Saturday, July 26, 2014

အောင်လံမြို့သတင်းထောက်များ မီဒီယာဖိနှိပ်မှု ရပ်တန့်ရေး အသံတိတ် ဆန္ဒထုတ်ဖော်

Leave a Comment


မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ဇူလိုင်လ(၂၅)ရက်နေ့ နံနက်ပိုင်းက သတင်းသမားများကို နှစ်ရှည် ထောင်ဒဏ် ချမှတ်ခဲ့ရခြင်းနှင့် ပတ်သက်၍ တရားမျှတမှုမရှိဘဲ မီဒီယာများအားဖိနှိပ်နေသည်ဟု ယူဆသော ကြောင့် သတင်းထောက်(၂၀)ဦးခန့်က ဆန္ဒဖော်ထုတ်မှုများပြုလုပ်ခဲ့သည်။

အောင်လံမြို့ ကုသိနာရုံ ဘုရားရှေ့မှ စတင်ကာ သတင်းသမားမှ ကင်မရာများ၊အသံဖမ်းစက်နှင့် သတင်း ထောက် အသုံးအဆောင် ပစ္စည်းများကို ကတ္တရာလမ်းမပေါ်တွင် ချ၍ ပါးစပ်များကို စတေကာများဖြင့် ပိတ်ကာ အသံတိတ်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်တရားရုံးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ်(၁၀)နှစ်ချမှတ်လိုက်ခြင်းမှာ အလွန်ပြင်းထန်သော ပြစ်ဒဏ်ဖြစ်ပြီး တရားမျှတမှုမရှိကြောင်း ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခြင်းသာဖြစ်သောကြောင့် မီဒီယာဖိနှိပ်မှုများ ရပ်တန့်ရန်ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သော သတင်းသမားကပြောဆိုသည်။

“သတင်းထောက်တွေ ထောင်ချခံရတာ ပြန်ကြည့်လိုက်ရင် ကိုဇော်ဖေအမှုနဲ့ ယူနတီအမှုတွေဟာ အားလုံးက မကွေးတိုင်းမှာ ဖြစ်တာတွေကြီးပဲ အခုချိန်ထိမကွေးတိုင်းမှာ မီဒီယာလွပ်လပ်ခွင့်တွေကို ကန့်သတ် ချုပ်ချယ် နေတုန်းပဲ တိုင်းတွေထဲမှာ မကွေးတိုင်းဟာ အခုချိန်ထိဒီမိုကရေစီမရသေးဘူးလို့ တောင်ပြောနေကြပြီ။ ဒါကြောင့်မီဒီယာဖိနှိပ်မှုတွေရပ်တန့်ဖို့ အခုလိုဆန္ဒထုတ်ဖော်မှုကိုပြုလုပ်ရတာပါ။”ဟုအောင်လံမြို့နယ်ခံ သတင်းထောက်ကိုလင်းသက်နိုင်က ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန်အတွက် အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံုးသို့ ဇူလိုင်လ(၁၉)ရက်နေ့က တရားဝင် စာတင်ခဲ့ပြီးနောက် ဆန္ဒမထုတ်ဖော်မှီ နှစ်ရက်အလိုတွင် ခွင့်ပြုမိန့်ပေးလိုက်ခြင်းလည်းဖြစ်ပြီး ဆန္ဒဖော်ထုတ်ရာ လမ်းကြောင်းတစ်လျှောက် မြို့နယ်ရဲတပ်ဖွဲ့မှလုံခြုံရေးပေးမှုများလည်းပြုလုပ်ခဲ့သည်။

လက်ရှိအချိန်၌ အောင်လံမြို့တွင် ဆန္ဒဖော်ထုတ်မှု အများအပြားရှိခဲ့သော်လည်း ယခုတစ်ကြိမ်သာ တရားဝင် ခွင့်ပြုချက်ဖြင့် ပထမဆုံးအကြိမ်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က သတင်းစာနေ့တိုင်းဖတ်တယ်။ အခုသတင်းထောက်တွေကို ထောင်ဒဏ်(၁၀)နှစ်ချ လိုက်တာက အရမ်းများလွန်းတယ် ကျွန်တော်တို့ မကွေးတိုင်းမှာက မီဒီယာတွေကို ဖိနှိပ်နေတုန်းပဲ ဒီလိုသာ လုပ်လို့ သတင်းရေးသားသူတွေ မရှိတော့ရင် ကျွန်တော်တို့ ပြည်သူတွေကို မျက်စိကို ပိတ်ခံလိုက်ရသလိုပဲ အဲဒါကြောင့် လိုက်အားပေးတာ ဆန္ဒပြတဲ့သူတွေကို ရေတိုက်ချင်ပေမယ့် သူတို့ကပါးစပ်တွေပိတ်ထားတော့ တိုက်လို့မရဘူး။”ဟု ဆန္ဒပြပွဲတွင် လိုက်လံသူအောင်လံမြို့ခံ ကိုနိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် အမှတ် (၂၄)ကာကွယ်ရေးပစ္စည်း စက်ရုံသတင်းအား ရေးသားရာမှ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲခံထားရသည့် ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို ဇူလိုင်လ(၁၀)ရက်နေ့က ပခုက္ကူခရိုင်တရားသူကြီးမှ သတင်း ရေးသားဖော်ပြခြင်းသည် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးကိုထိခိုက်စေသည်ဟုဆိုကာ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်စီချမှတ်ခဲ့သည်။

လက်ရှိအချိန်တွင်လည်း Bi မွန်းတည့်နေဂျာနယ်မှ တိုက်ပိုင်ရှင်နှင့်အယ်ဒီတာ၊ သတင်းထောက်တို့ကိုလည်း ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ဂျာနယ်မှာလည်း ရပ်နားထားရသည်။

ထို့သို့နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ပြီးနောက် ဇူလိုင်လအတွင်းမှာပင် ရန်ကုန်နှင့် မန္တလေး မြို့ကြီးများ အပါအ၀င် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ယခုမကွေးတိုင်းတို့တွင် သတင်းသမားများ ပြန်လည်လွတ်မြောက် ရေး ဆုတောင်းပွဲများ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

    25 July 2014
    By သီဟလွင် - ပြည် (မြစ်မခ)

0 comments:

Post a Comment

Facebook Like Page