Thursday, February 11, 2016

ပြည်

Leave a Comment


သက်ဆိုင်ရာဌာနတွေမှ ပင်လယ်အတွင်းငါးဖမ်းလုပ်ငန်းသွားရောက်လုပ်ကိုင်နေမှုကို ထိရောက်စွာကိုင်တွယ်မဖြေရှင်းပေး၍ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်



ပြည် ဖေဖော်ဝါရီ ၁၀



ပင်လယ်အတွင်းရေလုပ်ငန်းအတွက် ငါးရွေးခြင်းလုပ်ငန်းများလုပ်ကိုင်ရမည်ဟုဆိုကာ တစ်လလျှင် ကျပ်တစ်သိန်းခွဲ ရမည်ဟုဆို၍ ပွဲစားများမှလိမ်လည်ခေါ်သွားပြီး ပင်လယ်အတွင်း တစ်လ၀င်ငွေ ငါးသောင်းကျပ်ပဲရရှိခါ ငါးဖမ်းခြင်းလုပ်ငန်းများ သွားရောက်လုပ်ကိုင်နေကြသည့် မိသားစုများမှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း ထိရောက်စွာအရေးယူပေးခြင်းမရှိသဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဖေဖော်ဝါရီ ၁၀-ရက်နေ့ နံနက် ၉-နာရီချိန်ခန့်က ကိုးသောင်းရပ်ကွက်အတွင်းမှ စတင်ကာ ပြည်မြို့တွင်းသို့ချီတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။



အဆိုပါကိစ္စများ နှင့် ပတ်သက်၍ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ပြည်ခရိုင်) ရုံးသို့ သွားရောက်တိုင်ကြားထားခဲ့ကြောင်းသိရပြီး သေချာထိရောက်စွာဆောင်ရွက်မပေးမှုကြောင့် ယခုလိုဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပြီး ပထမအကြိမ်ဆန္ဒထုတ်ဖော်မှုကို ဇန်န၀ါရီ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၁၀-ရက်နေ့တွင် ဒုတိယအကြိမ်ထပ်မံဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရသည်။



အဆိုပါပင်လယ်အတွင်းငါးဖမ်းခြင်းလုပ်ငန်းများအား ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက  ပြည်မြို့ ၀က်ထီးကန်တိုက်နယ်အတွင်း လျှော်ထုံးကျေးရွာမှ ၁၆-ဦး နှင့် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်အတွင်း မှ ၆-ဦးတို့ကို အလုပ်သမားပွဲစားများက တနင်္သာရီတိုင်းဒေသကြီး ရေးမြို့နယ်သို့ ပင်လယ်အတွင်း ရေလုပ်ငန်းများလုပ်ကိုင်ရန်ခေါ်ယူသွားခဲ့တာဖြစ်ကြောင်းသိရသည်။



“သမီးကလေးမမွေးခင် သမီးဗိုက်ကြီးနဲ့ကတည်းက သွားပြီးအလုပ် လုပ်နေတာ။ပြောတော့ တစ်သိန်းခွဲ နှစ်သိန်းရမယ်ဆိုပြီး ခေါ်သွားကြတာ။သမီးအခုကလေးမွေးပြီးတာသိပ်မကြာသေးဘူး။သမီးယောက်င်္ကျားသေသလားရှင်သလားမသိရဘူး။ဟိုမှာ တအားအလုပ်တွေပင်ပင်ပန်းပန်းလုပ်နေရတယ်လို့ပြောတယ်။အခုပြန်လာတဲ့သူတွေပြန်လာပြီ။ သမီးယောက်င်္ကျားပြန်မလာသေးဘူး။သမီးယောက်င်္ကျာကို အားလုံးကူညီကယ်တင်ပေးကြပါ။သက်ဆိုင်ရာကလူကြီးတွေက ထိထိရောက်ရောက်တရားစွဲဆိုကူညီပေးတာမရှိလို့ သမီးတို့အခုလိုဆန္ဒထုတ်ဖော်ကြရတာပါ။”ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူတစ်ဦးကပြောသည်။



အဆိုပါ ပထမအကြိမ်ဆန္ဒထုတ်ဖော်ခဲ့ပြီးရက်အနည်းငယ်အကြာတွင် တနင်္သာရီတိုင်းဒေသကြီး ရေးမြို့နယ်အတွင်းရှိ ပင်လယ်တွင်းငါးဖမ်းခြင်းလုပ်ငန်းများလုပ်ကိုင်နေကြသည့် ရေလုပ်သား ၂၄-ဦးပြန်လည်ရောက်ရှိလာခဲ့ကြောင်းသိရပြီး ကျန်ရှိနေသည့် ရေလုပ်သား ၆-ဦးအပါဝင် တစ်ခြားမြို့နယ်တွေမှ ငါးဖမ်းခြင်းလုပ်ငန်းများသွားရောက်လုပ်ကိုင်နေကြသည့် ရေလုပ်သားများ ပြန်လည်လွတ်မြောက်လာစေရန် ယခုကဲ့သို့ ဒုတိယအကြိမ်ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်းသိရသည်။



“ဟိုမှာ မသန်စွမ်းသူတစ်ယောက်နဲ့ အသက်မပြည့်တဲ့ကလေးငယ်တစ်ယောက်လဲတွေ့ခဲ့ရတယ်။သူတို့အလုပ်ဖြစ်မြောက်ရေးပဲကြည့်ကြတယ်။ ကျန်တာတွေသူတို့ဂရုမစိုက်ဘူး။ သူတို့ကို ကမ်းတင်ပေးဖို့တောင်းဆိုတိုင်း အဆဲခံရတယ်။ မင်းတို့သေမှ ကမ်းတင်ပေးမယ်လို့ပြောကြတယ်။၂၄-နာရီကို ၂-နာရီပဲအိပ်ပိုင်ခွင့်ပေးတယ်။ သူတို့စကားနားမထောင်ရင် တစ်ခါထဲ ပင်လယ်ထဲကန်ချပစ်တယ်။ အာဗြဲချောက်(ငါးခြောက်)နှစ်အိတ် ရဲကိုပေးလိုက်ရင် အဲဒိလိုကိစ္စတွေ ဘယ်သူမှတောင်မသိလိုက်ဘူးလို့သူတို့အမြဲပြောတယ်။မင်းတို့အသက်က ငါးချောက်နှစ်အိတ်ဖိုးလောက်ပဲရှိတယ်ဆိုပြီးမကြာခဏကျိန်းမောင်းလေ့ရှိပါတယ်။အခုပြန်လာတာ ခြောက်ယောက်ပါ။ ကျွန်တော်တို့သူငယ်ချင်းတွေ ဟိုမှာ အယောက်လေးဆယ်လောက်ကျန်နေသေးတယ်။ ကျွန်တော်တို့မသိတဲ့သူတွေရောဆိုရင်တော့ အားလုံး အယောက် ကိုးဆယ် နဲ့ တစ်ရာနည်းပါးလောက်ကျန်နေသေးတယ်။သူတို့တွေက ကျွန်တော်တို့ပြန်ခါနီးမှာ ဒီမှာဖြစ်ပျက်နေတာတွေကို သက်ဆိုင်ရာဌာနတွေကိုပြောပြပြီး လာကယ်ပေးပါလို့သေချာမှာထားပါတယ်။”ဟု လျှော်ထုံးကျေးရွာနေထိုင်သူ ပြန်လည်လွှတ်မြောက်လာသူ မောင်အောင်ပြည့်ငြိမ်း ကပြောသည်။



အဆိုပါဆန္ဒထုတ်ဖော်မှုကို ပြည်မြို့ ကိုးသောင်းရပ်ကွက်အတွင်းမှ စတင်ကာ ၊ဗိုလ်ချုပ်လမ်းမကြီး နှင့် ဗိုလ်ချုပ်ကျောက်ရုပ်တွင် ခေတ္တရပ်တန့်ကာ ကျန်ရှိနေသည့် ရေလုပ်သား ၆-ဦးအပါဝင် တစ်ခြားမြို့နယ်တွေမှရေလုပ်သားများ အမြန်ဆုံးလွတ်မြောက်ရေး၊သက်ဆိုင်ရာဌာနတွေမှ အမြန်ဆုံးအရေးယူဖြေရှင်းပေးရေး၊လူ့အခွင့်အရေးချိုးဖောက်မှုခံနေရသော ရေလုပ်သားများအမြန်ဆုံးလွတ်မြောက်လာစေရေး စသည့် စာသားများပါ ဗီနိုင်းပိုစတာများကိုင်ဆောင်၍ ထိုစာသားများအားတောင်းဆို ခဲ့ကြပြီး ဆန္ဒထုတ်ဖော်မှုကို ထိုနေ့ နံနက် ၁၀-နာရီအချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ကြောင်းသိရသည်။




K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page