Tuesday, February 24, 2015

နွေဦးကာလ ထန်းတက်သမားတစ်ဦး၏ မျှော်လင့်အိမ်မက်........ရေးသားသူ.....ဝေလင်း(ပြည်)

Leave a Comment
နွေဦးကာလ ထန်းတက်သမားတစ်ဦး၏ မျှော်လင့်အိမ်မက်
====================================
(23.2.2015) ရက်နေ့ထုတ် Weekly ELEVEN NEWS မှ ကူးယူဖော်ပြပါသည်

နွေဦးကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။
ကျောင်းသားဘ၀က ကျက်မှတ်ခဲ့ရသည့် ကဗျာတစ်ပုဒ်၏အစပင်။ နှစ်များစွာကြာသည့်တိုင် နှုတ်တိုက် ဖွဖွရွှတ်ဆိုဖြစ်နေသလို အမြင်အာရုံထဲတွင်လည်း ရုပ်ရှင်အနှေးပြကွက်များလို တစ်ကွက်ခြင်း၊ တစ်ကတ်ခြင်း ဖြင့်ပေါ်လာတတ်သည့် ထန်းတက်သမားမိသားစုဘ၀။ ၀န်ကြီးပဒေသရာဇာ၏ တျာချင်းအမျိုးစား၊ တောသူတောင်သားထန်းတက်သမားမိသားစုများ ရှေးခေတ်ကတည်းကရှိခဲ့သလို၊ ယခုလည်းထန်းတက်သမား မိသားစုများရှိနေဆဲဆိုသည် ကိုမြင်သိလိုက်ရသည့်ခဏ ထန်းတက်သမားတက်သွားရာ ထန်းပင်ထက် မော့ကြည့်ရင်း အတွေးအမေးများစွာကယင်းမိသားစုလေးထံရောက်ရှိသွားခဲ့ရသည်။

နွေဦးသို့ရောက်ခဲ့ပြီ။ လယ်ကွင်းပြင်များအတွင်း ခြောက်သွေ့မြေဆီလွှာအက်ကြောင်းများဖြင့် ရိုးပြတ်များက ငုံးတိမာကြောလို့နေသည်။ လယ်ကွင်းစပ်များနှင့် ရွာစည်းရိုးများ လမ်းမအစပ်များတွင် ထန်းပင်တို့က ထိုးထိုး ထောင်ထောင်ဖြင့်အမြင့်ပြိုင်နေကြသည်။ ပတ်ဝန်းကျင်တွင် တက်နေနှင့်အတူအပူကလွှမ်းခြုံလို့နေသည်။ လယ်ကန်စွန်းလေးများက ပက်ကြားအက်များကြား ကြိုးစားပန်းစားရှင်သန်နေရရှာသည်။ လှည်းလမ်းကြောင်း တစ်လျှောက် ဖုန်များကအလိပ်လိုက်ထနေပုံ။ လမ်းမဘေးတစ်နေရာထန်းတောထဲကိုသေချာ ဂရုစိုက် ကြည့်လိုက်မည်ဆိုပါက ထန်းရွက်မိုး၊ ထန်းရွက်ကာမြေစိုက်တဲလေးကိုမြင်ရမည်ဖြစ်ပြီး ပိုမို၍အသေးစိပ်ကာ ကောင်းကင်ထက်ကိုကြည့်လိုက်မည်ဆိုပါက မြင့်မားလှသည့်ထန်းပင်ထက်တွင် လူတစ်ဦးဓါးတစ်ချောင်း မြေအိုးတစ်လုံးဖြင့်အလုပ်ရှုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းမှာနွေဦး၏ ထန်းတက်သမားတစ်ဦး ပင်ဖြစ်သည်။

ထန်းတက်သမားတစ်ယောက်၏ဘ၀သည် အထူးတလည်စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟုတွေးမထင်ထား သည့် ကိုမြင့်လှိုင်က သူ့အကြောင်းကိုမေးမြန်းလိုက်သည့်အခါ မယုံရဲစိတ်အံသြခြင်းများဖြင့် အစတွင်အမ်းနေပြီး မေးမြန်းလာသူကိုပင် ခင်ဗျားကဘယ်ကလည်း၊ ဘာအတွက်လာမေးတာလဲဟုမေးမြန်းလိုက်ပုံက ရိုးသားမှုနှင့် အကြောက်တရားတို့ကို ပေါ်လွင်စေသည်။ အရှိန်ရသွားသည့်အခါတွင်တော့ သူ့အကြောင်းကိုအားတက် သရောပြောလိုက်ပုံကလည်း မချွင်းမချန်အတွင်းရေးများကစ ပြောလို့မဆုံးတော့။ ကိုမြင့်လှိုင်ဇနီးဖြစ်သူကတော့ မြေစိုက်ထန်းတဲလေး၏နောက်တွင် ဆီနည်းနည်းဖြင့် ကြွက်သားအပိုင်းများကို ကြွပ်နေအောင်အသည်းသန် ကြော်လိုက် တဲလေးထဲက ဖောက်သယ်များကိုလာချလိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။ ဤနေရာတွင်တျာချင်းကဗျာ၏ စာသားများကို ပြန်လည်အမှတ်ရစေပြန်သည်။
“မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း” နောက်တစ်နေရာတွင်
“၀မ်းသာအားရ၊ မယားကတစ်သွယ်
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်” ဆိုသလို လင်ယောင်္ကျား၏လုပ်ငန်းဆောင်တာများကို တစ်ဖက်တစ်လှမ်းကကူညီလုပ်ဆောင်ပေးနေသည်။
ကိုမြင့်လှိုင်ကတော့ အစနှင့်မတူတော့ ၀ါရင့်သရုပ်ဆောင်တစ်ဦးလို အင်တာဗျူးများကိုဖြေနေလေပြီ။ တစ်ချက်တစ်ချက်တွင် တဲအတွင်းမှ အုန်းခွံရောင်ခွေးပျိုတစ်ကောင်က လုံခြုံရေးအလိုငှာ လူစိမ်းများကိုမာန်ဖီဟိန်းဟောင် လိုက်သေးသည်။

“ဒီနယ်တစ်ကြောကထန်းတက်သမားတွေထဲမှာ ကျွန်တော်ကအသက်ငယ်ဆုံးပဲ အားလုံးလူကြီးတွေချည်း ပဲဗျ နောက်မျိုးဆက်လူငယ်တွေက သိပ်စိတ်မ၀င်စားကြတော့ဘူး” ပြောဆိုလိုက်သည့်လေသံတွင် ဂုဏ်ယူဝံ့ကြွားသံအနည်းငယ်ရောစွတ်နေသည်။ ၃၇ နှစ်ဟုဆိုသော်လည်း အသားရည်နှင့်အရွယ်တို့က ၀မ်းရေးခက်ခက်အောက်တွင် ညိုမဲရင့်ရော်လို့နေပါပြီ။ အမှန်တော့လည်း ပြည်မြို့နယ်၊ တောင်ခွေးရဲအုပ်စုထဲတွင် ထန်းတက်သမား များများစားစားရှိသည်မဟုတ်။ ၁၀ ယောက်ကျော်လောက် သာရှိသည်။ နယ်နမိတ်ချင်းထိစပ်နေသည့် သဲကုန်းမြို့နယ်၊ ကြို့ရပ်သာအုပ်စုထဲတွင်တော့ အနည်းငယ်ရှိသည်။ ခွေးရဲအုပ်စုထန်းတက်သမားများက ထန်းလျှက်မချက်ကြ၊ ထန်းဦးရည်အတွက်သာ သီးသန့်တက်ပြီး ရောင်းချသည်။ ကြို့ရပ်သာတွင်တော့ ထန်းလျှက်ချက်သည့်လုပ်ငန်းအနည်းငယ်ရှိသည်။

လွန်ခဲ့သည့်နှစ်များစွာကတော့ ကိုမြင့်လှိုင်တို့က တစ်နေ့လျှင်ထန်းလျှက် အချိန် ၁၆ ပိသာထိချက်ခဲ့ဘူးသည်။ အခုတော့ လက်နည်း သွားခဲ့ပြီ။ နောက်တစ်ခုက ဖွဲဈေးမတတ်နိုင်တော့။ ထင်းကရှားပါးသွားခဲ့သည်။ ယခင်က ရွာနောက်ဘက်သွားလိုက်လျှင်ရသည် အခုတော့အတော်ဝေးဝေးသွားလျှင်ပင် ထင်းကမရတော့။ သစ်တော ပြုန်းတီးမှုဒဏ်ကို လက်ငင်းခံစားနေရပေပြီ။ အိမ်ထောင်ကျပြီးနောက်ပိုင်း ထန်းလျှက်မချက်နိုင်တော့ ထန်းဦးရည်ရောင်းချခြင်းဖြင့်သာ အသက်မွေးဝမ်းကြောင်းနေရှာသည်။ ထန်းရာသီကုန်လွန်ပါက ယာသီးနှံများ ဖြစ်သည့် ဗူး၊ သခွါး၊ ပန်း၊ နှင့်အခြားသီးနှံများစိုက်ရင်း ဘ၀ကိုဖြတ်သန်းနေသည်။ ထန်းတက်သက်သည်ပင် အသက်နှစ်ဆယ်ကရည်တွက်ပါက ၁၇ နှစ်ရှိခဲ့ပြီ။ ဖောက်သယ်ပေးခြင်းမရှိ၊ တက်၍ရလာသည့် ထန်းဦးရည်များကို ပြည်-ဆင်မြီးဆွဲ ဖြတ်လမ်းလေးနံဘေးတွင်ရောင်းချ စားသောက်ခဲ့သည်။ တွက်ခြေကိုက်လှသည်တော့မဟုတ်။
“အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
မိုးမျှော်ငရုတ်ငယ်နှင့်လေး။” ဟူသည့် ထန်းတက်သမားကဗျာစာသားထဲက ဘ၀မျိုးပင်။

“ထန်းတက်သမားတစ်ဦးကို မနက်နှစ်ဆယ့်ငါးပင် ညနေ နှစ်ဆယ့်ငါးပင်ပေါင်း ၅၀ လောက်ပဲတက်နိုင်တယ်။ အပင် ၃၀ တက်နိုင်တဲ့ကောင်က ဆရာကြီးပဲပေါ့။ ထန်းတက်သမားတွေကအရမ်းအန္တရာယ်များတယ် အပင်ပေါ်ကပြုတ်ကျတဲ့လူလည်းကြုံဘူးတယ် သူကအပင် ငါးဆယ်ထက်ကျော်တက်တယ်၊ နောက်တစ်ခုကနေ့လည်ခင်းကြီးမှာ ရင်းဆွဲလို့ခေါ်တဲ့ လှေကားကြိုးကိုလှဲရမဲ့အချိန်မှာမလဲမိတော့ ခြောက်နေတာနဲ့ ကြိုးနေရာကအပင်နဲ့ပွတ်ပြတ်ကျတာ သွားတာပဲ” ကိုမြင့်လှိုင်၏ပြောစကားက ကြက်သီးမွှေးညှင်းထချင်စရာ။ စိတ်ကူးဖြင့်ပြုတ်ကျကြည့်တာပင် မသက်သာလှ။
ထန်းရာသီက တပိုတွဲ၊ တပေါင်းဆိုလျှင်လှိုင်ပြီး၊ တန်ခူး၊ ကဆုန်ဆိုလျှင်တော့ အထွက်နှုန်းကျဲကာ တုံးသွားတော့သည်။ ဒါဆိုလျှင်တော့ အခြားလယ်ယာလက်ငုပ်လက်ရင်းရှိသူတွေက လယ်ပြန်လုပ်၊ မရှိသူက ဖားရှာငါးရှာ၊ လယ်သူရင်းငှား စသည်ဖြင့်အသီသီးလုပ်ကြရသည်။ ကိုမြင့်လှိုင်ကတော့ “ ကျွန်တော်ကတော့ ဗူးလေးဘာလေးစိုက်ပေါ့ ထန်းတက်လုပ်ငန်းကို ကျွန်တော်အဖေတုန်းကလည်း ကျွန်တော်ကိုထန်း မတက်ခိုင်းဘူး၊ ကျွန်တော်ကလေးတွေကိုလည်း မတက်ခိုင်းဘူး ပညာတတ်အောင် သင်ပေးချင်တယ် သူတို့ဝါသနာပါလို့ ထန်းတက်ရင်တော့မသိဘူးပေါ့လေ။ ဒီလုပ်ငန်းက အရမ်းအန္တရာယ်များတယ်” လေးလေးနက်နက်ပြောလိုက်သောစကားတွင် မျှော်လင့်ချက်များကို ထုဆစ်လိုမှုများပါဝင်နေသည်။ မိမိကဲ့သို့ရင်သွေးငယ်များကို မဖြစ်စေလိုသော ဖခင်တစ်ယောက်၏စိတ်စေတနာပင်။

ကိုမြင့်လှိုင်တွင် လေးတန်းကျောင်းသားတစ်ဦးနှင့် တစ်တန်းကျောင်းသားတစ်ဦးရှိနေသည်။ အချို့ထန်းတောများတွင် ထန်းတက်သမားတို့မရှိကြတော့ အသက်ရွယ်ကြီးရင့်ဆုံးပါးကုန်ကြသည်။ အချို့က ထန်းပင်များကိုခုတ်လှဲရောင်းချလိုက်ကြသည်။ မျိုးဆက်သစ်တွေကိုထန်းမတက်စေလိုကြ။ ပိုမိုကောင်းမွန်သည့် ဘ၀များဆီသားသမီးများအား တွန်းပိုလိုကြသော်လည်း ထန်းတက်သမားများက ထန်းတောများကိုချစ်သည်။ ထန်းပင်များကိုရှင်သန်စေချင်သည်။
“ ထန်းပင်တစ်ပင်က နှစ်အစိတ်လောက်မှ ထန်းလှီးလို့ရတယ် အခုတွေ့နေရတဲ့အပင်တွေက နှစ်တစ်ရာကျော်ပြီ၊ အဲတော့တော်ရုံတန်ရုံလယ်သမားတွေက ထန်းပင်တွေစိတ်မရှည်ကြဘူး၊ ခုတ်ချင်ကြတယ်။ ကျွန်တော်တို့ကတော့ ကိုယ်မစားရလည်းသူများစားရအောင် ထွက်လာတဲ့ထန်းပင်တွေကို မွေးထားချင်တယ်။ တစ်ချို့တွေကလျှော်ခုတ်ရင်းသတ်ပစ်ကြတယ်” ထန်းတက်သမားတစ်ဦး၏ ထန်းပင်ပေါ်ချစ်ခင်သော်လည်း ရင်သွေးငယ်များကို အန္တရာယ်မဖြစ်စေလိုသော ဖခင်တစ်ယောက်၏ခံစားမှုနှင့် ထန်းတက်သမားတစ်ဦး ခံစားမှု လွန်ဆွဲပွဲပင်။

ဤနေရာတွင် မြန်မာနိုင်ငံ၏ပွဲတိုင်းကျော်လူကြမ်းကြီးဖြစ်သော လယ်ယာမြေသိမ်းဆည်းခံရခြင်း ပြသာနာမှာ ထန်းတက်သမားမိသားစုထံကိုလည်း အရောက်လာခဲ့သည်ဟုသိလိုက်ရသည်။ သီဟိုဠ်စိုက်ခင်းများအတွက် စစ်တပ်ကသိမ်းယူထားပြီး အခြားကျန်မြေများကို ရပ်ကျေးဥက္ကဌက ထပ်မံသိမ်းယူထားကြောင်း လယ်ယာမြေအရေးကူညီဆောင်ရွက်နေသူများကို မေးမြန်းအကူညီတောင်းခံကာ သက်ဆိုင်ရာဌာနများသို့ တိုင်စာရေးပို့ထားသော်လည်း ထူးခြားမှုမရှိဟုပြောဆိုသည်။ သိမ်းဆည်းခံရသူများထဲကလယ်သမားတစ်ဦး ကတော့သိမ်းခဲ့သည့်ရပ်ကျေးဥက္ကဌကို တရားစွဲဆိုထားသည်။

“ဖြစ်နိုင်ရင်တော့ သိမ်းထားတဲ့လယ်လေးတွေ ပြန်ရအောင်ဝိုင်းကူညီစေချင်တယ်။ လယ်လေးတွေ ပြန်ရရင်တော့ ထန်းတက်တဲ့အလုပ်ကိုလုပ်စရာမလိုတော့ဘူး အဆင်လည်းပြေသွားမယ် ” ဟုကိုမြင့်လှိုင်က ရင်းတွင်းမျှော်လင့်ချက်တို့ကို ပြောဆိုလိုက်သည်။ အနားတွင်တော့ဇနီးဖြစ်သူက ပြောဆိုနေသည့် စကားများကို အထူးဆန်းဖြင့် ငေးမောနားထောင်နေသည်။
ပူပြင်းလှသည့်နွေနေလည့်ခင်းတွင် လေပွေတို့ကလယ်ကွင်းပြင်ထက် ဖုန်မှုန့်များကိုလွင့်တက်စေလေသည်။ လေအဝှေ့ထန်းလက်ခြောက်တို့ အချင်းချင်းပွတ်တိုက်လို့။ တဲအတွင်းကခွေးပျိုကလမ်းပေါ်ဖြတ်သွားသူတို့ကို ထထဟောင်လိုက်သေးသည်။ ထန်းမြူအိုးလေးများကို နေသားတကျချလိုက်ရင်း ထန်းလှီးဓါးကိုလည်း တဲနံရံတွင်ချိတ်ဆွဲလိုက်ရင်း တစ်မနက်ခင်းအတွက် ထန်းတက်သမားအနားယူတော့မည်။ ဇနီးသယ်ကတော့ ထန်းအိုးများနှင့် အမြည်းပုဂံများကိုတွက်ချက်သိမ်းဆည်းလို့နေသည်။

ဝန်းကြီးပဒေသရာဇာ၏ ထန်းတက်သမားမိသားစုလေးတွင် ဆင်းရဲနွမ်းပါးမှုတို့နှင့် အတူစည်းလုံးခြင်း၊ အပူပင်ကင်းမဲ့ခြင်းတို့ကို တွေ့ရသည်။ လက်ရှိဘ၀ကိုတင်းတိမ်ရောင့်ရဲခြင်းဖြင့် ၀မ်းသာအားရဟူသော အသုံးကိုသုံးသွားသည်။ ထန်းသမားမိသားစုလေးကို စာနာစိတ်ဖြင့် အသွက်သဘောအရွှန်းလေးရေးသွားသည်။ ကျွန်တော်တွေ့လိုက်ရသည့် နှစ်ဆယ့်တစ်ရာစု ထန်းတက်သမားမိသားစုဘ၀လေးတွင်တော့ ဆင်းရဲနွမ်းပါးခြင်းနှင့် အတူ ပူပင်သောကများ၊ စိတ်မချမ်းမြေ့ဖွယ်ရာများ၊ နာကျင်ကြေကွဲမှုနှင့် မျော်လင့်ခြင်းများ ရောပြွန်းလို့နေသည်။ ဘယ်လို့ပဲဖြစ်ဖြစ် နွေဦးသို့ရောက်ခဲ့ပြီ။ ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်။ ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေေ၀။ ထန်းတက်သမားတို့ဘ၀ အန္တရာယ်ကင်းပါစေ။

ရေးသားသူ.....ဝေလင်း(ပြည်)

တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page