Friday, August 16, 2013

အ၀လွန် အမျိုးသမီး များမှ မွေးဖွားသော ရင်သွေးများသည် အရွယ်မတိုင်မီ စောစီးစွာ သေဆုံးမှု ၃၅ ရာခိုင်နှုန်း ပိုမို များပြား

Leave a Comment

ပဲရစ် သြဂုတ် ၁၅
အ၀လွန် အမျိုးသမီး များမှ မွေးဖွားသော ရင်သွေးများသည် အရွယ်မတိုင်မီ စောစီးစွာ သေဆုံးမှု ၃၅ ရာခိုင်နှုန်း ပိုမို များပြားကြောင်း သြဂုတ် ၁၄ ရက်က ထုတ်ပြန်သော လေ့လာချက် တစ်ရပ်အရ သိရသည်။
စကော့တလန်ရှိ သုတေသီ များသည် ၁၉၅၀ ပြည့်နှစ်နှင့် ၁၉၇၆ ခုနှစ်အကြား ကလေးမွေးဖွား ခဲ့ကြသော အမျိုးသမီး ၂၈၅၄၀ ဦး၏ ကလေး ၃၇၇၀၉ ဦးကို စစ်တမ်းကောက် လေ့လာ ခဲ့ကြသည်။ အွန်လိုင်း ဂျာနယ်တွင် ဖော်ပြထားသော အဆိုပါ လေ့လာမှု ပြုလုပ်ချိန်တွင်  ၎င်းကလေးများ၏ အသက်မှာ ၃၁ နှစ်မှ ၆၁ နှစ်အထိ ရှိနေကြပြီ ဖြစ်သည်။
သုတေသီ များသည် လေ့လာမှု စတင် ပြုလုပ်ချိန်တွင် သေဆုံးသွားပြီ ဖြစ်သော ကလေး ၆၅၅၁ ဦး၏ အချက်အလက် များကိုပါ ထည့်သွင်းစဉ်းစား ခဲ့ကြသည်။
ဖော်ပြပါ ကလေးများ အားလုံး၏ မိခင်များ အနက် ၂၁ ရာခိုင်နှုန်းသည် မီးဖွားချိန်၌ ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုမို မြင့်မားနေပြီး ၎င်းတို့ တစ်ဦးချင်း စီ၏ BMI မှာ ၂၅ မှ ၂၉ ဒသမ ၉ အထိရှိသည်။ ၎င်းတို့အနက် ၄ ရာခိုင်နှုန်း ခန့်မှာ BMI ၃၀ နှင့် အထက်ရှိသည့် အ၀ လွန်သူများ ဖြစ်ကြသည်။
အထက်တွင် လေ့လာခဲ့သော ကလေးများ အားလုံးတွင် ၃၅ ရာခိုင်နှုန်းသည် အ၀လွန် မိခင်များမှ ဖွားမြင်သည့် ရင်သွေးများ ဖြစ်ပြီး ၎င်းကလေး များသည် ပုံမှန် ကိုယ်အလေးချိန် ရှိသော မိခင်များမှ မွေးဖွားလာသည့် ကလေးများနှင့် နှိုင်းဆလျှင် အသက် ၅၅ နှစ်မတိုင်မီ သေဆုံးရန် ၁၁  ရာခိုင်နှုန်း ပိုမို များဖွယ်ရှိကြောင်း၊ အီဒင်ဘတ် တက္ကသိုလ်မှ ဇီဝကမ္မ ဆေးပညာ ဆိုင်ရာ ပါမောက္ခ ရီဘတ်ကာ ရေနိုးက ပြောကြားထားသည်။
ထို့ပြင် အ၀လွန် အမျိုးသမီး များ၏ သားသမီး များသည် အရွယ် ရောက်ချိန်တွင် နှလုံး ရောဂါကြောင့် ဆေးကုသ ခံယူရမည့် ရာခိုင်နှုန်း မှာလည်း ၄၂ ရာခိုင်နှုန်း ရှိသည်ကို သုတေသီ အဖွဲ့က တွေ့ရှိခဲ့သည်။
ဖော်ပြပါ လေ့လာ တွေ့ရှိချက်များ အရ ၀မ်းဗိုက်အတွင်း ဖွဲ့စည်းပုံ အခြေအနေတွင် အရေးကြီးသော အချက်တစ်ချက် ရှိနေပြီး ၎င်းအချက်သည် သားသမီးများ အရွယ် မတိုင်မီ သေဆုံးမှုနှုန်း မြင့်မားစေသည့် အန္တရာယ်ကို သက်ရောက်စေကြောင်း သိရသည်။
အခြား တွေ့ရှိချက် တစ်ရပ်တွင်မူ ၀မ်းဗိုက် အတွင်းရှိ အခြေအနေ များသည် ခန္ဓာကိုယ် ရေရှည် ရပ်တည်မှု အပြောင်းအလဲ များစွာကို ဖြစ်ပေါ် စေနိုင်ကြောင်း၊ ၎င်းပြောင်းလဲမှု များသည် ခန္ဓာကိုယ်၏ အစာ စားလိုစိတ်ကို ထိန်းချုပ်မှုနှင့် ဇီဝကမ္မ ကဲ့သို့သော ဖြစ်စဉ်များ အပေါ် သက်ရောက်နိုင်ဖွယ် ရှိသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် မိမိတို့သည် အ၀လွန် အမျိုးသမီး များမှ မွေးဖွားလာသော ကလေးများအား ကောင်းမွန်သော လူမှုဘ၀ နေထိုင်မှု ပုံစံကို အကြံပြု နိုင်ရေးအတွက် စဉ်းစားရန် လိုအပ်ကြောင်းနှင့် နှလုံးရောဂါ အတွက် အန္တရာယ် ဖြစ်စေမည့် အချက်များ ကိုလည်း  ကြိုတင်စောင့်ကြည့် သုံးသပ်လျက် ရှိကြောင်း ပါမောက္ခ ရေနိုးက ထပ်လောင်းပြောကြား ထားသည်။

0 comments:

Post a Comment

Facebook Like Page