Tuesday, May 17, 2016

ခရိုင်အဆင့် ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းခြင်းအခမ်းအနားပြုလုပ်၍ သဘောထားကြေငြာချက်များထုတ်ပြန်

Leave a Comment



ခရိုင်အဆင့် ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းခြင်းအခမ်းအနားပြုလုပ်၍ သဘောထားကြေငြာချက်များထုတ်ပြန်

 

ပြည်၊မေ၊၁၇

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ အောင်ပွဲဝင်-မင်္ဂလာခန်းမကြီးတွင် မေ-၁၇ ရက်နေ့နံနက် နံနက်-၉-နာရီအချိန်ခန့်က ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ခရိုင်အဆင့်ဖွဲ့စည်းခြင်းအခမ်းအနားအား ကျင်းပပြုလုပ်၍ Myanmar Venner Ply Wood သစ်အချောထည်စက်ရုံရှိ အလုပ်သမား ၁၆၁-ဦးမတရားအလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်ပြီး နေပြည်တော်သို့ ဆန္ဒထုတ်ဖော်ချီတက်မှုကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ (ပြည်ခရိုင်)အနေဖြင့် သဘောထားထုတ်ပြန်ကြေငြာချက်များ ထုတ်ပြန်ကြေငြာသွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ခရိုင်အဆင့်ဖွဲ့စည်းခြင်းအခမ်းအနားတွင် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေ ၇၀-ရာခိုင်နှုန်းသည် လယ်ယာကဏ္ဍကိုမှီခိုနေကြပြီး လယ်ယာလုပ်ကိုင်သူပေါင်း သန်း-၃၀ခန့်ရှိနေကြောင်းသိရသည်။ထိုအထဲတွင် တောင်သလယ်သမားအများစုမှာ လယ်ယာမြေများမတရားသိမ်းယူခံရခြင်း၊ရပိုင်ခွင့်များဆုံးရှုံးရခြင်း၊မတရားဖမ်းဆီးထောင်ချသတ်ဖြတ်ခံရခြင်းစည့် ဒုက္ခများမှ ကျော်လွှားနိုင်ရန်အတွက် တောင်သူလယ်သမားများအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂပေါ်ပေါက်လာရန်ကြိုးစား၍ ယခုလို ဗဟို၊ပြည်နယ်၊တိုင်း၊ခရိုင်၊မြို့နယ်၊ရပ်ကွက်၊ကျေးရွာဖွဲ့စည်းရခြင်းဖြစ်ကြောင်းသိရသည်။

 

“လယ်သမားတွေဟိုနေရာတစ်ကွက်ဒီနေရာတစ်ကွက်နဲ့ပြဿနာတွေတက်နေတာကြာပြီ အခုလိုစုစုစည်းစည်းနဲ့သမဂ္ဂဖွဲ့လိုက်တော့ လယ်သိမ်းယာသိမ်းကိစ္စတွေဖြေရှင်းရတာပိုအဆင်ပြေသွားမယ်လို့ယုံကြည်တယ်။ပြည်ခရိုင်အတွင်းမှာဆို ပန်းတောင်းမြို့နယ်ထဲက လယ်သိမ်းယာသိမ်းကိစ္စတွေကအဆိုးဝါးဆုံးကြုံတွေ့ခံစားနေကြရပါတယ်။သဲကုန်းမြို့နယ်ထဲက အောင်ကုန်းကျေးရွာမှာလည်း မတရားသိမ်းဆည်းခံလယ်မြေပြဿနာတွေရှိနေပါတယ်။ဒီလိုလယ်သိမ်းယာသိမ်းကိစ္စတွေကို ကျွန်တော်တို့ သမဂ္ဂအနေနဲ့ ဦးဆောင်ဖြေရှင်းသွားမှာဖြစ်ပါတယ်။တစ်နိုင်ငံလုံးမှာလယ်သမားအရေးလုပ်ဆောင်နေကြတာထိထိရောက်ရောက်မအောင်မြင်တာတွေများနေတယ်။အဲဒါကြောင့်လည်းအားလုံးနဲ့သက်ဆိုင်အောင်  ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ဆိုပြီးအမည်ခံယူပြီးမဖြစ်မနေဖွဲ့စည်းလိုက်ရတာပါ။ဒီအဖွဲ့အစည်းကို တိုင်းနဲ့ပြည်နယ် ၁၄-ခုမှာ ယာယီဖွဲ့စည်းပြီးသွားပါပြီ။အခုလည်းခရိုင်အလိုက် တိုင်းအလိုက်တွေဖွဲ့ပြီးရင် ညီလာခံလုပ်ဖို့တွေအထိရှိနေပါတယ်။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်ဆန်း-ကပြောသည်။

 

 

အဆိုပါ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ ခရိုင်အဆင့်ဖွဲ့စည်းခြင်းအခမ်းအနားတွင် စစ်ကိုင်းမြို့၊ပတ္တမြားစက်မှုဇုံ၊Myanmar Venner Ply Wood သစ်အချောထည်စက်ရုံရှိ အလုပ်သမား ၁၆၁-ဦးမတရားအလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်ပြီး နေပြည်တော်သို့ ငြိမ်းချမ်းစွာချီတက် ဆန္ဒထုတ်ဖော်တောင်းဆိုမှု၍ ခရီးရှည်ချီတက်ခြင်း သပိတ်တိုက်ပွဲ နှင့်ပတ်သက်ပြီး ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ(ပြည်ခရိုင်)အနေနှင့် အစိုးရသစ်အား ဘက်မလိုက်ဘဲ ညှိနိုင်းမှုပြုလုပ်ရန်တောင်းဆိုမှု နှင့် ယခင်ကျောင်းသားသပတ်(လက်ပံတန်း)အကြမ်းဖက်ဖြေရှင်းနည်းမျိုး နှင့် အလုပ်သမားသပိတ်အား တားဆီးဖြိုဖျက်ခြင်းမပြုရန် ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ(ပြည်ခရိုင်)မှ သဘောထားကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

 

“လွှတ်တော်တွင်း တစ်ခုတည်းနဲ့လည်း နိုင်ငံရေးလမ်းကြောင်းပေါ်လျှောက်လို့မရဘူး။NLD-အစိုးရဦးဆောင်တဲ့ ဒီကာလမှာ ကျွန်တော်တို့ တောင်သူလယ်သမားတွေလိုချင်တဲ့ အခွင့်အရေးတွေ၊မတရားနှိပ်စက်ခံရမှုတွေ၊ကျူးကျော်ဆော်ကားခံရမှုတွေ၊ဆုံးရှုံးမှုတွေ နဲ့ နစ်နာခံရမှုတွေကို အခုချိန်အထိမရသေးဘူး။မတရားသိမ်းပိုက်ခံထားရတဲ့ လယ်မြေတွေနဲ့တောင်သူလယ်သမားအခွင့်အရေးတွေအခုထိပြန်မရသေးဘူး။အလုပ်သမား လယ်သမားကျောင်းသားကိစ္စတွေအားလုံးအတွက် NLDအစိုးရကိုယုံကြည်ပြီး မဲပေးခဲ့ကြတာ။အလုပ်သမား၊လယ်သမား၊ကျောင်းသားတွေအတွက်ဆို ဆက်လက်ပြောဆိုတိုက်ပွဲဝင်နေရမှာပဲ။အခုလို မှန်ကန်ပြီးတရားမျှတစွာတောင်းဆိုနေမှုတွေကို လစ်လျုရှု့နေတယ်ဆိုရင်တော့ ဘယ်သူ့ကိုမှလက်ခံမှာမဟုတ်ဘူး။”ဟု သခင်ကိုတော်မှိုင်းကွန်ယက် မှ ဦးချစ်ဆောင်-ကပြောသည်။

 

အဆိုပါ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ(ပြည်ခရိုင်)ဖွဲ့စည်းခြင်းအခမ်းအနားသို့ ပြည်ခရိုင်အတွင်းရှိ ပေါင်းတည်၊ပေါက်ခေါင်း၊ရွှေတောင်၊ပန်းတောင်း၊သဲကုန်း၊ပြည်မြို့တို့မှ တောင်သူလယ်သမားများနှင့်စိတ်ပါဝင်စားသူအင်အား ၅၀-ခန့်တက်ရောက်ခဲ့ကြောင်းသိရပြီး အခမ်းအနားအား ထိုနေ့နံနက် ၁၂-နာရီအချိန်ခန့်တွင်အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသိရသည်။

 

K3(pyay)ဒီမိုကရေစီတူဒေးသတင်စာ

 

ပြည်သတင်းလူငယ်-ပြည်သတင်း-၀၉၂၅၃၃၁၁၀၁၉
 




 

0 comments:

Post a Comment

Facebook Like Page