Wednesday, October 30, 2013

ဗိဿနိုး၊ သရေခေတ္တရာ၊ ပျူမြို့ဟောင်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ရေး ဆောင်ရွက်

Leave a Comment
နေပြည်တော် အောက်တိုဘာ ၂၆

ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၊ ICOMOS မှ ကျွမ်းကျင်ပညာရှင် Dr. Susan နှင့် တာဝန်ရှိသူများသည် ဗိဿနိုး၊ သရေခေတ္တရာပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ရေးအတွက် ယနေ့တွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းသည် မကွေးတိုင်းဒေသကြီး မကွေးလေဆိပ်တွင် ကြိုတင်ရောက်ရှိနေသည့် ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ICOMOS မှကျွမ်းကျင်ပညာရှင် Dr. Susan တို့နှင့်အတူ ဗိဿနိုးမြို့ဟောင်းနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ကြွင်းကျန်တည်ရှိနေသည့် ရှေးဟောင်းအဆောက်အအုံများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း(ပြည်) သင်တန်းခန်းမ၌ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်က ဗိဿနိုး နှင့်သရေခေတ္တရာ ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ထားရှိမှုကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ICOMOS မှ ကျွမ်းကျင်ပညာရှင်တို့က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ထို့နောက် ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရန်အတွက် လိုအပ်ချက်များကို ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ဖြည့်စွက်ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အဖွဲ့ဝင်များသည် သရေခေတ္တရာ ရှေးဟောင်း သုတေသနပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပျူမြို့ဟောင်းမှ တူးဖော်ရရှိသည့် ပျူခေတ်လက်ရာ ပစ္စည်းများကိုလည်းကောင်း၊ သရေခေတ္တရာမြို့ဟောင်းအတွင်းရှိ နန်းတော်ရာ တူးဖော်နေမှု၊ ရဟန္တာကန်၊ ဘောဘောကြီးဘုရား၊ ဘဲဘဲဘုရား၊ ဗိဿနိုး မိဖုရားသင်္ချိုင်း၊ မကျီးကျကုန်း၊ အမှတ်(၅၃) ကုန်းနှင့် ပျူအရိုးအိုး ၃ဝ၈ လုံးတူးဖော်တွေ့ရှိ၍ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဗိဿနိုး၊ သရေခေတ္တရာနှင့်ဟန်လင်း ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့အမွေအနှစ်အဖွဲ့၏ တာဝန်ပေးချက် ICOMOS မှ ကျွမ်းကျင်ပညာရှင်က လာရောက်စစ်ဆေးလျက်ရှိပြီး ၂ဝ၁၄ခုနှစ် ဇန်နဝါရီလတွင် ဟန်လင်းမြို့ဟောင်းအား စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

KM27102013
Pyay City

0 comments:

Post a Comment

Facebook Like Page