Wednesday, February 11, 2015

ဆရာမင်းလူရဲ့ဟာသလက်ရာဟောင်းတစ်ပုဒ်ဖြစ်တဲ့ "အော်လံဖိုးဗြော့"

Leave a Comment
ဆရာမင်းလူရဲ့ဟာသလက်ရာဟောင်းတစ်ပုဒ်ဖြစ်တဲ့ "အော်လံဖိုးဗြော့"
*********************************************************************

အရင်တစ်ခါ ကျော်ကွန့်တို့၊ မောင်ဝတို့ ကင်းစောင့်ကြပုံအကြောင်းကို မှတ်မိလျှင် ကင်းတဲအနီးက ညောင်ပင်ကြီးပေါ်တွင် ဇောက်ထိုးကောင်ဟု အမည်ပေးထားကြသော သရဲရှိကြောင်း၊ ညအချိန် ထိုညောင်ပင်ဘေးမှ ဖြတ်သွားသူများကို ဇောက်ထိုးကောင်ကြီး ဆင်းလာပြီး ခြောက်လေ့ရှိကြောင်း ကြားရသဖြင့် ကျော်ကွန့် ကင်းစောင့်ရင်း တစ်ညလုံး ချောက်ချားနေရပုံ၊ နောက်မှ ဇောက်ထိုးကောင်ဆိုတာ လင်းဆွဲကြီးဖြစ်နေကြောင်းသိရပုံ၊ သို့တိုင်အောင် နာနာဘာဝဆိုတာ လင်းဆွဲယောင်ဆောင်တတ်သည်ဟု ကြားဖူးသဖြင့် စိတ်မဖြောင့်နိုင်သေးပုံတွေကို ရေးတေးတေးတော့ သတိရကောင်းပါလိမ့်မည်။

    သတိမရတော့ဘူးဆိုလျှင်လည်း ခုပြောခဲ့တဲ့အတိုင်းပဲ မှတ်ထားကြပေတော့။ ဆက်လက်ပြီး ထိုညောင်ပင်ကြီးမှ စတင်ခဲ့သော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြပါတော့မည်။

    (ဒီတစ်ခါတော့ သေသေချာချာ မှတ်ထားကြနော်။ ဒါမှ မဟုတ်လို့ကတော့ မေ့သလောက် ရှိတဲ့အချိန်မှာ ပန်အောင်စာပေက စာအုပ်ပြန်ထုတ်ပြီး စာဖတ်ပရိသတ်ရဲ့ ငွေတွေကို ချူနေဦးမယ်။)

    (ဟော . . . ပြောရင်း ဆိုရင်း ချူပြီဗျို့)



                * * *



    မြန်မာလူမျိုးတို့သည် ညောင်ပင်ကို အမြတ်တနိုးထားကြသလို ကြောက်လည်းကြောက်ကြ၏။ အမြတ်တနိုးထားရခြင်းအကြောင်းက မြတ်စွာဘုရားသည် ဗောဓိညောင်ပင်ခြေရင်းမှာ ပွင့်တော်မူခဲ့သောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲ ပြုလုပ်ကြခြင်းဖြစ်၏။

    ကြောက်လန့်ကြရသည့်အကြောင်းကတော့ ညောင်ပင်မှန်လျှင် အစောင့်အရှောက်တစ်မျိုးမျိုး ရှိစမြဲဟူသော အစွဲအလမ်းကြောင့်ဖြစ်၏။

    ညောင်ပင်မျိုးကွဲပေါင်း မြောက်မြားစွာရှိသည့်အနက် ဗောဓိညောင်ပင်မျိုးကိုသာ အထွတ်အမြတ်ထားထိုက်ကြောင်း ကြားဖူးပါသည်။

    ဘာပဲဖြစ်ဖြစ် ညောင်ပင်သည် ထူးခြားသည့်သစ်ပင်တစ်မျိုးဖြစ်တာတော့ သေချာပါသည်။ သူက တော်တော်အသက်ပြင်းသည်။ တော်ရုံနှင့် မသေနိုင်။ ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ်၊ ဘယ်လို မြေအမျိုးအစားမှာပဲဖြစ်ဖြစ် ပေါက်နိုင်သည်။ ကျောက်တုံးကျောက်သားပေါ်မှာလည်း ရှင်သန်နိုင်သည်။ အုတ်အင်္ဂတေနံရံမှာပင် တွယ်ကပ်၍ ပေါက်နိုင်သည်။

    မျိုးပွားရာမှာလည်း ညောင်သီးကိုစားသော ကျေးငှက်များ၏ သယ်ဆောင်ပေးမှုဖြင့် မိခင်အပင်ကြီးမှ မိုင်ပေါင်းအတော်အတန် ဝေးသည့်နေရာထိ ပျံ့နှံ့ ပေါက်ရောက်နိုင်သည်။

    ညောင်ပင်၏ အဓိက ထူးခြားချက်ကတော့ မျိုတတ်ခြင်းပင်ဖြစ်၏။ ငှက်တစ်ကောင်က ညောင်သီးကို ချီသွားလို့ဖြစ်စေ၊ ၀မ်းထဲမျိုချမိပြီး တစ်နေရာရာမှာ မစင်စွန့်ရာမှ အစေ့ပြန်ထွက်လာလို့ဖြစ်စေ၊ အပင်ထပေါက်တတ်သည်။ တစ်ခါတရံ ငှက်ကအခြားသစ်ပင်တစ်ပင်၏ သစ်ခေါင်းထဲမှာ မစင်စွန့်မိသည်။ မစင်နှင့်အတူ ထွက်လာသော ညောင်စေ့က အပင်ပေါက်သည်။ ထို့နောက် သူမှီတွယ်ခိုကပ်ပေါက်ရသောအပင်ကို မျိုပစ်လိုက်တော့သည်။ အုတ်၊ အင်္ဂတေနှင့် ဆောက်ထားသော အဆောက်အဦးအဟောင်းတွေ၊ ဘုရားစေတီပျက်တွေကိုလည်း ဒီလိုပဲ မျိုပစ်တတ်၏။

    ဒီအချက်ကလည်း ညောင်ပင်ကို လူတို့ ရိုသေကြောက်ရွံ့ကြခြင်း အကြောင်းတစ်ခုဖြစ်တန်ရာ၏။

    မိုးနည်းရေရှားရပ်ဝန်းဒေသ စိမ်းလန်စိုပြည်ရေး စီမံကိန်းကို ဆောင်ရွက်နေကြသော သစ်တောဦးစီးဌာန ၀န်ထမ်းများက ထိုယုံကြည်မှု အစွဲအလမ်းကို အခွင့်ကောင်းယူ၍ အသုံးချခဲ့ကြသည်။ ထိုဒေသရှိ မြေသြဇာ ညံ့ဖျင်းသော ကျောက်သားဆန်သည့် တောင်ကတုံးတွေပေါ်မှာ ညောင်ပင်တွေ စိုက်ကြသည်။ ညောင်ပင်က ရာသီဥတုဒဏ်ခံနိုင်သဖြင့် အောင်မြင်မှု ရာခိုင်နှုန်းများသည်။ ပြီးတော့ ညောင်ပင်ကို လူတွေက ကြောက်ကြသဖြင့် ထင်းအလို့ငှာ ခုတ်လှဲခြင်း မပြုလုပ်ရဲကြ။ ဒီတော့ သစ်တောပြုန်းတီးမှုကို ကာကွယ်ပြီးသားဖြစ်သွားကြောင်း ဆောင်းပါးတစ်ပုဒ်ထဲမှာ ရေးထားသည်။ တော်တော် အကြံပိုင်သော ပုဂ်္ဂိုလ်များပင်ဖြစ်၏။



                * * *



    ဦးဖိုးဗြော့သည် သစ်တောဌာနမှ အငြိမ်းစားဝန်ထမ်း တစ်ယောက်တော့ မဟုတ်ပါ။ သို့ရာတွင် ညောင်ပင်ကို တော်တော်စိတ်ဝင်စားနေ၏။

    သူသည် ၀ါဝင်ဝါထွက်တွင် ဦးရှင်ကြီးတင်ပေးသော အလုပ်ကိုလုပ်သည်။ ကျန်အချိန်များမှာတော့ ဗေဒင်လေးဘာလေးဟောသည်။ သို့ရာတွင် သူက ဗေဒင်ကျမ်းတွေ ဘာတွေ စနစ်တကျ လေ့လာထားတာမျိုးတော့ မဟုတ်။ မဟာဘုတ်တိုင်ထူတတ်ရုံ၊ အောင်ပကုလားဆွေသားတော်ရင်း မိတ်ဖက်ခြင်းဆိုတာလောက် နောဧကနော ဒွေး၊ လွင်မိုးဆိုတာမျိုးလောက် ရွတ်တတ်ရုံသာဖြစ်၏။

    ရပ်ကွက်ထဲက လူတွေက အားတိုင်းဗေဒင်မေးနိုင်ကြသူများလည်း မဟုတ်။ ကလေးမွေးတဲ့အခါ နေ့သင့်နံသင့်မှည့်နိုင်ဖို့ တွက်ခိုင်းတာမျိုး၊ ပစ္စည်းပျောက်လို့ ပြန်ရ၊ မရ မေးတာမျိုးလောက်သာ တစ်ခါတရံရှိ၏။ ဒါတောင် တချို့က ကလေးမွေးတဲ့အခါ သိပ်တွက်ချက်မနေဘဲ စိတ်ကူးတည့်ရာ နာမည်ပေးလိုက်တတ်သည်။ ဒါမှမဟုတ် ကလေးအကြီးရဲ့ နာမည်နောက်က ကာရန်သင့်အောင် လိုက်ပေးလိုက်သည်။ အကြီးကောင်က အောင်မြဆိုလျှင် နောက်မွေးတဲ့ကောင်က အောင်လှပေါ့။ မွေးမွေးချင်းမှာ ထူးခြားသော ရုပ်လက္ခဏာကို ကြည့်ပြီး နာမည်ပေးတာမျိုးလည်းရှိ၏။ ဆံပင်ကောက်ကောက်ကလေးမို့ မောင်ကောက်ဟု မှည့်ခေါ်ပစ်လိုက်တာမျိုးပေါ့။

    ပြီးတော့ ဦးဖိုးဗြော့က ဆေးနည်းတိုကလေးတွေလည်း စုဆောင်းထားတတ်သည်။ တော်ရုံတန်ရုံ ဖျားတာနာတာ၊ ပွေးဝဲယားနာလောက်တော့ ကုနိုင်သည်။ စုန်းပူးနတ်ပူးတဲ့ကိစ္စမျိုးအတွက်လည်း အထိုက်အလျောက် လေ့လာထားသည်။

    ဟိုအရင်ကတော့ သူက ရပ်ကွက်ရဲ့ အားကိုးရာဆရာတစ်ဆူလို ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်းကျတော့လည်း ခေတ်က ပြောင်းလာသဖြင့် သူ့ကို သိပ်နေရာမထားချင်ကြတော့။ အထူးသဖြင့် လူငယ်ပိုင်းတွေ။

    ပြီးခဲ့သော နှစ်နှစ်၊ သုံးနှစ်လောက်ကစပြီး ရပ်ကွက်ထဲမှာ အန္တရာယ်ကင်း ဆွမ်းတင်သူတွေ နည်းနည်းလာသည်။ အုန်းသီးဈေး၊ မုန့်ဆန်းဈေး၊ ငှက်ပျောသီးဈေး၊ ဖယောင်းတိုင်ဈေးတွေ တက်လာသဖြင့် သိပ်အကုန်မခံချင်ကြတော့။ အန္တရာယ်ကင်းဆွမ်းတင်သည့်ကိစ္စကို အမေ့ခံနေကြသူတွေ များလာသည်။ တချို့လည်း ၀ါထွက်မှပင်ပေါင်းပြီးတင်တာမျိုး ရှိလာသည်။

    “ဟဲ့ မပွေးတို့၊ အန္တရာယ်ကင်းလေး ဘာလေး တင်ကြဦး။ ရိုးရာကို မမေ့ကြနဲ့နော်” ဟု ရင်းနှီးသူမျိုးကိုတော့ သတိပေးသေးသည်။ ထိုအခါကျမှ …

    “ဟုတ်ပါ့။ ဦးလေးဗြော့ရယ်၊ ကျွန်မလည်း အလုပ်ကများလို့ မအားတာရယ်၊ ဟိုဒင်းဖြစ်တာရယ်ကြောင့်ပါ။ လုပ်ပါ့မယ်၊ လုပ်ပါ့မယ်”

    ဆိုပြီး ကောက်လုပ်တာမျိုးလည်း ရှိ၏။ တချို့ကျတော့လည်း ‘ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ’ ဟု ပါးစပ်ကပြောပြီး ဟိုယောင်ဒီယောင် လုပ်နေကြ၏။

    ဟိုအရင်ကဆိုလျှင် ၀ါဝင်ဝါထွက်မှာ ဦးဖိုးဗြော့တို့ အလွန်အလုပ်များသည်။ ဟိုအိမ်ကလာပါ။ ဒီအိမ်ကလာပါနဲ့ သင်္ကြန်မှာ နာမည်ကြီးအဆိုတော်တွေကို မဏ္ဍပ်တွေက အလုအယက် ခေါ်ရတာမျိုး ကျနေတာပဲ။ တော်တော်မျက်နှာပွင့်ခဲ့တဲ့ ကာလပေါ့၊ ခုကျတော့ သပ်သပ်ရပ်ရပ် လှလှပပ လုပ်ထားသော ဦးရှင်ကြီးတင်သည့် လှည်းကလေးမှာ မောင်ဝ၏ ရေစည်လှည်းလောက်တောင် လူတွေက ဂရုမစိုက်ချင်တော့။ ထို့ကြောင့် ၀င်ငွေလည်းလျော့လာ၏။

    သို့တိုင်အောင် ခေတ်တွေက ဘယ်လိုပဲပြောင်းလဲတိုးတက်လာသည်ဖြစ်စေ၊ ရိုးရာစွဲလမ်းယုံကြည်မှုကို မစွန့်လွှတ်နိုင်သေးသော လူတွေလည်း အတော်များများ ကျန်ရှိနေပါသေးသည်။ ထိုအကြောင်းအချက်က ဥိးဖိုးဗြော့၏ ဘတ်ဂျက်ကို ပြန်လည်ဦးမော့လာစေသည်။



                * * *



    ကျော်ကွန့်နှင့် လှထုံတို့၏ သားလေးမောင်ကျော်လှသည် ဒီနှစ် ပထမတန်း တက်ရပြီဖြစ်၏။ တစ်ရက်ကျောင်းကအပြန် နေပူနေရာမှ ရုတ်တရက် မိုးသားတွေ တက်လာပြီး ရွာချလိုက်သဖြစ့် နီးစပ်ရာ ညောင်ပင်ကြီးအောက်ဝင်၍ မိုးခိုနေလိုက်သည်။ ခဏနေတော့ သေးပေါက်ချင်လာ၏။ ထို့ကြောင့် ညောင်ပင်ခြေရင်းမှာပင် ကလေးပီပီ အမှတ်တမဲ့တော့ ပန်းလိုက်၏။ သေးပေါက်နေရင်းမှာပင် ကျောထဲက စိမ့်ခနဲဖြစ်ပြီး ကြက်သီးထသွား၏။

    ဒီတော့မှ သူ သတိရသည်။ ဒါဟာ အဖေပြောတဲ့ ညောင်ပင်ကြီးပါကလား။ ဟိုအရင် အဖေ ကင်းစောင့်ကျတုန်းက ဇောက်ထိုးကောင်ကို တွေ့လိုက်ရတယ်ဆိုတာ ..

    အတွေးတောင် မဆုံးလိုက်။ သူခေါင်းမွေးတွေ ထောင်ထလာသလို ဖြစ်ပြီး မိုးရွာထဲမှာပင် သုတ်ခြေတင် ပြေးထွက်သွားလေတော့သည်။

    ထိုညတွင် မောင်ကျော်လှ ဖျားတော့သည်။ ကိုယ်တွေ ခြစ်ခြစ်တောက်ပူလာသည်။ ပြီးတော့ ကယောင်ကတမ်းတွေ ပြောနေသည်။

    “ဇောက်ထိုးကောင်ကြီး လိုက်လာပြီ အမေရေ … ကြောက်တယ်၊ ကြောက်တယ် ကယ်ပါဦး”

    ကျော်ကွန့်နှင့် လှထုံတို့မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေ၏။

    “ကိုကျော်ကွန့်၊ ဘယ်လိုလုပ်ကြမလဲ။ ကြည့်ရတာ သားလေးက ညောင်ပင်ကြီနားမှာ ဘာတွေ အမှားအယွင်းလုပ်ခဲ့သလဲ မသိဘူး”

    အမှန်တော့ မောင်ကျော်လှလေးသည် နေပူထဲမှာလျှောက်လာရင်း ရုတ်တရက် မိုးမိသွားသောကြောင့် အပူရှပ်ပြီး ဖျားခြင်းသာဖြစ်၏။ လှထုံက ကလေးဖျားရင် ချွေးထွက်အောင် လုပ်မှကောင်းမယ်ဆိုပြီး ငန်းဆေးတွေတိုက်၊ စောင်တွေ အထပ်ထပ်ခြုံပေး၊ ခြင်ထောင်ဘေးက ပုဆိုးတွေ အိပ်ရာခင်းတွေနဲ့ကာ လေစိမ်းမ၀င်အောင် ပြတင်းပေါက်တွေပိတ် လုပ်ထားသဖြင့် လှောင်ပိတ်ပြီး အပူကပိုကြီးလာခြင်းပင်ဖြစ်၏။

    မောင်ကျော်လှသည် နေ့လယ်က ညောင်ပင်အောက်မှာ ကြောက်အားလန့်အား ပြေးခဲ့ရခြင်းကို သတိရပြီး ကယောင်ကတမ်းတွေ ပြောနေခြင်းဖြစ်၏။ လှောင်အိုက်ပြီး လေကောင်းလေသန့်မရတော့ ပိုဆိုးသည်။ လှထုံကတော့ တော်တော်စိုးရိမ်နေပြီ။ ကျော်ကွန့်လည်း ဘာလုပ်ရမှန်းမသိဘဲ ခေါက်တုံ့ခေါက်ပြန်သာ လမ်းလျှောက်နေမိ၏။    

    “ကိုကျော်ကွန့် ဘာယောင်ချာချာ လုပ်နေတာလဲ။ အကြံလေး ဘာလေး ထုတ်စမ်းပါဦး”

    ကျော်ကွန့်သည် ချီတုံချတုံ ဖြစ်နေသည်။ မောင်ကျော်လှသည် ညောင်ပင်ကြီးအောက်မှာ တစ်ခုခု လုပ်ခဲ့မိတာတော့ သေချာသည်။ ခုဖြစ်တာက ညောင်ပင်ကြီးနှင့် ပတ်သက်သလား။ ဇောက်ထိုးကောင်နဲ့ ဆိုင်သလား၊ မဆိုင်ဘူးလား ဆိုတာတော့ ဝေခွဲလို့မရ။ သူကိုယ်တိုင် ကင်းစောင့်တုန်းက ဇဝေဇ၀ါကြုံခဲ့ရတာကိုလည်း ပြန်သတိရမိသေး၏။ သို့ရာတွင် ခုနေခါမှာ သူလည်း ဘာမှမလုပ်တတ်။ ဆရာဝန် သွားပင့်ရအောင်ကလည်း ဆေးခန်းက ဟိုဘက်ရပ်ကွက်ထိပ်မှာ။ ပြီးတော့ ဒီအချိန်ဆို ဆေးခန်းပိတ်လို့ ဆရာဝန်တောင် ပြန်သွားလောက်ပြီ။

    “ကိုကျော်ကွန့် လမ်းလျှောက်နေရုံနဲ့ ပြီးမလား”

    လှထုံကအော်လိုက်သည်။ ကျော်ကွန့်သည် ရပ်လိုက်၏။

    “ကဲ ရပ်နေပြန်ပြီ”

    ကျော်ကွန့်သည် လမ်းလျှောက်ပြန်၏။

    “ဘယ်လို ဖြစ်နေတာလဲ”

    လှထုံက အသံကုန်အော်လိုက်သည်။ ထိုစဉ်မှာပင် အိမ်ရှေ့က ဖြတ်လျှောက်သွားသော အပျိုကြီးဒေါ်ပိုက လှထုံအသံကိုကြားပြီး အိမ်ထဲဝင်လာသည်။

    “ဟဲ့ … ဘာဖြစ်နေကြတာလဲ”

    ကျော်ကွန့်က ဖြစ်ပျက်နေပုံကို ပြောပြ၏။ ဒေါ်ပိုက …

    “နေဦး၊ ငါကြည့်စမ်းမယ်”

    ဆိုပြီး ခြင်ထောင်ကို လှန်၍ ၀င်သည်။ မောင်ကျော်လှ၏ နဖူးကိုစမ်းသည်။     “ဟယ် … တော်တော်ပူနေပါလား”

    ထို့အတူ မောင်ကျော်လှအဖို့လည်း အပြင်မှ ၀င်လာသည့် ဒေါ်ပို၏လက်ကြီးက အလွန်အေးစက်နေသည်။ ထို့ကြောင့် တွန့်ခနဲ့ ဖြစ်သွားပြီး

    “အား … အား ကြောက်တယ်၊ ကြောက်တယ်” ဒေါ်ပို လက်ကို ဖြတ်ခနဲပြန်ရုတ်လိုက်၏။ ခဏစဉ်းစာသည်။

    “အင်း … ဖြစ်နိုင်တယ်။ ဒါမျိုးနားလည်တဲ့လူကို ပြမှဖြစ်မယ်၊ ဟုတ်ပြီ။ ကျော်ကွန့် နင် … ဦးဖိုးဗြော့ကို ပြေးခေါ်စမ်း၊ ငါ အိမ်ပြန်ပြီး အုပ်ဆေးသွားယူခဲ့မယ်၊ အုပ်ဆေးက တော်ရုံ အမှောင့်ပယောဂလောက်တော့ နိုင်တယ်ကွယ့်”

    ကျော်ကွန့်နှင့် ဒေါ်ပိုတို့ ရှေ့ဆင့်နောက်ဆင့် ထွက်သွားသည်။ ဒေါ်ပိုက အိမ်နီးသဖြင့် အရင် ပြန်ရောက်လာသည်။ မောင်ကျော်လှမှာ အပူကြီးသဖြင့် လူးလှိမ့်နေတုန်း။ လှထုံမှာ ဘာမှမလုပ်တတ်ဘဲ “သားလေး၊ သားလေး အမေရှိတယ်၊ အမေရှိတယ်” ဟူ၍သာ တတွတ်တွတ် ရေရွတ်နေ၏။

    ဒေါ်ပိုသည် မောင်ကျော်လှကိုယ်ပေါ်မှ စောင်များကို ခွာချလိုက်သည်။ နဖူးကို အုပ်ဆေးအနည်းငယ် ပွတ်ပေးလိုက်သည်။ လက်ဖ၀ါးနှစ်ဘက်ကို နာနာပွတ်ပြီးနောက် မောင်ကျော်လှ၏နှာခေါင်းနားမှာ တေ့ပြီးရှူစေသည်။ ထို့နောက်အသားကို မထိစေဘဲ တစ်ကိုယ်လုံးကို လက်ဝါးနှင့် သပ်သပ်ချနေ၏။ မောင်ကျော်လှသည် လူးလိမ့်နေရာမှ အတန်ငယ်ငြိမ်သွားသည်။ ထိုစဉ်မှာ ကျော်ကွန့်နှင့်အတူ ဦးဖိုးဗြော့ ရောက်လာ၏။

    “ဦးလေးဗြော့ရယ် ကြည့်ပေးစမ်းပါဦး”

    လှထုံက ငိုသံပါနှင့် ပြောသည်။ ဦးဖိုးဗြော့သည် “ခုတော့ ငါ့ကိုသတိရကြပြီပေါ့။ ဟုတ်လား” ဆိုသော မျက်နှာပေးမျိုးဖြင့် မောင်ကျော်လှနား သွားထိုင်ပြီးကြည့်သည်။ ဒေါ်ပိုက …

    “ကျွန်မလည်း တတ်သလောက် မှတ်သလောက် လုပ်ပေးထားတာပဲ” ဟု ပြောသည်။ ဦးဖိုးဗြော့က …     “အင်း … ကောင်းပါတယ်။ အုပ်ဆေးဆိုတာ ဒီလိုပဲ ရေလဲနဲ့ သုံးရတာမျိုးပဲ။ ဒါပေမယ့် ခဏပဲ ထိန်းထားနိုင်မှာ”

    “ဒါဆိုရင်”

    ကျော်ကွန့်က စိုးရိမ်တကြီး ၀င်ပြောရာ …

    “မပူနဲ့လေ ကဲ … ကဲ ရေသန့်သန့်တစ်ခွက်ပေးစမ်း၊ ကြေးဖလားရှိရင် ကြေးဖလားနဲ့ ထည့်ခဲ့၊ မရှိရင် ဖန်ခွက်နဲ့ပဲ ယူခဲ့”

    ကျော်ကွန့်နှင့် လှထုံ နှစ်ယောက်ပြိုင်တူ နောက်ဖေးဘက်ကို ပြေးမိ၏။ ပြီးမှ ကျော်ကွန့်က …     “သားလေးနားမှာ နေ၊ ငါသွားခပ်မယ်”

    ဆိုပြီး ခပ်သုတ်သုတ် ၀င်သွားသည်။ ကြေးဖလားမရှိသဖြင့် ဖန်ခွက်နှင့်ပင် ခပ်လာခဲ့၏။ ဦးဖိုးဗြော့က ဖန်ခွက်ကိုယူ၍ ဘုရားစင်ဘက်ကို ဦးတိုက်ရင်း မြှောက်ကိုင်ပြီး ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ ပြီးတော့ ညောင်ပင်ရှိရာဘက်ကို လှည့်၍ ဖန်ခွက်ကိုမြှောက်ပြီး

    “ကလေးက မသိနားမလည်လို့ အမှားလုပ်မိတာပါ။ အမိုက်အမဲကလေးမို့ ဗွေမယူပါနဲ့၊ ဆိုင်ရာပိုင်ရာများ ခွင့်လွှတ်ပြီး စောင့်ရှောက်တော်မူပါ”

    ဟု အသံကျယ်ကျယ် အော်ပြောသည်။ ပြီးတော့ မောင်ကျော်လှ ကိုယ်ပေါ်သို့ ဖန်ခွက်ထဲမှရေဖြင့် အနည်းငယ်တောက်လိုက်သည်။ ရေစက်များထိသောအခါ မောင်ကျော်လှမှာ တွန့်ခနဲ တွန့်ခနဲ ဖြစ်သွား၏။ လှထုံက ဒေါ်ပိုကို တစ်ချက်ကြည့်သည်။ ဒေါ်ပိုက အဓိပ္ပာယ်ပါပါ ပြန်ကြည့်ရင်း ခေါင်းဆတ်ပြသည်။

    “ကဲ … ကဲ ကလေးကို နည်းနည်းထူလိုက်စမ်းပါ”

    ကျော်ကွန့်က မောင်ကျော်လှကို ထိုင်လျက်အနေအထားဖြစ်အောင် ပွေ့ထူလိုက်၏။

    “သားလေး၊ မောင်ကျော်လှ ဘဘကြီးကို သိတယ်မဟုတ်လား”

    ဦးဖိုးဗြော့ကမေးသည်။ မောင်ကျော်လှသည် မျက်လုံးကိုခပ်မှေးမှေး ဖွင့်ကြည်ပြီး ‘အင်’ ဟု ရေရွတ်လိုက်၏။

    “ဟုတ်ပြီ၊ ဘဘကြီးကသားကို ရေမန်းတိုက်မယ်နော် ကုန်အောင်သောက်လိုက် ကြားလား”

    ဆိုပြီး မောင်ကျော်လှ၏ပါးစပ်မှာ ဖန်ခွက်ကိုတေ့ပေးလိုက်သည်။ မောင်ကျော်လှသည် အပူကြီးလွန်းသဖြင့် အာခေါင်တွေ ခြောက်၊ ရင်ထဲကလည်း ပူလောင်နေသဖြင့် ဖန်ခွက်ထဲက ရေကို အငမ်းမရ သောက်လေသည်။ လှထုံလည်း ခုမှ သက်ပြင်းချနိုင်သည်။

    ဖြစ်တတ်သည့်သဘောမှာ ခန္ဓာကိုယ်ထဲ ရေဓာတ်ခမ်းခြောက်နေစဉ် ရေသောက်လိုက်လျှင် ချွေးစို့လာတတ်သည်။ စောစောက တိုက်ထားသော ငန်းဆေး၏ တန်ခိုးကလည်း ခုမှ ပြလာသည်။ အုပ်ဆေးကလည်း အခိုးပွင့်စေသည်။ ပြီးတော့ ထူထပ်စွာခြုံထားသောစောင်တွေကို ခွာထားသောကြာင့်လည်း ခန္ဓာကိုယ်တွင်းမှ အပူဓာတ်များ လျော့ပါးသွားစေသည်။

    ထို့ကြောင့် မောင်ကျော်လှမှာ ချွေးတွေ စိမ့်ထွက်လာပြီး ကိုယ်ပူကျသွားသည်။ ခဏအကြာမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။ ဘာပဲဖြစ်ဖြစ် လှထုံနှင့် ဒေါ်ပိုတို့ကတော့ ဒါဟာ ဦးဖိုးဗြော့ရဲ့အစွမ်းပေါ့ဟု ယုံကြည်သွားကြသည်။ ထို့အတူ ညောင်ပင်ကြီးနှင့်ပတ်သက်၍လည်း ပို၍စွဲလမ်းယုံကြည်လာကြသည်။ ကျော်ကွန့်ပင်လျှင် ဟုတ်နိုး ဇဝေဇ၀ါဖြစ်လာ၏။



                * * *



    နောက်တစ်နေ့တွင် မောင်ကျော်လှသည် အဖျားသွေးမရှိတော့။ လူကလည်း ကြည်ကြည်လင်လင် ဖြစ်လာပြီး ဆန်ပြုတ်နှစ်ပန်းကန် သောက်နိုင်လာသည်။ ကျော်ကွန့်နှင့် လှထုံတို့က ဦးဖိုးဗြော့ကို ငွေငါးဆယ်ကန်တော့သည်။ ဒါတွင်မက ဦးဖိုးဗြော့လမ်းညွှန်မှုဖြင့် ညောင်ပင်ကြီးမှာ အမွှေးတိုင်၊ ဖယောင်းတိုင်တို့ ပူဇော်သည်။

    ထိုသတင်းမှာ လှထုံကိုယ်တိုင် တအံ့တသြ လျှောက်ပြောသောကြောင့်လည်းကောင်း၊ ဒေါ်ပို၏ဖြန့်ချိမှုကြောင့်လည်းကောင်း၊ ပဲပြုတ်သည်ဒေါ်မှိန်၏ သတင်းကွန်ယက်အတွင်း ရောက်ရှိသွားသောကြောင့်လည်းကောင်း နှစ်ရက်သုံးရက်အတွင်းမှာပင် တစ်ရပ်ကွက်လုံးက သိသွားကြတော့သည်။

    ဦးဖိုးဗြော့သည်လည်း ဂုဏ်သိက္ခာပြန်တက်လာသည်။ အန္တရာယ်ကင်းဆွမ်းတင်ဖို့ အချိန်ဆွဲနေခဲ့သော မပွေးသည် ဒီညနေမှ ဆွမ်းမတင်လျှင် ဘ၀ပျက်တော့မလောက် ပြောဆိုတောင်းပန်ပြီး အတင်းလာခေါ်သည်။

    ညောင်ပင်ကြီးမှာလည်း အရင်လို အထီးကျန်ဆန်စွာ ခြောက်ခြောက်သွေ့သွေ့ မဟုတ်တော့ဘဲ ဂရုတစိုက် လာရောက်ပူဇော်ပသသူတွေရှိလာ၏။ မောင်ကျော်လှ၏နမူနာကိုယူပြီး ကလေးတွေ ရာသီဥတုကြောင့် ကျောပူခေါင်းပူလောက်ဖြစ်လျှင် ညောင်ပင်ကြီးဆီပြေး၍ တောင်းပန်ကြသည်။ ကိုယ့်ဘာသာ ပစ္စည်းအထားမှား၊ အသိမ်းလွန်နေတာကိုပင် လက်အုပ်ကလေး ချီသွားတာမျိုး၊ ခေါင်းကလေးငုံ့သွားတာမျိုး လောက်တော့ ဖြစ်လာ၏။

    ဒီလိုအချိန်မှာ ဦးဖိုးဗြော့က နောက်ဆက်တွဲသတင်းတစ်ခုကို ထုတ်ပြန်လိုက်လေသည်။

    “ယမန်နေ့ညက မိမိအိမ်မက်ကြောင်း တစ်နည်းအားဖြင့် သက်ဆိုင်ရာပုဂ္ဂိုလ်က အိပ်မက်ပေးခြင်းဖြစ်ကြောင်း၊ ညောင်ပင်ကြီးတွင် စံမြန်းနေသူမှာ အများထင်ထားသလို ဇောက်ထိုးကောင်မဟုတ်ကြောင်း၊ ကွင်းပိုင်ကြီးသာဖြစ်ကြောင်း၊ ကွင်းပိုင်ကြီးသည် ဟိုးနှစ်ပေါင်းရာချီသော အချိန်ကစ၍ ရှိခဲ့ခြင်းဖြစ်ကြောင်း ရှေးကတော့ လူတွေက တရိုတသေ ပူဇော်ပသခဲ့ကြကြောင်း၊ ကွင်းပိုင်ကြီးကလလည်း တစ်ရွာလုံးကို စောင့်ရှောက်ခဲ့ကြောင်း၊ နှောင်းခေတ်လူတို့ ရိုးရာအစဉ်အလာကို သွေဖည်ဖောက်ဖျက်ပြီး၊ ပူဇော်ထိုက်သူကို မေ့ထားကြကြောင်း၊ တချို့က မထီမဲ့မြင်ပြုလာကြောင်း၊ ထို့ကြောင့် ခုလိုသတိပေးရခြင်းဖြစ်ကြောင်း ကွင်းပိုင်ကြီးကို ရိုရိုသေသေပသလျှင် မစမည်ဖြစ်ကြောင်း”

    ဦးဖိုးဗြော့သည် တကယ်ပဲ အိပ်မက်တာလား၊ သူ့ဘာသာထွင်ပြောသလားဆိုတာတော့ ဘယ်သူမှမသိ။ အိပ်မက်ဆိုတာကလည်း မက်တဲ့သူတစ်ယောက်တည်းသာ သိနိုင်သည့်အရာမျိုးဖြစ်၏။ တကယ်မက်တာ ဟုတ်မဟုတ်၊ သက်သေပြပြီးငြင်းလို့ရတာလည်းမဟုတ်။

    သူက ပတေးတို့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း ပြောပြနေခြင်းဖြစ်၏။ ဆိုင်ကို သူရောက်နေတာ အတော်ကြာပြီဖြစ်သော်လည်း မပြောသေးဘဲ စောင့်နေသေးသည်။ ပဲပြုတ်သည်ဒေါ်မှိန် ဘာနူးဆီမှာ ပဲပြုတ်ဖိုးလာတောင်းတော့မှ အချိန်ကိုက်ပြီး ခပ်ကျယ်ကျယ်ပြောပြခြင်းဖြစ်၏။ ဒေါ်မှိန်သည် ပါးစပ်အဟောင်းသားနှင့် နားထောင်နေ၏။ ဒါကို ဦးဖိုးဗြော့ကလည်း တစေ့တစောင်းမြင်သည်။ ဒေါ်မှိန်ကြားသွားပြီဆိုတော့ ဒီသတင်းသည် နေမွန်းမတည့်မီ တစ်ရပ်ကွက်လုံးနီးပါးကို ပျံ့နှံ့သွားတော့မှာ သေချာသွားလေပြီ။

    လက်ဖက်ရည်သောက်နေကြသော ယောက်ျားသားတွေထဲမှာတော့ ဦးဖိုးဗြော့ စကားကိုယုံသူလည်းရှိ၏။ မယုံတစ်ဝက် ယုံတစ်ဝက်လည်း ရှိ၏။ မယုံကြည်သူတွေလည်း ပါသည်။ ပွကြီးက …

    “နေပါဦး၊ ဦးလေးဗြော့ရဲ့။ ကွင်းပိုင်ကြီးလို့ဆိုရအောင် ဘယ်ကကွင်းကို ပိုင်တာလဲ ဘောလုံးကွင်းလား”     “ရမ်းမပြောနဲ့ကွ။ ဟိုအရင်ကဆိုရင် ဒီနားတစ်ဝိုက်ဟာ လယ်ကွင်းကြီးတွေပေါ့။ အဲဒီလယ်ကွင်းကြီးတွေကို စောင့်ရှောက်ခဲ့လို့ ကွင်းပိုင်ကြီးလို့ခေါ်တာ”

    ဖိုးနီကတော့ စာလေးဘာလေး ဖတ်ထားသဖြင့် ဗဟုသုတရှိ၏။ သိပ္ပံပညာအကြောင်းကိုလည်း နည်းနည်းပါးပါး တီးမိခေါက်မိသည်။ ထို့ကြောင့် ဦးဖိုးဗြော့ပြောတာကို မယုံ။ အဘိုးကြီးကို သရော်ချင်စိတ် ပေါ်လာသည်။ ထို့ကြောင့် …

    “အဲဒီကွင်းပိုင်ကြီးမှာ အဖော်တွေလည်း အများကြီးရှိမှာပေါ့”

    “ဘယ်က အဖော်တွေလဲကွ”

    ကိုရှိန်က အကောင်းမှတ်လို့ စကားဝင်ထောက်သည်။ ဖိုးနီက …

    “သူက ကွင်းပိုင်ကြီးဆိုတော့ သူ့အဖော်တွေက ကင်းပိုင်ကြီးတို့၊ ဂျက်ပိုင်ကြီးတို့၊ စပိတ်တစ်ပိုင်ကြီးတို့၊ ဂျိုကာပိုင်ကြီးတို့ ဖြစ်မှာပေါ့”

    ပွကြီးက ၀င်ဟားသည်။

    “ဒါဆို ညှင်းပိုင်ကြီးတို့ ၊ ဟတ်ပိုင်ကြီးတို့၊ ဒိုင်းမွန်းပိုင်ကြီးတို့လည်းပါမှာပေါ့”

    ဟု တစ်ဆက်တည်း ပြော၏။ ဦးဖိုးဗြော့ ဒေါကန်သွားသည်။ သူ့ကို ဒေါက်ဖြုတ်တာပဲဆိုပြီး ရှူးရှူးရှဲရှဲ ဖြစ်သွား၏။

    “ဟေ့ နင့်မေကလွှား ဖဲသမားတွေ၊ ဒါ နောက်စရာမဟုတ်ဘူးကွ။ မင်းတို့တော့ ဘေးတွေ့လိမ့်ဦးမနော်။ ပါးစပ်စည်းကမ်း မရှိတဲ့ကောင်တွေ”

    “ဘေးတွေ့တာက တည့်တည့်တွေ့တာလောက် မဆိုးပါဘူဗျ”

    ဟု ပြောပြီး တဟားဟားရယ်ရင်း ထထွက်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ချင်တော့ သူက ဦးဖို့ဗြော့ဆီအာရုံစိုက်ရင်း လျှောက်သွားသဖြင့် မြေပေါ်မှ အုတ်ခဲတစ်လုံးကို ၀င်တိုက်မိပြီး

    “အမလေးဗျ”

    ဖိုးနီကအော်ရင်း ခြေမကိုကုန်း၍ ဆုပ်ကိုင်လိုက်သည်။

    “တွေ့ပြီမဟုတ်လား၊ မင်းပြောတဲ့ တည့်တည့်တွေ့တာဆိုတာလေ၊ အဲဒါ ပါးစပ်သရမ်းလို့ ချက်ချင်းလက်ငင်း ဒိဋ္ဌပြလိုက်တာပဲ”

    ဒေါ်မှိန်သည် အဖြစ်အပျက်ကိုမြင်ပြီး မျက်လုံးပြူးသွားသည်။ ဒီနောက်မှာတော့ ကွင်းပိုင်ကြီးကို မထီမဲ့မြင်ပြုနေသော ဖိုးနီတစ်ယောက် အုတ်ခဲကိုတိုက်မိကြောင်း၊ ထိုအုတ်ခဲကို မိမိ ဆိုင်ထဲဝင်လာစဉ်က မမြင်မိကြောင်း၊ ဘယ်ကဘယ်လို ရောက်လာမှန်းမသိကြောင်း ရပ်ကွက်ထဲ လျှောက်ပြောသည်။ အမှန်အားဖြင့် ဖိုးနီမှာ ခြေမသွေးခြေဥရုံမျှဖြစ်သောလည်း ဒေါ်မှိန်ကတော့ ဖိုးနီခြေမကြီး ဟက်တက်ကွဲသွားပြီး သွေးတွေဖြာခနဲ ထွက်လာသည်ဟုဆိုသည်။

    ဘာပဲဖြစ်ဖြစ် ထိုကိစ္စကြောင့် ဦးဖိုးဗြော့စကားကို ယုံကြည်သူတွေ ပိုများလာတော့သည်။ ဇဝေဇ၀ါဖြစ်နေသူတွေကလည်း ယုံတဲ့ဘက်ကို ယိမ်းယိုင်ကုန်ကြလေတော့သည်။



                * * *



    “ဒါမျိုးဆိုတာက ပြောရခက်သားကလားဗျ”

    ရပ်ကွက်ဥက္ကဋ္ဌက မယုတ်မလွန် တွေးတွေးဆဆပြောသည်။ သူ့စကားက အဓိပ္ပာယ်နှစ်မျိုး ထွက်နေသည်။ ဦးဖိုးဗြော့ကပြောတာ ဖြစ်နိုင်သည်ဟူ၍လည်း ယူဆနိုင်သည်။ အယူသည်းမှုဟု ဆိုလိုရာလည်း ရောက်၏။

    ဖြစ်ပုံကတော့ ဦးဖိုးဗြော့သည် သူ၏အိပ်မက်ကို ယုံကြည်လက်ခံသူတွေ ရှိသဖြင့် အားတက်လာပြီးနောက် တစ်မျိုးထပ်မံပြောလာပြန်၏။ ကွင်းပိုင်ကြီးက သူ့ကို အိပ်မက်ထပ်ပေးကြောင်း၊ ညောင်ပင်ကြီးအောက်တွင် သူ့အတွက်နတ်စင်တစ်ခု ဆောက်လုပ်ပေးဖို့ တောင်းဆိုကြောင်း၊ ထို့ကြောင့် နတ်စင်ဆောက်ရန်အတွက် ၀ိုင်းဝန်းကူညီကြဖို့ ရပ်ကွက်အာဏာပိုင်များထံ တင်ပြလာခြင်းဖြစ်၏။

    “ဦးဖိုးဗြော့ အိပ်မက်မက်တယ်ဆိုတာနဲ့ ဒီကိစ္စကို ဆောင်ရွက်ပေးရမယ် ဆိုတာကတော့ နည်းနည်းစဉ်းစားဖို့သင့်တယ်။ တကယ်လို့ တခြားတစ်ယောက်ယောက်က သူလည်း အိပ်မက်မက်ပါတယ်ဆိုပြီး ကိစ္စတစ်ခုခု တင်ပြလာခဲ့ရင် ဘယ်လိုလုပ်မလဲ။ တကယ်တော့ အိပ်မက်ဆိုတာ တရားမ၀င်ဘူးလေ”

    တစ်ယောက်က ထောက်လိုက်၏။ ဦးဖိုးဗြော့က …

    “ကျုပ် စကားကို မယုံလို့လား၊ ကျုပ် တစ်သက်လုံး ဘုရား၊ တရားနဲ့ နေလာခဲ့တာ ဘယ်တုန်းကမှ လိမ်ညာမပြောခဲ့ဖူးဘူး။ ဒါကို အားလုံးအသိ”

    သူ့ကို သွေးလေချောက်ချားပြီး အိပ်မက်မက်သယောင် အပြောခံရသဖြင့် နည်းနည်းမခံချင် ဖြစ်သွား၏။     “ဦးဖိုးဗြော့ကို မယုံလို့ပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က လုပ်ချင်တိုင်း အရမ်းလုပ်လို့ ရတာမဟုတ်ဘူးလေ။ စည်းမျဉ်းစည်းဆိုတာ ရှိသေးတယ်”

    “တခြားရပ်ကွက်တွေမှာ နတ်စင်တွေ ရှိကြတာပဲ။ တချို့ဆို ဟီးထနေအောင် ဆောက်ထားကြတာ၊ ကျုပ်တို့ရပ်ကွက်သာ မရှိသေးတာ”     ဦးဖိုးဗြော့က စောဒကတက်၏။ သူက ပြောအားရှိသည်။ ရပ်ကွက်ထဲက လူအတော်များများက သူ့ကိုထောက်ခံကြမှာ သေချာသည်။ ရပ်ကွက်လူကြီးများအနေဖြင့် အတော်ဦးနှောက်စားနေ၏။ ခွင့်မပြုပြန်လျှင်လည်း ဦးဖိုးဗြော့စကားကို ယုံကြည်သူတွေက မကျေမနပ်ဖြစ်ကြမည်။ ဒီလိုရိုးရာအစွဲအလမ်းမျိုးက တားမြစ်လို့လည်း မသင့်လျော်။ ထို့ကြောင့် …

    “ဒီလိုလုပ်ပါ၊ လောလောဆယ် ဦးဖိုးဗြော့ရဲ့ တင်ပြချက်ကို လက်ခံမယ်။ တကယ်လို့ ကန့်ကွက်တဲ့လူရှိလာရင်တော့ ပြန်စဉ်းစားရလိမ့်မယ်”

    ဟု ဥက္ကဋ္ဌက ဆုတ်သာတက်သာ ဆုံးဖြတ်ပေးလိုက်၏။     ထိုအခါ ဦးဖိုးဗြော့က နတ်စင်ဆောက်ဖို့ကိစ္စ စတင်ဆောင်ရွက်လေတော့သည်။ တကယ်တမ်းကျတော့ ဘယ်သူက ကမကထပြုပြီး ရန်ပုံငွေမတည်မလဲဆိုတာ ပြဿနာဖြစ်လာ၏။ ခါတိုင်း အများဆုံးထည့်နေကျ ခေါက်ဆွဲစက်နှင့် ဗီဒီယိုရုံပိုင်ရှင် ဦးကုလားသည် ဟိုတစ်ခါ ပညတ်၊ ပရမတ်ကိစ္စနှင့်ပတ်သက်၍ ကတောက်ကဆ ဖြစ်ပြီးကတည်းက ဦးဖိုးဗြော့နှင့် ခပ်တန်းတန်း ဖြစ်နေ၏။ ဦးဖိုးဗြော့က ရပ်ကွက်လူကြီးများ၏၀ိတ်နှင့် ဖိဖို့ကြိုးစားသေးသည်။ ရပ်ကွက်လူကြီးတွေက ၀တ်ကျေတန်းကျေသာ လိုက်ပေးသည်။ ဦးကုလားက …

    “အားလုံးသိကြတဲ့အတိုင်း ကျွန်တော့် ခေါက်ဆွဲစက်ကလည်း ဂျုံဈေးပေါ်မှီပြီး လည်တလှည့် မလည်တလှည့်၊ ဗီဒီယိုရုံကလေးကို အားကိုးပြီးစားနေရတာ၊ အရင်လို သိပ်အဆင်ပြေတာမဟုတ်ဘူး”

    ဟု အလိမ္မာနှင့်ငြင်းသည်။ တခြားလူတွေကလည်း ဦးကုလားလို နှုတ်အားဖြင့် စိတ်ဓာတ်ရေးရာအားဖြင့်သာ ထောက်ခံသည်။ ငွေကတော့မထွက်။ များသောအားဖြင့် ငွေကြေးချောင်လည်ကြသူများ မဟုတ်သဖြင့် နတ်စင်ဆောက်တဲ့အခါ လုပ်အားဒါန ပါဝင်ပါ့မယ်ဆိုသော ကတိကိုသာ ပေးကြ၏။

    ဦးဖိုးဗြော့မှာ သူစသည့်ဇာတ်လမ်းကို ဘယ်လိုဆက်ရမှန်းမသိဘဲ အကြပ်ရိုက်နေ၏။ ညနေဘက်မှာ မလုံးတင်တို့အိမ် ဆွမ်းတင်ပေးဖို့အတွက် ငှက်ပျောသီး၊ အုန်းသီး၊ မုန့်ဆန်း စသည်တို့ သွားဝယ်ရင်း ဈေးထိပ်မှာ အလှူခံမဏ္ဍပ်တစ်ခုတွေ့သည်။ အသံချဲ့စက်နှင့်အော်ပြီး အလှူခံနေသည်။ ဘုရားတန်ဆောင်းပြင်ဖို့ ဖြစ်၏။

    သူ အကြံရသွားသည်။



                * * *



    အလှူခံမဏ္ဍပ်မှာ သိပ်ကြီးလှသည်တော့ မဟုတ်။ ရှိတာလေးနှင့် ဖြစ်အောင်လုပ်ထားရခြင်း ဖြစ်၏။ ၀ါးလုံးလေးတိုင်ထောင်ပြီး ပလတ်စတစ်အစကို မိုးထားသည်။ စားပွဲတစ်လုံးပေါ်တွင် အလှူခံငွေထည့်ဖို့ ငွေဖလားတစ်လုံး တင်ထား၏။ ငွေဖလားဆိုသော်လည်း ငွေအစစ်မဟုတ်။ သတ္တုကို ပန်းကနုတ်ဖော်ထားခြင်းသာ ဖြစ်၏။ ဒါတောင် သူပိုင်မဟုတ်။ ဘုန်းကြီးကျောင်းက ငှားထားရခြင်းဖြစ်၏။ တစ်ခုတော့ရှိသည်။ သူ့မဏ္ဍပ်ကလည်း တခြားမဏ္ဍပ်တွေလိုပင် အသံချဲ့စက်ပါသည်။ ၀ါးလုံးတိုင်ထိပ်ဖျားမှာ အော်လံကြီးကို အပီအပြင်ဆင်ထား၏။

    အသံချဲ့စက် ငှားခကိုတော့ အလှူခံလို့ရသောငွေထဲမှ ထုတ်ပေးမည်။ ပြီးတော့ ဦးဖိုးဗြော့အနေဖြင့် တစ်နေ့ကုန် အလုပ်ပျက်ခံပြီး ထိုင်အလှူခံရမည်ဖြစ်သောကြောင့် ထမင်းဖိုး၊ လက်ဖက်ရည်ဖိုး၊ ဆေးလိပ်ဖိုးအဖြစ် အလှူခံရငွေမှ တစ်ရာလျှင် သုံးဆယ်ကျပ်ရမည်။

    အလှူခံဌာန၏ တည်နေရာကတော့ ညောင်ပင်ကြီး၏ အောက်မှာပင်ဖြစ်၏။ ဒါမှလည်း လူတွေက ညောင်ပင်ကြီးကိုမြင်ပြီး လှူချင်စိတ်ပိုပေါ်မည်ဟု တွက်သည်။ ပြီးတော့ ဒီနေရာက ရပ်ကွက်အ၀င်အထွက် လမ်းပေါ်မှာကျသဖြင့် လူသွားလူလာလည်း များသည်။

    ဦးဖိုးဗြော့သည် အော်လံကြီးကို ဘယ်ဘက်လှည့်ရကောင်းမလဲ စဉ်းစားသည်။ အိမ်ခြေများတဲ့ဘက် လှည့်ရမည်။ တောင်ဘက်နှင့် အရှေ့ဘက်က များသည်။ ဘယ်ဘက်ကောင်းမလဲ။ သူသည် တစ်ချက်ခုတ် နှစ်ချက်ပြတ် စီစဉ်လိုက်၏။ အရှေ့ဘက်ခြမ်းရှိ အနီးဆုံးအိမ်မှာ ဦးကုလားအိမ်ရှိ၏။ ဦးကုလားနှင့် သူ ငြိထားတာလေးရှိသည်။ ဒီတော့ ဦးကုလားကို နည်းနည်းပညာပေးရမည်။ ထို့ကြောင့် ဦးကုလားအိမ်ဘက်သို့ အော်လံကို လှည့်ထားလိုက်သည်။

    မနက်ခြောက်နာရီလောက်မှာ အလှူခံမဏ္ဍပ်ဆီမှ ရေကင်းသံ၊ အဆိုတော်ဌေးဌေးမြင့်၏ ဘုရားပင့်သီချင်းသံ ကျယ်လောင်စွာ ဖွင့်လိုက်သည်ကို တစ်ရပ်ကွက်လုံး ကြားကြရလေသည်။ ထိုနေ့မှစ၍ ရက်သတ္တပတ် အတန်ကြာအောင် ထိုအသံများသည် သူတို့ရပ်ကွက်အဖို့ မနက်စောစောထဖို့ နှိုးစက်သဖွယ် ဖြစ်လာလေတော့သည်။

    “မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ နံနက်ချိန်ခါ ဖြစ်ပါစေလို့ ကျွန်တော်မောင်ဖိုးဗြော့က နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီနေ့ ဒီရက် ဒီအချိန်ကစလို့ ကျွန်တော်များ ဍ ရပ်ကွက်မှ ညောင်ပင်သာ ကွင်းပိုင်ကြီးနတ်ကွန်း ဆောက်လုပ်ရန်အတွက် စတင်အလှူခံနေပါပြီ ခင်ဗျာ”

    ဦးကုလားသည် ညက စာရင်းတွေလုပ်နေသဖြင့် ညဥ့်နက်မှ အိပ်ရသည်။ ထို့ကြောင့် ဒီမနက်တော့ နည်းနည်းနေမြင့်အောင် အိပ်လိုက်မည်ဟု ကြံစည်ထား၏။ သို့ရာတွင် မနက်အစောကြီးမှာ အိမ်နားကကပ်ပြီး ဖွင့်လိုက်သော အသံချဲ့စက်သံကိုကြားသဖြင့် ငေါက်ခနဲ လန့်နိုးလာသည်။ အစကတော့ ဘယ့်နှယ် ဒီထီရောင်းတဲ့တွန်းလှည်းက အစောကြီးလာရတာလဲဟု ထင်မိသေးသည်။ နောက် ဦးဖိုးဗြော့၏အသံကြီးကို ကြားတော့မှ သဘောပေါက်သွားသည်။

    “အင်း ကိုဖိုးဗြော့တော့ ငါ့ကိုဒုက္ခပေးပြီ”

    ဟု စိတ်ထဲကညည်းလိုက်၏။

    အလှူခံဌာနမှာ ဈေးဦးပေါက်လာထည့်သူက လှထုံဖြစ်၏။ သူက မောင်ကျော်လှကိစ္စ ဖြစ်ထားသဖြင့် ခုကိစ္စမှာ အတော်စိတ်ပါလက်ပါ ရှိသည်။ သူက အရင်ဆုံး ဦးဦးဖျားဖျားလှူခဲ့လျှင် ကွင်းပိုင်ကြီးက မှတ်မိပြီး သူ့သားလေးကို စောင့်ရှောက်လိမ့်မည်ဟု ယုံကြည်နေသည်။ ထို့ကြောင့် အသံချဲ့စက်သံ ကြားကြားချင်း ပြေးလာခဲ့ခြင်းဖြစ်သည်။

    “ဦးလေးဗြော့ ကျွန်မ သုံးဆယ်ထည့်မယ်။ ကျွန်မလည်း ဒီ့ထက်များများ ထည့်ချင်ပါတယ်။ ဒါပေမယ့် မောင်ကျော်လှလေး နေမကောင်းတုန်းက ငွေအတော်ကုန်သွားလို့ သိပ်မရှိဘူး။ အဲ … အဲ ကွင်းပိုင်ကြီးကိုလည်း တောင်းပန်ပေးပါနော်။ အခု ထည့်တာကို စရန်လို့မှတ်ထားပါလို့၊ ကိုကျော်ကွန့် လခထုတ်တော့ ထပ်ထည့်ပါ့မယ်လို့”

    “အေး အေး၊ ရပါတယ်ကွယ်၊ လခထုတ်တော့သာ မေ့မနေနဲ့ ကြားလား”

    ဦးဖိုးဗြော့က ငွေသုံးဆယ်ကို လှမ်းယူသည်။ ဆိုင်လား မဆိုင်လားတော့မသိ။ ဈေးသည်တွေ ဈေးဦးပေါက်မှာ လုပ်သလို ငွေစက္ကူများဖြင့် ငွေဖလားကို တဖျတ်ဖျတ်ရိုက်ပြီးမှ ထည့်လိုက်သည်။ စပီကာမှ ကြေညာပေးရန်အတွက် မိုက်ကရိုဖုန်းကို လှမ်းအကိုင်တွင် လှထုံက …

    “ခဏနေဦး၊ ခုမှ သတိရတယ်၊ ဘာနူးဆီက ကျွန်မ ငွေငါးဆယ်ချေးထားတာ ရှိတယ်။ ကြေညာလိုက်လို့ သူကြားသွားရင် မကောင်းဘူး။ သူ့ပိုက်ဆံကျတော့ ပြန်မပေးဘူး။ အလှူငွေကျတော့ ထည့်နိုင်သလား ထင်နေဦးမယ်”

    ဦးဖိုးဗြော့မှာ ပွဲဦးထွက် အားရပါးရ အော်လိုက်မည်ပြင်ပြီးမှ ဆန့်တငံ့ငံ့ဖြစ်သွားပြီး

   “ဒါဆို ဘယ်လိုလုပ်မလဲ”

အပိုင်း(၂)ဇာတ်သိမ်း..မျှော်...

မင်းလူ..ရေးသားသည်..
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page