Wednesday, October 30, 2013

နတ်တလင်းမြို့နယ်တွင်းရှိ ကျေးရွာ သုံး ရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးရရှိ

Leave a Comment
နတ်တလင်း အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) နတ်တလင်းမြို့နယ်အတွင်းရှိ ချောက်ခမ်းကျေးရွာ၊ ရေကြည်ကျေးရွာနှင့် ချောင်းခွ ကျေးရွာများတွင် အောက်တိုဘာ ၁၀ ရက်မှစ၍ ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးရရှိပြီ ဖြစ်ကြောင်း အဆိုပါကျေးရွာများ အတွက်ဖွဲ့စည်းထားသော မီးလင်းရေးကော်မတီမှ သတင်းရရှိသည်။ အဆိုပါကျေးရွာများ မီးလင်းရေးအတွက် ရပ်မိရပ်ဖများပါဝင်သော ကျေးရွာမီးလင်းရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ မတည်အလှူရှင် ထည့်ဝင်ငွေ၊ ကျေးရွာပြည်သူများ ထည့်ဝင်ငွေများဖြင့် စနစ်တကျ ကြီးကြပ်ဆောင်ရွက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ကူညီပံ့ပိုးမှုများကြောင့် ယခုကဲ့သို့ အချိန်တိုကာလအတွင်း ကျေးရွာများမီးလင်းခဲ့ခြင်း ဖြစ်ကြောင်း မီးလင်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက် အရသိရသည်။ အဆိုပါ ကျေးရွာများသည် နတ်တလင်းမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာနှင့် လျှပ်စစ်မီးရရှိသော တာပွန်မြို့၏ အနောက်ဘက် ၁ ဒသမ ၅ မိုင်ခန့်အကွာတွင်တည် ရှိခဲ့သော်လည်း ယခင်က လျှပ်စစ်မီး ရရှိခဲ့ခြင်းမရှိပေ။ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အလေးပေး ဆောင်ရွက်နေသော ယခုကဲ့သို့ အချိန်အခါတွင် ကျေးရွာပြည်သူများ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ကူညီပံ့ပိုးမှုများကြောင့် တာပွန်မြို့မှတစ်ဆင့် ၁ ဒသမ ၅ မိုင်အရှည် 11 KV ဓာတ်အားလိုင်းတိုးချဲ့ခဲ့ပြီး ကျေးရွာတစ်ရွာလျှင် 100 KVA ဓာတ်အားခွဲရုံတစ်ရုံစီဖြင့် ဓာတ်အားခွဲရုံ သုံးရုံ တည်ဆောက်ကာ အဆိုပါကျေးရွာများရှိ အိမ်ထောင်စု ၇၃၂ စု လူဦးရေ ၂၄၅၇ တို့အတွက် ကျပ်သိန်း ပေါင်း ၁၁၇၀ အကုန်အကျခံကာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

(၀ဏ္ဏထွန်း)
Pyay City

0 comments:

Post a Comment

Facebook Like Page