟာနဲ့ ပတ်သက်ပြီးတော့ နောက်ဆုတ်ပြီး ရွံ့ကြောက်နေမှာ မဟုတ်ပါဘူး။” တရားစွဲဆိုခံရသူ ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဥာဏ်ဝင်းက ပြောသည်။
ထိုအငြင်းပွားမှုဖြစ်စဉ်များနှင့် ပတ်သက်၍ ဦးကျော်ကျော်ဥာဏ်ဝင်း ဘက်မှလည်း ထိုဝါရုံမူလွန် ကယ်ဆယ် ရေးကျောင်းတွင် ကူညီဆောင်ရွက်ပေးသူ ပရဟိတသမားများနှင့်ဒေသခံ စုစုပေါင်း ၆ ဦးအား ပုဒ်မ ၄၀၉၊ ၄၀၆ တို့ဖြင့် စက်တင်ဘာလအတွင်း ပြန်လည်တရားစွဲဆို ဦးတိုက်လျှောက်မှုများပြုလုပ်ခဲ့သော်လည်း မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် တရားရုံးများမှ ပုဒ်မမမြောက်ဟုဆိုကာ ပယ်ချမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုတရားစွဲဆိုမှုတွင် ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ နှင့်အတူ ၎င်းပိုစ့်အား ပြန်လည် (share)မျှဝေမှုပြုလုပ်ခဲ့သော ကိုရှိန်းသူအောင်ကိုပါ ပူးတွဲ တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုအား ပြည်မြို့အမှတ် (၁)ရဲစခန်းမှ (ပ) ၁၂၃၉/၂၀၁၆ ဆယ်သွယ်ရေးပုဒ်မ ၆၆ (ဃ)အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကာ ပြည်မြို့နယ်တရားရုံးမှ ရာဇသတ်ကြီးအမှုအမှတ် ၆၃၆၇/၁၆ တရားရုံးတင်ပြီး နောက် ယခုရုံးချိန်းမှာ ပထမဆုံးအကြိမ်ရုံးတင်ခြင်းဖြစ်ပြီး ဒုတိယမြောက် ရုံးချိန်းအား ဒီဇင်ဘာလ (၅)ရက် သို့ပြန် လည်ချိန်းဆိုထားကြောင်း သိရသည်။




0 comments:

Post a Comment

Facebook Like Page