Friday, July 25, 2014

ခိုင်းနွားဈေးကြီးမြင့်မှုကြောင့် ပြည်မြို့နယ်အတွင်း လယ်ယာလုပ်ငန်းခွင် ခိုင်းနွားရှားပါးမှုနှင့်ကြုံ

Leave a Comment
ခိုင်းနွားဈေးကြီးမြင့်မှုကြောင့် ပြည်မြို့နယ်အတွင်း လယ်ယာလုပ်ငန်းခွင် ခိုင်းနွားရှားပါးမှုနှင့်ကြုံ


ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ်အတွင်းတွင် ခိုင်းနွားဈေးကြီးမြင့်မှုနှင့် အစုလိုက်အပြုံလိုက် နွားဝယ်ယူမှု များရှိနေသောကြောင့် ယခုနှစ်စိုက်ပျိုးရာသီ လယ်ယာလုပ်ငန်းခွင်အတွင်း ခိုင်းနွားရှားပါးမှုနှင့် ကြုံနေရကြောင်း ဒေသခံတောင်သူလယ်သမားများထံမှ သိရသည်။

ယခင်နှစ်က ခိုင်းနွားတစ်ကောင်လျှင် အမြင့်ဆုံးဈေး ကျပ် ၄သိန်းခန့်သာရှိသော်လည်း ယခုနှစ် စိုက်ပျိုးရာသီ တွင် အမြင့်ဆုံးဈေး ကျပ်၈ သိန်းအထိ ဈေးပေါက်နေသောကြောင့် လယ်သမားများ ၀ယ်ယူရန် မတတ်နိုင်ခြင်း အပြင် ပြည်မြို့နယ်တွင်းမှ မဟုတ်ဘဲ အခြားဒေသများမှ အစုလိုက်အပြုံလိုက် နွားဝယ်ယူမှုများရှိနေ သောကြောင့် ခိုင်းနွားများရှားပါးလာသည်ဟု ပြည်မြို့နယ် တီတွတ်ကျေးရွာနွားပွဲဈေးတွင် နွားအရောင်းအ၀ယ် အကျိုးဆောင်ပြုလုပ်ပေးနေသူ ကိုထွန်းထွန်းဇော်ကပြောသည်။

“အခုတလောကတော့ ကရင်တွေလာဝယ်နေတယ်။သူတို့ကတော့သူတို့နယ်ကိုတင်ဖို့လို့လည်းပြောတယ်။ စည်သွပ်ဖို့လည်းပြောတယ်။ဝယ်တာမှချောချောကြီးတွေချည်းဝယ်တာ။ ပိန်တာတွေဆိုလုံးဝကို မ၀ယ်ဘူး။”ဟု ၎င်းကဆိုသည်။

လယ်သမားများအနေဖြင့် စားဝတ်နေရေး မပြေလည်ခြင်းကြောင့် မိမိပိုင်ဆိုင်သော နွားများအား ရောင်းချကာ အကြွေးဆပ်ခြင်းတို့ကြောင့်လည်းစိုက်ပျိုးရာသီတွင် ခိုင်းကျွဲ၊ နွားအခက်အခဲဖြစ်ရသည်ဟု ပြည်မြို့နယ်တွင်းမှ လယ်ယာလုပ်ကိုင်သူတစ်ဦးဖြစ်သော ကိုစိုးက ပြောသည်။

“ချေးငွေဆပ်ချိန်မှာမဆပ်နိုင်တော့ ရှိတဲ့နွားလေးထိုးရောင်းဆပ်၊နွားထီးမပြောနဲ့ နွားမတောင်ငှားနေရတယ်။ အခုကမခိုင်းလို့ကလည်းမရဘူး။ခိုင်းပြန်တော့လည်းသနားစရာပါ။” ၄င်းကဆိုသည်။

လက်ရှိအမဲသားဈေးမှာလည်း အဆမတန်မြင့်တက်လျှက်ရှိပြီး အသားဈေးအလိုက်ဝယ်ယူရခြင်းကြောင့် ခိုင်းနွားများ ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။
်
သီဟလွင်​-ပြည်​ (မြစ်​မခ)

0 comments:

Post a Comment

Facebook Like Page