Tuesday, June 7, 2016

၄၂-နှစ်မြောက်အလုပ်သမားအရေးအခင်း နှင့် ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်အခမ်းအနားပြည်မြို့တွင်ပြုလုပ်ခဲ့

Leave a Comment



၄၂-နှစ်မြောက်အလုပ်သမားအရေးအခင်း နှင့် ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်အခမ်းအနားပြည်မြို့တွင်ပြုလုပ်ခဲ့

 

ပြည်၊ဇွန်၊၆

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ဆံတော်ရပ်ကွက်အတွင်းရှိ အောင်ပွဲဝင်မင်္ဂလာခန်းမတွင် ဇွန်-၆ ရက်နေ့ နံနက် ၉း၃၀မိနစ်အချိန်ခန့်က ၄၂-နှစ်မြောက် ၁၉၇၄-ခုနှစ်အလုပ်သမားအရေးအခင်း နှင့် ၇၄-၇၅-၇၆-ခုနှစ် ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါခမ်းအနားတွင် ၁၉၇၄-ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဦးချစ်ဆောင်မှ သဘာမဓိအဖြစ်ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

 

“လက်ရှိရင်ဆိုင်နေရတဲ့ အလုပ်သမားအခွင့်အရေးတွေနဲ့ကျွန်တော်တို့ကျောင်းသားတွေတောင်းဆိုထားတဲ့အချက်၁၁-ချက်အပြည့်အ၀မရသေးဘူး။သိမ်းဆည်းခံထားရတဲ့လယ်ယာမြေတွေပြန်မရသေးတာတွေရှိသေးတယ်။ဖမ်းဆီးခံထားရတဲ့အလုပ်သမားတွေအမြန်ဆုံးလွတ်ပေးစေချင်တယ်။ကျောင်းသားရဲဘော်တွေအားလုံးလည်းအမြန်ဆုံးလွတ်မြောက်စေချင်ပါတယ်။ကျွန်တော်တို့ရဲ့ဆုံးရှုံးနေတဲ့လွတ်လပ်ခွင့်တွေအမြန်ဆုံးပြန်ရချင်ပါတယ်။အဲဒါတွေကို လက်ရှိအစိုးရအား ဒီကနေတောင်းဆိုပါတယ်။”ဟု ပြည်ခရိုင် ဗကသများအဖွဲ့ သတင်း နှင့် ပြန်ကြားရေးတာဝန် ကိုဖြိုးဝေ ကပြောသည်။

 

ယင်းအခမ်းအနားသို့ ပြည်ခရိုင်ဗကသများအဖွဲ့ချုပ် မှကျောင်းသားကျောင်းသူများ၊ပြည်ခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ဆရာကြီးသခင်ကိုယ်တော်မှိုင်းကွန်ယက်၊လက်တွဲကူမယ်-ပြည်လူငယ်သွေးနှင့်အထွေထွေကူညီရေးအသင်း၊လူ့ဘောင်သစ်ပါတီအဖွဲ့ဝင်များ နှင့် ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့၍ အပြန်အလှန်ဆွေးနွေးတောင်းဆိုမှုများ နှင့် သက်ဆိုင်ရာနိုင်ငံရေးအဖွဲ့အစည်းများမှပေးပို့လာသည့် သ၀ဏ်လွှာများဖတ်ကြားခဲ့ကြောင်းသိရသည်။

 

“အလုပ်သမား၊လယ်သမား၊ကျောင်းသားတွေသပိတ်၊လူထုအုံကြွမှုတွေ၊လူထုသပိတ်တွေဖြစ်ရခြင်းအကြောင်းရင်းက ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်ပဲ။ဖိနှိပ်ချုပ်ချယ်မှုတွေဖြစ်နေသမျှဒီလိုတိုက်ပွဲတွေဆက်ဖြစ်နေအုံးမှာပဲ။မြစ်ဆုံကိစ္စပြဿနာတွေ၊စစ်ကိုင်းသစ်စက်အလုပ်သမားကိစ္စတွေအပါဝင် နယ်ပေါင်းစုံမှာဖြစ်နေတဲ့ အလုပ်သမား၊လယ်သမား၊ကျောင်းသားပြဿနာဖြစ်ရခြင်းတွေက ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လို့ပဲမြင်ပါတယ်။ဒီဥပဒေဟာ စစ်ကျွန်ဥပဒေလို့ပဲမြင်ပါတယ်။ဒီ၂၀၀၈-အခြေခံဥပဒေကို မပျက်သမျှ၊မဖျက်သမျှဒီလိုတိုက်ပွဲတွေဆက်ဖြစ်နေအုံးမှာဖြစ်လို့ လက်ရှိအစိုးရအနေနဲ့ ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်ရေးကို လွှတ်တော်ပြင်ပက နိုင်ငံရေးအင်အားစုတွေနဲ့လက်တွဲပြီး ဆောင်ရွက်သွားစေလိုပါတယ်။ဒီဥပဒေကို ပြင်ဖို့မဟုတ်ပဲ ဖျက်ဖို့အတွက်လက်ရှိအစိုးရသစ်ကိုတောင်းဆိုပါတယ်။”ဟု ၁၉၇၄-ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု ကျောင်းသားခေါင်းဆောင်ဟောင်း ဦးချစ်ဆောင်-ကပြောသည်။

 

အဆိုပါ ဇွန်-၆ ရက်နေ့မှာကျရောက်သည့် ၄၂-နှစ်မြောက် ၁၉၇၄-ခုနှစ်အလုပ်သမားအရေးအခင်း နှင့် ၇၄-၇၅-၇၆-ခုနှစ် ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်အခမ်းအနားတွင် လက်ရှိအစိုးရအနေဖြင့် အလုပ်သမားအရေးကိစ္စများ၊ကျောင်းသားရေးရာကိစ္စရပ်များ နှင့် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်းထက် ဖျက်သိမ်းပေးချင်းကိုသာအဓိကလိုလားအပ်ကြောင်း ယင်းအခမ်းအနားတွင် အဓိကထားဆွေးနွေးဟောပြောမှုများပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအင်အား ၄၀-ကျော်တက်ရောက်၍ ထိုနေ့ နံနက် ၁၁-နာရီအချိန်ခန့်တွင်အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။

#ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)




0 comments:

Post a Comment

Facebook Like Page