Friday, June 24, 2016

Leave a Comment



ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုပါဝင်မှု မြှင့်တင်ရေး အလုပ်ရေးဆွေးနွေးပွဲကျင်းပပြုလုပ်ပြီး ယာယီကော်မတီဖွဲ့စည်း

 

ပြည်၊ဇွန်၊၂၄

 

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုပါဝင်မှု မြှင့်တင်ရေး အလုပ်ရေးဆွေးနွေးပွဲအား ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ကမ်းလမ်းရှိ ပထမ-မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားရှိခိုးကျောင်းတွင် ဇွန်-၂၄ ရက်နံနက် ၉-နာရီမှစတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုပါဝင်မှု မြှင့်တင်ရေး အလုပ်ရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ထာဝရငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ပြည်ခရိုင်)တို့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်းသိရသည်။

 

“ငြိမ်းချမ်းရေးကိစ္စတွေမှာလူထုပါဝင်ဖို့ရည်ရွယ်ပြီး လက်ရှိဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးကိစ္စကို ဒီဆွေးနွေးပွဲမှာရှိနေတဲ့ နိုင်ငံရေးပါတီတွေ နဲ့ လူထုအဖွဲ့အစည်းတွေကို ရှင်းလင်းတင်ပြဖို့အတွက်လာခဲ့တာ။လူထုမပါဝင်ဘူးဆိုရင်ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ဒီပွဲမှာ ငြိမ်းချမ်းရေးကိစ္စကို ဆွေးနွေးတင်ပြမယ်။တက်ရောက်လာတဲ့သူတွေဆီက အကြံညာဏ်တွေရယူပါ့မယ်။ပြီးခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလက်မှတ်ရေးထိုးထားတဲ့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ကိစ္စ၊ဒီစာချုပ်နဲ့ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲဘယ်လိုအကောင်ထည်ဖော်ဆောက်ရွက်သွားမယ်ဆိုတာနဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာလူထုပါဝင်ဆောင်ရွက်ဖို့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုဆွေးနွေးသွားမှာပါ။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ဒု-ဥက္ကဌ ဦးမျိုးဝင်း ကပြောသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြီးခဲ့သည့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈-ဖွဲ့တို့က ၂၀၁၅-အောက်တိုဘာ-၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးထားခဲ့သည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ပါအချက်လက်များကိုအဓိကထားဆွေးနွေးသွားခဲ့တာဖြစ်ပြီး ယခုအစိုးရလက်ထက်တွင် ဆောင်ရွက်လျှက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ကိစ္စရပ်များအပေါ်ဆက်လက်ဆွေးနွေးရှင်းလင်းခဲ့ခြင်းများကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

 

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရကြားမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိစ္စတွေကို ပြည်ခရိုင်အတွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဘယ်လိုပါဝင်ဆောင်ရွက်နိုင်မလည်းဆိုတာတွေကိုဆွေးနွေးတဲ့သဘောပါ။ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်မှုအားကောင်းလာမှ လူထုပါဝင်မှုလည်းအားကောင်းလာမယ်။လူထုပါဝင်မှုအားကောင်းလာတာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေအားလုံးအဆင်ပြေအားကောင်းသွားမယ်လို့ယုံကြည်ပါတယ်။ဒီပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးလက်မှတ်ထိုးတဲ့အဖွဲ့အကြောင်းနဲ့လက်မှတ်မထိုးရတဲ့အဖွဲ့အကြောင်းတွေကိုရှင်းပြသွားမယ်။လက်ရှိငြိမ်းချမ်းရေးအခြေအနေကိုပါရှင်းလင်းဆွေးနွေးသွားမှာပါ။ဒီပွဲပြီးသွားရင် ပြည်ခရိုင်မှာကော်မတီတစ်ခုဖွဲ့စည်းပြီး ၂၁ပင်လုံကျင်းပတဲ့အခါအကြိုးသက်ရောက်မှုတွေလည်းရှိမယ်။ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း အကျိုးသက်ရောက်မှုတွေရှိလာမယ်။”ဟု ထာဝရငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ပရောဂျတ်-ဒါရိုက်တာ-ကိုလှိုင်ထွန်းသိန်း-ကပြောသည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲများအား မကွေး၊ပုသိမ်၊ဟင်္သာတ၊ပြည်စသည့်မြို့တွေမှာ ယခုလိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၂၁-ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေးအတွက် ယာယီကော်မတီအနေဖြင့် မကွေး၊ပုသိမ်၊ဟင်္သာတမြို့တွေမှာဖွဲ့စည်းပေးထားခဲ့ပြီး ယနေ့ဆွေးနွေးပွဲအပြီးတွင် ပြည်ခရိုင်အတွင်းမှာဆက်လက်၍ ၂၁-ရာစု ပင်လုံညီလာခံဖြစ်မြောက်ရေးအတွက် ယာယီကော်မတီတစ်ခု ဖွဲ့စည်းသွားမှာဖြစ်ကြောင်းသိရပြီး ယင်းဆွေးနွေးပွဲအား ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ပရဟိတအသင်းအဖွဲ့များ စုစုပေါင်းအဖွဲ့အစည်း ၂၆-ဖွဲ့မှ အင်အား ၆၀-ကျော် တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲအား ထိုနေ့ ညနေ-၅နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)



 

0 comments:

Post a Comment

Facebook Like Page