Tuesday, September 22, 2015

ပီအာရ်စနစ်အလိုမရှိဆန္ဒဖော်ထုတ်သူ ငါးဦး၏ ပုဒ်မ ၁၈ အမှုအားအမိန့်ချရန်ဆုံးဖြတ်ထားပြီး ခြောက်ကြိမ်မြောက်အဖြစ် ရုံးချိန်းထပ်မံရွှေ့ဆိုင်း

Leave a Comment

ပီအာရ်စနစ်အလိုမရှိဆန္ဒဖော်ထုတ်သူ ငါးဦး၏ ပုဒ်မ ၁၈ အမှုအားအမိန့်ချရန်ဆုံးဖြတ်ထားပြီး ခြောက်ကြိမ်မြောက်အဖြစ် ရုံးချိန်းထပ်မံရွှေ့ဆိုင်း

ပြည်၊ စက်တင်ဘာ ၂၂

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့တွင် ပီအာရ်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သူများထဲက ဦးဆောင်သူငါးဦးကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့်အမှုဖွင့်တရားစွဲဆိုစစ်ဆေးခဲ့ပြီး နောက်ဆုံးအမိန့်ချမှတ်ရန်ဆုံးဖြတ်ထားပြီးခြောက်ကြိမ်မြောက် အဖြစ်ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

ယင်းအမှုအား စက်တင်ဘာလ ၂၂ ရက်နေ့တွင် အမိန့်ချမှတ်ရန်အတွက် ခြောက်ကြိမ်မြောက်အဖြစ် ချိန်းဆိုခဲ့ခြင်းလည်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်း တရားစွဲဆိုခံရသူများဘက်က ခွင့်တိုင်ကြားခဲ့သည့်အတွက် နောက်ရုံးချိန်းအား အောက်တိုဘာလ ၂ ရက်နေ့သို့ပြန်လည်ချိန်းဆိုခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့မှာလည်းကျွန်တော်တို့ငါးဦးထဲက ကိုမျိုးသူထွဋ်နဲ့ ကိုကျော်ဆန်းတို့က ရွေးကောက်ပွဲအသိပညာပေး သင်တန်းတွေ တက်နေရတဲ့အတွက် ခွင့်တိုင်ကြားလို့နောက်ရုံးချိန်းကိုပြောင်းရွှေ့လိုက်ပါတယ် ဒါနဲ့ဆိုရင်ခြောက်ကြိမ်ရှိသွားပြီး အမိန့်ချဖို့အတွက်ရွှေ့ရတာ ကျွန်တော်တို့အလိုကတော့ ပီအာရ်စနစ်ကလည်း ပျက်ပြယ်သွားပြီဆိုတော့ ပျက်ပြယ်သွားဖို့တောင်းဆိုတဲ့သူတွေကို တရားစွဲဆိုတာအမှုဖွင့်တာရုံးချိန်းတွေဟာ မဖြစ်သင့်တော့ဘူး ဒါပေမယ့်သူတို့ကတော့အမိန့်ချမှာပဲ အဲဒါတွေကိုလည်းကျွန်တော်တို့ကကန့်ကွက် ထပ်ပြီးကန့်ကွက်အုံးမယ်”  ဟု တရားစွဲခံထားရသူများထဲက လူ့ဘောင်သစ်ဒီမိုကရက်ပါတီ(ပြည်မြို့နယ်)ဥက္ကဌ ဦးဝဏ္ဏကပြောသည်။

ပီအာရ်စနစ်အလိုမရှိကြောင်းဆန္ဒထုတ်ဖော်မှုကို ပြည်မြို့တွင် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ရာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေပုဒ်မ ၁၈ ဖြင့် မြို့မရဲစခန်းမှူးဦးမျိုးမြင့်က တရားလိုပြုလုပ်၍ ဦးကျော်ဆန်း၊ ဦးကျော်ဆွေ၊ ဦးဝဏ္ဏ၊ ဦးမောင်မောင်တိုး၊ ကိုမျိုးသူထွဋ်တို့ကို အမှုဖွင့်တိုင်တန်းတရားစွဲဆိုခဲ့၍ မြို့နယ်တရားရုံးတွင် ရုံးချိန်းပေါင်း ၃၂ ချိန်း၊ ၁ နှစ်ဆယ့်ခြောက်ရက်ကြာ အထိအမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ယင်းတရားစွဲခံရသူများထဲတွင် ဦးကျော်ဆွေမှာ အခြား ပုဒ်မ ၁၈ အမှုပေါင်း ဆယ့်ငါးမှုခန့်ကို တရားရင်ဆိုင်ဆဲ၊ အမှုဖွင့်ထားပြီးရုံးတင်ရန်စီစဉ်နေဆဲဖြစ်ကာ၊ ကိုမျိုးသူထွဋ်မှာလည်း ပုဒ်မ ၁၈၊ ၁၉ အမှုပေါင်း ၆ မှုခန့်တရားရင်ဆိုင်နေရဆဲဖြစ်ပြီး မကြာခင်ကပင် ပုဒ်မ ၁၈ ဖြင့်ထောင်ဒဏ်လေးလ ကျခံနေရာမှ လွတ်မြောက်လာသူလည်းဖြစ်သည်။

                                                                                      ဝေလင်း(ပြည်)
(၂၃.၉.၂၀၁၅) The Daily ELEVEN ထုတ်​တွင်​​ဖော်​ပြပြီး


0 comments:

Post a Comment

Facebook Like Page