အသက်ကိုရင်း၍
တရုတ်အင်ဂျင်အသေးလေးတပ်၍ မြစ်ရေကိုဆန်ကာမောင်းနှင်လာသည့်
ကျွန်းလှေကလေးကဧရာဝတီမြစ် နှင့်န၀င်းချောင်းဝအလယ်တွင် ရုတ်တရက်စက်ရပ်သွားကာ ရေစီးရာသို့ဦးလှည့်မလိုယိမ်းထိုးသွားသည်။
လှေဦးကအမျိုးသားတစ်ဦးကလှော်တက်ကိုထုတ်ကာ အလိုက်သင့်လေးခတ်နေသော်လည်း လှေပေါ်တွင် ပါလာသည့်
ဝိတ်ကိုနိုင်အောင်မလှော်နိုင်သလိုရေစီးကလည်းသန်လှသည်။ စက်မောင်းသမားကအင်ဂျင်ကို အကြိမ်ပေါင်းမနည်းနိုးကြည့်နေသည်။
မည့်သို့မှနိုးမရ။ စိတ်မရှည်စွာဆဲဆိုတိုင်းထွာလိုက်ရင်း ဆီတိုင်ကီကို ဖွင့်ကြည့်လိုက်တော့ဆီကုန်နေသည်ကိုသိလိုက်ရသည်။
လှေပေါ်တွင်ပါလာသူများနည်းနည်းပျာသွားပြီး တစ်ယောက်တစ်ပေါက်တီးတိုးစကားများပွက်လာသည်။
လှေကလေးကရေစီးကိုဆန်တက်နိုင်ရန်အားကုန် ကြိုးစားနေသည်။ လှေပေါ်တွင်တော့အသက်ဆယ်နှစ်အောက်အထက်
မူလတန်းကျောင်းသားကလေးငယ် နှစ်ဆယ်နီးပါးလိုက်ပါသည်။ အချိန်ကညနေကျောင်းဆင်းချိန်ဖြစ်ပြီးမိုးကဖွဲဖွဲလေးရွာနေသည်။
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊
ပြည်ခရိုင်ရှိ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ရွှေတောင်မြို့နယ်များတွင် ပထမအကြိမ်ရေကြီးရေလျှံမှုအဖြစ်
ဇူလိုင်လကုန်မှ သြဂုတ်လလယ်အထိဖြစ်ပွားခဲ့ပြီး၊ ဒုတိယအကြိမ် ရေကြီးရေလျှံမှုများအဖြစ်
စက်တင်ဘာလ ကိုးရက်နေ့မှစကာယနေ့အချိန်ထိဖြစ်ပွားလျှက်ရှိကာ ရေသိသိ သာသာကျဆင်းသွားခြင်းမရှိပဲ
တန့်နေသည်အတွက်လမ်းပန်းဆက်သွယ်ဒုက္ခအများ ရင်ဆိုင်ကြုံတွေ့နေရ သည်မှာ နံနက်မျက်စိဖွင့်လိုက်သည့်အချိန်မှ
အိပ်ရာထဲရောက်သည်အထိပင်။ မည်မျှပင်ဒုက္ခရောက်ရသလဲ ဆိုလျှင် ရေနစ်မြှပ်နေသည့်မြို့စွန်ရပ်ကွက်၊
ကျေးရွာများတွင် အိမ်ထဲမှမရိုသေ့စကားပြောရလျှင် အပေါ့အလေး သွားရာမှာပင်လမ်းခရီးအခက်ခဲရှိနေသည်။
ပထမအကြိမ်ရေကြီးနစ်မြှပ်မှုတွင်
အခြေခံမူလတန်းကျောင်းအတော်များများပိတ်လိုက်ရသည်။ မပိတ်သည့် ကျောင်းများတွင်လည်း ကျောင်းသားကလေးငယ်များကျောင်းတက်ရသည့်အခါ
သွားလာရေးအခက်ခဲ ဖြစ်ပေါ်ခဲ့သည်မှာ ပြန်လည်အသားကျကာစပင်ရှိသေးသည် ဒုတိယအကြိမ်ရေပြန်တက်လာပြန်တော့သည်။
ဒုတိယအကြိမ်ရေပြန်တက်လာအခါတွင်တော့
ပထမအကြိမ်လိုမဟုတ်တော့ မြို့ပေါ်စာသင်ကျောင်းများ ရေနစ်မြှပ်မှုမရှိတော့သည့်အတွက်ကျောင်းများမပိတ်တော့ပေ
သို့အတွက် ဝေးလံခေါင်သီသည့်ကျေးရွာများမှ လာရောက်စာသင်ကြားရသည့်ကလေးများအတွက် ဒုက္ခများခဲ့ရတော့သည်။
ကလေးငယ်များနေထိုင်သည့် ရွာများတွင်တော့ ယခုအချိန်ထိကိုရေကဖုံးလွှမ်းလျှက်ပင်ရှိသေးသလို
ရွာမှမြိုကျောင်းများသို့သွားရောက် စာသင်ကြားရမည့် ခရီးလမ်းများတွင်ရှိသည့် လမ်း၊ တံတားများရေမြှပ်နေသလို
ချောင်းမြောင်းမြစ်များကလည်း ရေများပြည့်လျှံဖြိုးမောက်နေပေသည်။
“တစ်နေ့ကိုကလေး၊
ဆရာ၊ ဆရာမ တွေကို ကျောင်းသွားဖို့ လှေနဲ့ဆယ်ခေါက်ထက်မနည်း ပို့ပေးရတယ်အဓိက မဖြစ်မနေဖြတ်ရတဲ့
န၀င်းချောင်းတံတားကရေမြှပ်နေတော့ ချောင်းထဲကနေပဲစက်တပ်လှေငယ်လေးနဲ့ ပို့ပေးရတယ် ကျောင်းပြန်လည်းအဲလိုပဲ
သူတို့တွေအတွက်အဓိကထားပြီး တစ်ယောက်မကျန်စောင့်ခေါ်ပြီး အကုန်ရောက်သွားပြီဆိုမှ လှေသိမ်းတယ်”
ဟု ပြည်မြို့၊ ချောင်းနားတန်းမှ ဒုတိယအကြိမ်ရေကြီးမှုတွင်
အခမဲ့လိုက်လံပို့ဆောင်ပေးနေသည့်လူငယ်များအဖွဲ့များထဲက ကိုကျော်လတ်ကပြောပြခဲ့သည်။
ထိုအဖွဲ့တွင်လူငယ်လူလတ်
ရှစ်ယောက်ထက်မနည်းရှိကာ မိုးမေတ္တာနာရေးကူညီမှုအသင်းမှ ဖိုက်ဘာစက်တပ် လှေတစ်စီး၊ ကရုဏာလက်များကွန်ရက်မှဖိုက်ဘာစက်တပ်လှေတစ်စီးဖြင့်
ရေစတင်တက်လာသည့် စက်တင်ဘာလ ၉ ရက်နေ့မှစကာ ယနေ့အချိန်ထိ န၀င်းချောင်းကိုဖြတ်၍ တစ်နေ့ကိုခေါက်တုန့်ခေါက်ပြန်
အကြိမ်ရေနှစ်ဆယ်ထက်မနည်းအခမဲ့ပို့ဆောင်ပေးနေသည့် သူများဖြစ်သည်။ ထိုပရဟိတအလုပ်ကို ကိုယ်ကျိုးမဖက်လုပ်ဆောင်နေသူများကို
နောက်အလျဉ်းသင့်လျှင်သီးသန့်ရေးပြချင်ပါသေးသည်။
ပြည်မြို့နယ်အတွင်းပါဝင်ပြီး
န၀င်းချောင်းတစ်ဖက်တွင်ရှိသည့် ဖိုးခေါင်၊ ချောင်းနားတန်း၊ အနောက်လက်ခုပ်ပင်၊ မြရွာကျေးရွာများတွင်
မူလတန်းကျောင်းလေးများရှိသော်လည်း အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့်များကို ပြည်မြို့ပေါ်တွင်တက်ရောက်သင်ယူကြရသည်။
အချို့မူလတန်းကလေးများကလည်း မြို့ပေါ်တွင်တက်ရောက်သည်များရှိသည့်အတွက် သာမန်အခြေနေတွင်
န၀င်ချောင်းတံတားကိုစက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် ဖြတ်ကာကုန်းလမ်းတလျှောက်လုံးသွားလာနိုင်သော်လည်း
ရေကြီးရေလျှံမှုများဖြစ်ပေါ်ချိန်တွင် ယင်းလမ်းတလျှေက်လုံးရေဖုံးနေသလို၊ တံတားမှာလည်းရေအောက်ရောက်သွားတတ်ရာ
ကျောင်းသို့သွားရန် မိမိတို့ရွာအိမ်မှထွက်ကတည်းကလှေဖြင့်ထွက်ခဲ့ပြီး န၀င်းချောင်းတံတားတွင်အခမဲ့ပို့ဆောင်ပေးနေသည့်
စက်တပ်လှေများပေါ်ကိုတဆင့်ပြောင်းတက်ကာ ဆက်လက်ခရီးထွက်ကြရသည်။
ရေတက်နေချိန်များတွင်သတင်းရယူနှင့်သတင်းဓါတ်ပုံရိုက်ယူရန်
ယင်းကျေးရွာများနှင့်ကလေးများ ကျောင်းတက်သွားရာတလျှောက်လိုက်လံကြည့်ရှုခဲ့ရသည့် အကြိမ်မနည်းရှိခဲ့ရာ
ကလေးများ၏ပညာသင်သွားရာ ခရီးလမ်းမှာခက်ခဲကြမ်းတမ်းနေသလို အသက်ကိုရင်းထားရသည်ဆိုသည်ကို
ကျွန်တော်မြင်တွေ့ကြားသိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရေအဆုံးကုန်းတ၀က်ဆိုသည့် မြန်မာစကားပုံရှိခဲ့သည်မဟုတ်လား။
စက်တပ်ဖိုက်ဘာလှေငယ်တစ်စီးလျှင်
စက်မောင်းနှင့်အကူသုံးယောက်မှလေးယောက်ထိ ပါတတ်ပြီး ကျောင်းသားသူကလေးငယ်ဆယ့်ငါးဦးမှနှစ်ဆယ်ထိလိုက်ပါတတ်သည်။
ချောင်းဖြတ်ခရီးမှာသိပ်အလှမ်းမဝေး သလို အခမဲ့ပို့ပေးနေသူများ၏ရေလမ်းနှင့်စက်မောင်းကျွမ်းကျင်မှုမှာသံသယရှိစရာမလိုသော်လည်း
မြစ်ဖြတ်ခရီးများ၊ စက်ပစ္စည်းများ၏ချို့ယွင်းမှုများ ထင်မှတ်မထားသည့်ရုတ်တရက်အန္တရာယ်များအတွက်တော့
ကျွန်တော်တို့တွင်ကြိုတင်ပြင်ဆင်ထားနိုင်မှု လုံခြုံစိတ်ချခွင့်၊ အာမခံများကတော့ အားနည်းနေဆဲ။
ရေနားနီးသည့်ကလေးများဖြစ်သည့်အတွက်
ရေကူးတတ်ပါသည်ဟုပြောလျှင်လည်း စိတ်ဖြေစရာရှိနိုင်ပါသည်။ သို့သော်၊ ရေစီးသန်သည့်ချောင်း၊
မြစ်များအတွင်းရေတက်နေသည့်အချိန်များတွင် ကျွန်တော်တို့အန္တရာယ်ကို ကြိုတင်တွေးထားရမည်၊
ကလေးများမည်မျှကူးခတ်နိုင်မည်လည်း၊ ကလေးများတွင်ရေလမ်းခရီးဖြတ်သန်းရာ တွင်သုံးသည့်အသက်ကယ်အကျီများမရှိကြချေ။
လှေများတွင်အရေးပေါ်ဘောကွင်းများမရှိကြချေ။ ချွတ်ချော်မှုများဖြစ်သွားခဲ့သည်ဆိုသော်….။
အရေးပေါ်အခြေနေများတွင်ကျွန်တော်တို့နိုင်ငံသားများအတွက်
ကြိုတင်စီမံထားမှုလုံခြုံစိတ်ချခွင့်နှင့် အဆင်ပြေချောမွေ့မှုများ မရှိခဲ့ပါချေ။ ဘယ်သောအခါမှရောက်လာမည်ဆိုသည်ကိုလည်း
မှန်းဆကြည့်၍မရသေးချေ။ အဟောသိကံဘ၀များအဖြစ်ကလေးများမှလူကြီးများထိ တိရစ္ဆာလေးမျာပါ။
တွေးတတ်လျှင်ရင်နာဖို့ကောင်းသလို ရှက်ဖွယ်လည်းဖြစ်နေသည်။ အစိုးရတစ်ရပ်အနေဖြင့်ပြည်သူလူထုအပေါ်
တာဝန်ယူမှုတာဝန်ခံစိတ်နည်းပါးလှသည်။ တိုင်းခရိုင်မြို့ရွာများအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့စည်းများ
တာဝန်ယူမှုနည်းပါးသည်။ မျက်နှာလွဲခဲပစ်လုပ်နေကြသည်။ မသိကျိုးကျွံလုပ်နေကြသည်။
ကြိုတင်ပြင်ဆင်ထားခွင်မရှိသည့်
မလုပ်နိုင်ကြသည့် အခက်ခဲပြသာနာများအတွက် ဖြစ်ပျက်သွားခဲ့ပြီးမှသာ ၀မ်းနည်းတသစုတ်သပ်ကြေကွဲနေရသည်မှာများလှပါပြီ
ထိုအခြေနေများကို ကျွန်တော်တို့မလိုချင်တော့ပါ။ ထိုအတူ ယခုလိုရေလမ်းခရီးများကိုဖြတ်ကာသွားလာနေရသည့်
ကျောင်းသားကလေးများကိုလည်း မကြုံတွေ့စေလိုပါ။ ထိုကလေးငယ်များကိုတာဝန်ရှိသူများအနေဖြင့်
မိမိတို့၏သားသမီးမောင်နှမလေးများ သဖွယ်ခံစားစာနာပေးဖို့လိုသည်။ အစီမံများလုပ်ပေးရမည်။
ပရဟိတအဖွဲ့များလုပ်ဆောင်ပေးနေယုံဖြင့် လုံလောက်ပြီ ပြီးပြည့်စုံပြီဟုပြောဆိုဂုဏ်ယူနေ၍မရပါ။
အနာဂတ်နိုင်ငံတော်အတွက်
ရင်သွေးလေးများအရေးကြီးသည်။ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် အတွက်ဆိုလျှင်
ပညာသင်ကြားနေသည့်ကလေးများအတွက်ဘက်ပေါင်းစုံကစဉ်းစားပေးမှသာ ရည်မှန်းထားသည့်ဆောင်ပုဒ်များအမှန်တကယ်ဖြစ်လာနိုင်မည်။
အခမဲ့ပညာသင်ကြားရေးစနစ်တစ်ခုထဲ မရပါ။ အခက်ခဲမရှိပါပဲလွယ်ကူစွာဖြင့်ကျောင်းစာသင်ခန်းများထံ
ကျောင်းသားကလေးငယ်လေးများရောက်လာ ဖို့လိုသည်။ အသက်ကိုရင်း၍သင်ယူနေရသည့် ပညာရေးမဖြစ်သင့်ပါ။
လေတစ်ချက်အဝှေ့တွင်
စက်ပျက်နေသည့်လှေကလေးကအနည်းငယ်ယိမ်းထိုးသွားသည်။ လှေပေါ်တွင် ပါလာသည့် ကျောင်းသားမိခင်တစ်ဦးက
ကျန်ကလေးငယ်အားလုံးကိုလှေပေါ်တွင် ငြိမ်ငြိမ်ထိုင်နေရန် သတိပေးအော်ဟစ်လိုက်သည်။ လှေသမားကကမ်းနားရှိမော်တော်ကြီးများထံရောက်အောင်
အားတင်းလှော်ခတ်ကာ ဓါတ်ဆီအကူညီတောင်းခံသော်လည်း မော်တော်ကြီးများကဒီဇယ်သာ သုံးသည့်အတွက်မရှိချေ။
လှေကလေးကမျောသည့်အရှိန်နှင့် မော်တော်ကြီး၏ပန်ကာဒလက်ဖြင့် ရိုက်မိမလိုဖြစ်ကာယိမ်းထိုးသွားပြန်သည်။
ကလေးများမည်သို့နေသည်မသိကျွန်တော်ပင်ဇောချွေးများ ပြန်ချေပြီ။ ကြံရာမရဖြစ်နေသည့်စက်မောင်းသမားက
အင်ဂျင်ကိုတဖက်စောင်းကာအကပ်သပ်ဆီလေးဖြင့် နောက်ဆုံးကြိုးစားမှုအဖြစ် နိုးကြည့်လိုက်သည်။
ကံကောင်းထောက်မစွာနိုးသွားသည့်အတွက် အနီးစပ်ဆုံးကမ်းကိုကပ် ဓါတ်ဆီတက်ဝယ်ရင်း ဆက်လက်၍လိုရာခရီးကိုမောင်းနှင်ကြတော့
ကလေးများ၏ မျက်နှာဆီကစိုးထိုးမှုအရိပ်ရောင်များ ပြေလျော့စပြုသွားသည်ကို သတိထားမိသည်။
ဝေလင်း(ပြည်)
(၂၀.၉.၂၀၁၅) The Daily ELEVEN ထုတ်တွင်ဖော်ပြပါရှိပြီး
ဓါတ်ပုံ- မျိုးညိန်းဇော်၊ ဝေလင်း(ပြည်)
ဓါတ်ပုံ- မျိုးညိန်းဇော်၊ ဝေလင်း(ပြည်)




0 comments:
Post a Comment