Friday, February 12, 2016

ကံမ

Leave a Comment



ကံမမြို့တွင် ၆၉-နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်



ကံမ ဖေဖော်ဝါရီ ၁၂





မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ မြို့နယ်ခန်းမကြီးအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကြီးမှူးကျင်းပခဲ့သော ၆၉-နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားအား ဖေဖော်ဝါရီ ၁၂-ရက်နေ့ နံနက် ၉-နာရီအချိန်ခန့်မှာ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါ ၆၉-နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကံမမြို့နယ်အတွင်း ကျင်းပခဲ့ရာတွင် အခမ်းအနားအစီအစဉ် ၈-ခုဖြင့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ကံမဒေသခံများမှ မြန်မာနိုင်ငံအတွင်းနေထိုင်လျှက်ရှိသည့် တိုင်ရင်းသားရိုးရာအကအလှများ အထူးအစီအစဉ်အနေဖြင့်ပါဝင်တင်ဆက် ပြိုင်ပွဲဝင်ခဲ့ကြောင်းသိရသည်။



“ ဒီနေ့က မြန်မာနိုင်ငံအတွင်းမှာမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့ တစ်ခုတည်းသာရှိတဲ့ ပြည်ထောင်စုနေ့ပါ။ ဒီနေ့မှာ သမီးတို့က ဗမာတိုင်းရင်းသားဖြစ်နေပေမယ့် ချင်းတိုင်းရင်းသားတွေရိုးရာအကတွေနဲ့ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ကရင်၊ကယား၊ချင်း၊မွန်၊မြန်မာ စတဲ့တိုင်းရင်းသားတွေအကရိုးရာအလှတွေအကုန်ပါဝင်ကြပါတယ်။”ဟု ချင်းရိုးရာအကဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ မခိုင်သဇင် ကပြောသည်။



အဆိုပါအခမ်းအနားတွင် ဦးစွာပထမ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်း၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလံအားအလေးပြုခြင်းများပြုလုပ်ခဲ့ပြီး ကံမမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက ဦးအောင်ဟန် မှအဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။



“တိုင်းရင်းသားရိုးရာအကတွေအပါဝင် အဖွဲ့ချုပ်ပါတီက အားလုံးနဲ့ တက်တက်ကြွကြွပူးပေါင်းပါဝင်တင်ဆက်ခဲ့တဲ့ပွဲပါ။တစ်မြို့နယ်လုံးပူးပေါင်းပါဝင်နိုင်အောင် မြို့နယ်ခန်းမမှာကျင်းပရတာပါ။ဌာနဆိုင်ရာတွေနဲ့ ဒီခန်းမမှာလုပ်ဖို့ စီစဉ်တဲ့အခါမှာ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရပါတယ်။ဒီပွဲမှာ ပြည်ထောင်စုစိတ်ဓါတ်ကိုဖော်ကြူးထားတဲ့ပြရုပ်တွေအများကြီးပါဝင်ပါတယ်။မြန်မာနိုင်ငံသားတိုင်းလိုချင်ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု ရရှိရန် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ပူးပေါင်းပါဝင်ပေးကြပါ။” ဟု ကံမမြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)မဲဆန္ဒနယ် ဦးဇော်ဝင်း ကပြောသည်။



အဆိုပါအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သရက်ခရိုင် အတွင်းရေးမှူး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း မှ ပြည်ထောင်စုစိတ်ဓာတ် ဟူ၍ လည်းကောင်း ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မြို့နယ် ဥက္ကဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မှ ဖက်ဒရယ် ပြည်ထောင်စု ဟူ၍ လည်းကောင်း၊ စသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြောင်းများ ဟောပြောခဲ့ပြီး တိုင်းရင်းသားရိုးရာအကအလှများဖြင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရရှိသူများ၊ ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်နှစ်တစ်ရာပြည့် စာစီစာကုံးပြိုင်ပွဲတွင် ဗဟိုအဆင့်တွင် ဒုတိယအဆင့် ဆုရရှိခဲ့သူ မဇင်သူဖြိုး တို့အား ဆုပေးခြင်းအခမ်းအနားများတစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။



အဆိုပါ ကံမမြို့နယ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ၆၉-နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအား ကံမမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါဝင် ဒေသခံ အင်အား ၁၀၀၀(တစ်ထောင်)-ခန့်တက်ရောက်ခဲ့ကြောင်းသိရပြီး အခမ်းအနားအား ထိုနေ့ (၁၁း၃၀)နာရီအချိန်တွင်ပြီးဆုံးခဲ့ကြောင်းသိရသည်။



K3(pyay)ဒီမိုကရေစီတူဒေး သတင်းစာ
ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

0 comments:

Post a Comment

Facebook Like Page