Thursday, December 11, 2014

မှုတ်ရှည်-မှော်ဇာ ကျေးလက်လမ်းဖောက်လုပ်ရာတွင် ရှေးဟောင်း အမွေနှစ်အချို့ထိခိုက်မှုများရှိသွားကြောင်း ဒေသခံများနှင့် ပြင်ပပညာရှင်များကထောက်ပြပြောဆို

Leave a Comment






ပြည်၊ နိုဝင်ဘာ ၂၁

ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်မြို့နယ် ရှိ ကမ္ဘာ့အမွေနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်း တည်ရှိရာ မှော်ဇာကျေးရွာနှင့် မှုတ်ရှည်ကျေးရွာ ကျေးလက်မြေသားလမ်းဖောက်လုပ်ရာ၌ ရှေးဟောင်းအမွေနှစ် လက်ရာအုတ်ရိုးအချို့နှင့်နန်းတွင်းရေသွင်းရေထုတ်ပြုလုပ်ရာ နေရာအချို့ထိခိုက်ပျက်စီး မှုများရှိသွားကြောင်း သိရသည်။

“ လမ်းဖောက်တာကိုကန့်ကွက်နေတာမဟုတ်ဘူး လမ်းဖောက်တာကောင်းတယ် ဒါပေမယ့်ရှေးဟောင်းနယ်မြေတွင်းလမ်းဖောက်လုပ်မယ်ဆိုရင် တခြားကမြေသားကိုယူရတယ် လက်ရှိမြေသားကိုကုတ်လို့မရဘူး မဖြစ်မနေကုတ်ရမယ်ဆိုရင် ဒီအနက်လောက်ကုတ်စရာမလိုဘူး လမ်းဖောက်တာမှာလည်း ရှေးဟောင်းကကျွန်းကျင်ပညာရှင်ပါရမယ် အခုရှေးဟောင်းလမ်းကြီးပါသွားတယ် ဒေသခံတွေကလာပြောတာတွေရှိတယ် သူတို့အ၀ီစီတွင်းလေးတူးဖို့လုပ်တော့ စာတင်ရတာ ၁၀ ရက်လောက်ကြာတယ် သူတို့တွေကြတော့ ပစ်စလက်ခတ်လုပ်သွားတယ်တဲ့ အခုအုပ်ချုပ်ရေးမှူးက ညှိုနိုင်းတိုင်ပင်တာဘာမှမရှိဘူး လုပ်တာလည်းဘာမှမသိရဘူး သူတို့ပြောတာကအခုပျက်သွားတဲ့နေရာတွေကို ဖို့ပေးပါ့မယ်တဲ့ ရှေးဟောင်းမှာ နဂိုလက်ရာအတိုင်းပဲ ပြန်မပြင်ရဘူး အဲဒါဆိုအသစ်ပဲအမွေနှစ်မဟုတ်တော့ဘူး အခုအုပ်ချုပ်ရေးမှူးတို့ ရပ်ထောက်ကူတို့ဆိုတာရှေးဟောင်းတန်ဖိုးဘာမှသိတဲ့လူတွေမဟုတ်ဘူး တာဝန်ရှိသူတွေကလည်း ကော်လိုက်လို့အုတ်စအုတ်နပေါ်ရင်သူတို့တားထားရမယ် သမိုင်းအထောက်ထားဘာရှိလည်းရှာရမယ် အခုကရှေးဟောင်းပုံရိပ်ပျက်တာပေါ့” ပုဂံရှေးဟောင်း အမွေနှစ်များတူးဖော်ရာတွင် ပြင်ပပညာရှင်အဖြစ်ပါဝင်ခဲ့ဘူးသည့် ဒေသခံဦးမြင့်သောင်းကပြောသည်။

ယင်းသို့ထိခိုက်မှုရှိသွားသည့်နေရာများမှာ မှော်ဇာပြတိုက်အနီး ရှိ ရှေးဟောင်း နန်းတော်ရာကုန်းမှတဆင့် လယ်တော်ကြီးသို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ဒေသအခေါ်မင်းလမ်းအုတ်ရိုးနှင့် အခြားအုတ်အဆောက်ဦး များအား လမ်းဖောက်လုပ်ရာ၌ မြေသားတူးယူရာတွင် ယန္တရားဖြင့်ကုတ်ယူမိခြင်း၊ နန်းတော်ရာကုန်းမှတဆင့် ရှေးဘုရင်စိုက်ပျိုးသည့် လယ်တော်ကြီးစံပြကွက်များသို့ ရေသွင်းရေထုတ်စနစ်ပြုလုပ်ရာ ချင်းမြောကြီးမြောင်း တို့ကို လမ်းဖြတ်ပိတ်လိုက်ခြင်းတို့ဖြစ်ကြောင်း ထိုသို့ပြုလုပ်ခြင်းမှာ ရှေးဟောင်းလက်ရာအမွေနှစ်များ ထိခိုက်ပျက်စီးစေသလို ပတ်ဝန်းကျင်အနေထားကိုလည်း ဖျက်စီးရာရောက်ကြောင်း ဒေသခံများကပြောသည်။

“ကျွန်တော်တို့လမ်းဖောက်လုပ်တာမှာ ရှေးဟောင်းဌနကသဘောထားမှတ်ချက်လည်းယူပြီးသားပါ လမ်းအူကြောင်းလမ်းသူတို့ရွေးပေးတာပါ သူတို့ပြောနေသလိုထိခိုက်တာမျိုးမရှိပါဘူး လမ်းကလည်း ဟိုအရင်ကတည်းက ရှိပြီးသားလမ်းပါ လမ်းကအဓိကကတော့ မှုတ်ရှည်ပေါ့ အနီးနားကျေးရွာတွေက အများဆုံးအသုံးပြုနေတာပါ ဘတ်ဂျတ်ကတအားနည်းတော့ ထပ်စိုက်ရတာလည်းရှိတယ် ဖြစ်အောင် လုပ်ရတဲ့အပိုင်းတွေလည်းပါပါတယ် ” ဟုမှော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးအေးထွန်းကပြောသည်။

လမ်းဖောက်လုပ်ရာတွင်ရှေးဟောင်းလမ်းကို သာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထိုနားတ၀ိုက်မှာ ၈၈ ကာလကရွှေကျင်လုပ်ငန်းများကြောင့် အုတ်အပိုင်းစများမှာ ပြန့်ကျဲနေခြင်းဖြစ်ကြောင်း လမ်းအားပြန်လည်လုပ်ဆောင်ရာတွင် ပြွန်နှင့်သော်လည်းကောင်း ရေကျော်လုပ်ခြင်း နှစ်နည်းရှိကြောင်း မြေသားရေကျော်ပြုလုပ်ပါက မဖြစ်နိုင်ကြောင်း ပြွန်ချခြင်းပြုလုပ်ပါက ရှေးဟောင်းမပျက်စီးနိုင်ကြောင်း ရှေးဟောင်းအမွေနှစ်နယ်မြေစီမံကိန်းများတွင် ဒေသလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲရေး မှာလည်း အဓိကပါဝင်ကြောင်း အခြေခံအားဖြင့်လမ်းပန်းဆက်သွယ်ရေးကိုအဓိကပြုလုပ်ခြင်းဖြစ်ကြောင်း ယခုကိစ္စမှာလည်း ဘတ်ဂျတ်ငွေနည်းပါးမှုကြောင့် ဖြစ်သွားဖြစ်ကြောင်း သရေခေတ္တရာလုပ်ငန်းအဖွဲ့ခေါင်းဆောင်ဒုထိယညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်ကပြောသည်။

ယင်းမြေသားလမ်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှတဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကြီးကြပ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အရှည် ၁ မိုင်၊ ၄ ဖာလုံရှိ မြေသားလမ်းဖြစ်ကာ ဘတ်ဂျတ် ငွေ ၃၉ သိန်း ကုန်ကျပြီး အောက်တိုဘာ ၁၂ ရက်နေ့ကဖောက်လုပ်ခဲ့ကာ နိုဝင်ဘာလ ၁၂ ရက်နေ့က အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရေခေတ္တရာ သတင်းမီဒီယာ

0 comments:

Post a Comment

Facebook Like Page