Wednesday, August 5, 2015

တစ်ချက်ခုတ် ၍ နှစ်ချက်ပြတ်ခဲ့သည် မောင်ပန်ကာ(ပြည်)

Leave a Comment


တစ်ချက်ခုတ် ၍ နှစ်ချက်ပြတ်ခဲ့သည်



မောင်ပန်ကာ(ပြည်)


ကျွန်တော်တို့နိုင်ငံအတွင်းမှ သဘာဝကျွန်းသစ်များကို လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ကချင်ပြည်နယ်တွင်းမှာ သစ်ခိုးထုတ်ခဲ့သည့်အမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသည့် တရုတ်နိုင်ငံသား(၁၅၅)ဦးကို  နှစ်နိုင်ငံချစ်ကြည်ရေး၊နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် တရုတ်နိုင်ငံသား(၁၅၅)ဦး နှင့် တူရကီ(၄)ဦးအပါဝင် အကျဉ်းသားကျား(၃၄၅)ဦး နှင့် မ(၆၈)ဦးတို့ကို မြစ်ကြီးနားထောင်မှ လွတ်ပေးလိုက်ကြောင်းသိခဲ့ရပါသည်။ လက်လှမ်းမှီသ၍ပြုစုထားသောမှတ်တမ်းအရ ၂၀၁၅-ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့တွင် ပြန်လည်လွတ်လာသည့် အကျဉ်းသား အကျဉ်းသူစာရင်းများမှာတော့ ပုသိမ်ထောင်မှာ ကျား(၁၃၇)ဦး နှင့် မ(၁၀)ဦး ၊ မြောင်းမြထောင်မှာ ကျား(၃၇)ဦး နှင့် မ(၈)ဦး ၊ ဟင်္သာတထောင်မှာ ကျား(၁၂)ဦး နှင့် မ(၉)ဦး ၊ တောင်ငူထောင်မှာ ကျား((၅၈)ဦး နှင့် မ(၈)ဦး ၊ အိုးဘိုထောင်မှာ အကျဉ်းသားစုစုပေါင်း(၉၀)ကျော် နှင့် မြစ်ကြီးနာထောင်မှာ ကျား(၃၄၅)ဦး နှင့် မ(၆၈)ဦး ထိုအထဲတွင်(နိုင်ငံခြားသား တရုတ် (၁၅၅)ဦး နှင့် တူရကီ(၄)ဦးတို့ပါဝင်ခဲ့သည်။



ထိုကဲ့သို့လွတ်ငြိမ်းချမ်းသာမှုကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည်  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့်အညီ  အကျဉ်းထောင်အသီးသီးများတွင် ထိုက်သင့်သောပြစ်ဒဏ်ကျခံနေစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသူ/သား ၆၉၆၆-ဦးတို့အားနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး၊အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေး၊နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိရေး၊လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် ၂၀၁၅-ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံခြားသား အကျဉ်းသား(၂၁၀)-ဦးတို့အား  ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်းသိရသည်။ ထိုအထဲတွင် ယခုတစ်ပတ်အတွင်းမှ မြန်မာနိုင်ငံအတွင်းမှ ကျွန်းသစ်များစွာကို ကချင်ပြည်နယ်တွင်းမှာ သစ်ခိုးထုတ်ခဲ့သည့်အမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရသည့် တရုတ်နိုင်ငံသား(၁၅၅)ဦးကို  ပြစ်ဒဏ်ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့သူများပါဝင်သွားခဲ့လေသည်။ထိုသူများ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်။ ပြည်နှင်ဒဏ်ပါပေးလိုက်သည်။ထိုသူတို့သည်လည်း စီးပွားရေးအရသာ မြန်မာနိုင်ငံအတွင်းသို့သာလာခြင်းဖြစ်သည်။ ဒီနိုင်ငံအတွင်းနေထိုင်ပါဟုဆိုသော်လည်းနေချင်မည်မဟုတ်ဟု ထင်မိပါသည်။ ပြည်နှင်ဒဏ်ပေးလိုက်တော့လည်း ဒီနိုင်ငံမလာယုံပေါ့ဟုများတွေးနေမလားထင်ရပါသည်။



ယခုဆိုလျှင် မြန်မာနိုင်ငံအတွင်းမှ သူခိုးဂျပိုးမဟုတ်သည့် နိုင်ငံရေးအကျဉ်းသား၊တောင်သူလယ်သမားများ၊နောင်မျိုးဆက်သစ်တွေအတွက် ပညာရေးမြင့်မာစေရန်ရည်မှန်းချက်ကောင်းမွန်စွာ ဖော်ဆောင်ခဲ့ကြသည့် ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား/သူများစွာတို့သည် အမှုရင်ဆိုင်နေရလျှက်ရှိနေသည်။နိုင်ငံတော်၏ လစ်ဟနေသော လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ ထောက်ပြဖော်ဆောင်ပေးခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများဆိုပါလျှင် အင်မတန် အဖိုးကြီးမားသည့် ၂၀၁၅ နိုင်ဝင်ဘာလမှာကျင်းပမည့် ရွေးကောက်ပွဲကြီးအတွက် ရွေးချယ်စရာ ဆန္ဒမဲတစ်ပြားဆုံးရှုံးခဲ့လေသည်။ထို့အပြင် မိမိလယ်မြေများ ခေတ်အဆက်ဆက် ဌာနဆိုင်ရာ အချို့နှင့် ခရိုနီကြီးငယ်လတ်တို့မှသိမ်းယူသွားသည့်လယ် ပြန်ရလိုမှုဖြင့် မိမိလယ်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ် ထွန်တုံးတိုက်ပွဲများပြုလုပ်ခဲ့ပါသော်လည်း ဆုံးရှုံးလယ်ယာမြေများပြန်ရဖို့နေနေသာသာ ရှိသည့်လယ်ယာမြေတွေရောင်းချ တရားရုံးတွေမှာ လယ်ယာမြေ ပြဿနာအမှု့ရင်ဆိုင် နောက်ဆုံး အမှုရှုံး ဘ၀ပါတုံးသွားသည့်လယ်သမားများလည်းရှိနေခဲ့သလို ထောင်ထဲရောက်သွားသည့် လယ်သမားများစွာလည်းရှိနေခဲ့ပါသည်။



တိုင်းပြည်သည် ဟိုနိုင်ငံမျက်နှာလုပ်ရ သည်နိုင်ငံမျက်နှာလုပ်ရ ဗိုလ်ချုပ်အောင်ဆန်ပြောသည့်နိုင်ငံဖြစ်နေပြီလားလို့တွေးယူနေရသည်။ ဇူလိုင်လ ၃၀-ရက်နေ့တွင် အကျဉ်းသားများလွတ်မြောက်မှုကို မိသားစုတွေအားလုံးနှင့်အတူ ထပ်တူထပ်မျှဝမ်းသာမိသော်လည်း နိုင်ငံလိုအပ်ချက် ထောက်ပြဖော်ထုတ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ၊တောင်သူလယ်သမားများ၊အမှုတွေရင်ဆိုင်နေရသည့် ပင်မသပိတ်စစ်ကြောင်းပါဝင်သူများ မလွတ်မြောက်ခဲ့၍ အင်မတန်ဝမ်းနည်းမိပါသည်။ထိုကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဖြင့် အကျဉ်းသား/သူ (၆၉၆၆)တို့အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသည်ကိုအင်မတန်ကြိုဆိုထောက်ခံပါသည်။ပြင်ပမှ သူခိုးများလွတ်မြောက်သွားပြီး ပြည်တွင်းမှသူခိုးများကျန်ရှိနေခြင်းသည် ဘိန်းစားချင်းတူတူ ဘိန်းတစ်လုံးပိုရှုရာကျနေကြောင်း သိသာထင်ရှားလျှက်ရှိနေသည်။ ပြည်တွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဆိုလျှင် ဒီဖြစ်ရပ်သည် လုပ်ဇာတ်ကြီးပါကွာ ဒီယုန်မြင်လို့ ဒီခြုံထွင်လိုက်တာပါကွာ ဟုပြောနေသံများစွာကြားနေခဲ့ရသည်။

ထို့ကြောင့် ဒီယုန်မြင်လို့ ဒီခြုံမထွင်ကြောင်း လုပ်ဇာတ်ကြီးမဟုတ်ပါဘူးဆိုသည်ကို သက်သေပြသောအားဖြင့် အမြန်ဆုံးနဲ့ ပွင့်လင်းမြင်သာစွာ သူခိုးဂျပိုးမဟုတ်သည့် နိုင်ငံရေးအကျဉ်းသားများ၊တောင်သူလယ်သမားများ၊ကျောင်းသားကျောင်းသူများအပါဝင် ထိုသူတို့အားလုံးကို ၀ိုင်းရံထောက်ခံအားပေးခဲ့သည့် ပြည်သူလူထုတချို့တို့ကို လွတ်ငြိမ်းချမ်းသာခွင့်၊အမှုများမှ ကွင်းလုံးကျွတ်ခွင့်၊မိသားစုများနှင့်အတူတူ အေးချမ်းစွာ ထာဝရနေထိုင်ခွင့် နှင့် လာမည့် ၂၀၁၅ စစ်မှန်သည်ဟုယူစရသော ရွေးကောက်ပွဲကြီးတွင် တန်ဖိုးအင်မတန်ကြီးမားသည့် ဆန္ဒမဲတစ်ပြားအား ကိုယ်တိုင်ကိုယ်ကျ မိသားစုတူတူ သက်ဆိုင်ရာမဲရုံများတွင် သွားရောက်မဲပေးနိုင်ရန်အတွက် အင်မတန် ကောင်းမွန်သော တစ်ချက်ခုတ်နှစ်ချက်ပြတ် စေမည့် လွတ်ငြိမ်းချမ်းသာခွင့်ကိုသာပေးစေလိုကြောင်း မျှော်လင့်ကြီးစွာရေးသားရပေတော့သည်။

သြဂုတ်လ-၃-ရက်နေ့ တနင်္လာနေ့ထုတ် သမဂ္ဂဂျာနယ်တွင် ပါရှိသော ဆောင်းပါး

တင်ဆက်..ပြည်သတင်းလူငယ်..09253311019

0 comments:

Post a Comment

Facebook Like Page