သီရိခေတ္တရာပြတိုက် အဆင့်မြှင့်တင်
ပြည် စက်တင်ဘာ - ၁၃
ပြည်မြို့နယ်၊ မှော်ဇာအုပ်စုရှိ သီရိခေတ္တရာပြတိုက် အဆင့်မြှင့်တင် ပြင်ဆင်လျှက်ရှိကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သတင်းရရှိသည်။ ပျူလူမျိုးတို့ နေထိုင်ခဲ့ရာ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ ရှေးဟောင်းမြို့သုံးမြို့ရှိ ပြတိုက်များအားလုံး တိုးမြှင့်ပြင်ဆင်ပြီး ရှေးဟောင်း ပစ္စည်းများလည်း တိုးမြှင့် ပြသသွားမည်ဖြစ်ရာ သီရိခေတ္တရာပြတိုက်ကို တိုးမြှင့်ပြင်ဆင်နေခြင်း ဖြစ်ကြောင်းသိရှိရသည်။ သီရိခေတ္တရာပြတိုက် တိုးမြှင့်ပြင်ဆင်ခြင်း လုပ်ငန်းကို သြဂုတ်လလယ်မှ စတင်ကာဆောင်ရွက်ခဲ့ရာ စက်တင်ဘာလကုန်တွင် ပြီးစီးနိုင်ရန် နေပြည်တော်နှင့် ရန်ကုန် (အမျိုးသားပြတိုက်မှ) တာဝန်ရှိသူများမှ လာရောက် ပြင်ဆင်နေခြင်းဖြစ်သည်။ သီရိခေတ္တရာပြတိုက်တွင် ၁ စင်တီမီတာ ပုတီးစေ့အရွယ်မှ စပြီး ၉ ပေ ၆ လက်မအရွယ်ရှိ ပျူခေတ်ပစ္စည်းများ ပြသထားရှိသည်။ ယင်းပြတိုက်တွင် သံ၊ ကျောက်၊ မြေမီးဖုတ်၊ ပလာစတာ အစရှိသော ရှေးဟောင်းပစ္စည်း အမျိုးအစား ၂၅၀ ခန့် ပြသထားရှိရာ ယခုအခါ ရွှေ၊ ငွေနှင့် ကြေးထည် ပစ္စည်းများကိုပါ ထည့်သွင်းပြသသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သီရိခေတ္တရာပြတိုက်အား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ပျူမြို့ဟောင်းများ ကြီးကြပ်ညှိနှိင်းရေးအဖွဲ့ (PYUCOM) ရှိ သရေခေတ္တရာလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ ဦးဆောင်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်းသိရသည်။ ပျူမြို့ဟောင်း ရှေးဟောင်းသုတေသန ပြတိုက်များကို အဆင့်မြှင့်တင်ခြင်း လုပ်ဆောင်ရာတွင် ပြတိုက်အား ပြန်လည်ပြင်ဆင်ခြင်း၊ အဆောက်အအုံအား ပြုပြင်မွန်းမံခြင်း၊ ပြသ ပစ္စည်းများ ဖြည့်စွက်ခြင်း၊ ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လှပရေးများပါဝင်ပြီး နိုင်ငံတော်အသုံးစရိတ်ဖြင့် ပြုပြင်ခြင်းဖြစ်ကြောင်း သိရသည်။ သီရိခေတ္တရာပြတိုက်သို့ ဝင်ရောက်ကြည့်ရှုမည်ဆိုပါက နိုင်ငံသားတစ်ဦးလျှင် ဝင်ကြေး ၂၀၀ ကျပ်၊ ကလေးတစ်ဦးလျှင် ၁၀၀ ကျပ် ပေးဆောင်ရပြီး နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၅၀၀၀ ကျပ်နှင့် ရှေးဟောင်းဇုံအတွင်း လှည့်ပတ်ကြည့်ပါက ၅၀၀၀ ကျပ် ပေးဆောင်ရသည်။ မူလတန်းမှ တက္ကသိုလ် အဆင့်ထိ ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ဝင်ရောက်လေ့လာခွင့် ပြုထားကြောင်း သတင်းရရှိသည်။ သရေခေတ္တရာမြို့ဟောင်းသည် ပျူမြို့ဟောင်း သုံးခုတွင် ရှေးဟောင်းပစ္စည်း မျိုးစုံတွေ့ရပြီး အရှေ့တောင်အာရှတွင် ယဉ်ကျေးမှုအထွန်းကားဆုံးမြို့ဖြစ်ကြောင်း၊ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်ဝင်ရန် ကြိုးပန်းနေပြီး ယူနက်စကိုရှိ (ICOMIS) မှ အောက်တိုဘာလမှစ၍ ၂၀၁၄ ဖေဖော်ဝါရီလအတွင်း လာရောက်စစ်ဆေးမည်ဖြစ်သည်။ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရပါက ထိန်းသိမ်းစောင့်ရှောက်ရန် ကုလသမဂ္ဂမှ နည်းပညာနှင့် အထောက်အပံ့များ ရရှိလာမည်ဖြစ်သည်။ သီရိခေတ္တရာပြတိုက်အား တိုးမြှင့်ပြင်ဆင်နေခြင်းနှင့် ပတ်သက်ပြီး ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “အခုလိုပြတိုက်တွေကို ပြင်ဆင်ပြီး ပစ္စည်းတွေ တိုးမြှင့်ပြသလိုက်ခြင်းကြောင့် လာရောက်ကြည့်ရှုသူဟာ ပျူလူမျိုးတို့ရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ ဂီတ၊ အနုပညာ ထွန်းကားခဲ့တာတွေကို ပိုမိုလေ့လာနိုင်မယ်။ ဒီနိုင်ငံမှာ ဒီလိုရှေးဟောင်း အမွေအနှစ်တွေရှိခဲ့ပါလားလို့ သိလာပြီး ဂုဏ်ယူတတ်လာစေဖို့ ရည်ရွယ်တယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေကို တန်ဖိုးထားတတ်လာစေချင်တယ်။ ထိန်းသိမ်းစောင့်ရှောက်တာတွေကိုတော့ စဉ်ဆက်မပြတ် လုပ်ဆောင်နေမှာပါ” ဟုဆိုသည်။
ဇော်မင်းထိုက်..pyay ct မှကူးယူဖော်ပြသည်။..ပြည်သတင်း...

0 comments:
Post a Comment