ပျားပန်းခပ် စည်ကားနေသည့် ဘန်ကောက် လမ်းမကြီးပေါ်တွင် ‘အလောင်း ၁၀၀’
ဆိုသည့် သစ်ပင်ကြီး တစ်ပင်က လမ်းပေါ်သို့ ကိုင်းညွှတ် ကျနေသည်။ ထိုအနီးနား
တစ်ဝိုက်တွင် ယာဉ်တိုက်မှုဖြင့် ကွယ်လွန်သွားသူများအတွက် ရည်စူးပြီး
သစ်ပင်ကြီးတွင် နတ်ကွန်း တစ်ခုကို ဆောက်လုပ် ပေးထားသည်။
[နတ်လမ်းညွှန် ပန်ပတ်သုံသည် မဲနက်နတ်ကွန်းတွင် ဗေဒင်လည်းဟောသည်။ ထိုနတ်ကွန်းသို့ ထိုင်းလူမျိုးများ ချဲနံပါတ် အတိတ်ကောက်ရန် ရောက်လာတတ်ကြသည်။] ထိုင်းနိုင်ငံ အနှံ့အပြားမှ နတ် ယုံကြည် ကိုးကွယ်သူများက ဤသစ်ပင်ကြီးဆီသို့ ရောက်လာလေ့ ရှိသည်။ ထိုအပင်ကြီးကိုလည်း ရွှေရောင် အဝတ်စကြီးဖြင့် ပတ်ထားကာ၊ အပင် ပတ်လည်တွင် ရုပ်တုပေါင်း ရာနှင့်ချီပြီး ဝန်းရံထားသည်။ သူတို့ ဤနေရာသို့ ရောက်လာသည့် ရည်ရွယ်ချက်က တစ်ခုတည်း ရှိသည်။ ချဲထီ ဂဏန်းများ ရရန်သာဖြစ်သည်။
“သစ်ပင်မှာ ဆုတောင်းတယ်။ ပေါက်ဂဏန်းလေး အိပ်မက်မှာ ပေါ်ပါစေလို့ပေါ့” ဟု မော်တော်ဆိုင်ကယ် တက္ကစီ မောင်းသမား ကရင်ဆတ်ကိုနတ်က ပြောသည်။ သူက ဤနေရာ ဝန်းကျင်တွင် ကျက်စားနေသူ ဖြစ်သည်။ တစ်ရက် သူ့အိပ်မက်တွင် ၄၅ ဆိုသည့် ဂဏန်း ပေါ်လာသည်။ သူက ထိုဂဏန်းကို ပတ်လည် ရိုက်လိုက်သည်။ ထိုနေ့တွင် သူချဲပေါက်ခဲ့သည်။
ထိုင်းနိုင်ငံနှင့် ဝေးသူတွေကတော့ ချဲထီအကြောင်း ပြောလျှင် သိပ်ပြီး နားလည်မည်မထင်။ ထိုင်းလူမျိုး တွေကတော့ ငွေကြေးအခက် ကြုံလေတိုင်း ကံတရားကို အားကိုးကြသည်။ ကြပ်တည်းလေ နတ်ကိုးကွယ်မှုက မြင့်တက်လေ ဖြစ်သည်။ သူတို့ကို အစွမ်းထက်သည့် တစ္ဆေသရဲတွေက ကံကောင်းခြင်း လက်ဆောင် ဂဏန်းတွေ ပေးမည်ဟု ယုံကြည်ကြသည်။
“ဒါဟာ အယူသီးမှုသာ ဖြစ်တယ်။ အထူးသဖြင့် ကျေးလက်နေသူတွေက သူရဲ၊ တစ္ဆေနဲ့ နတ်တွေကို ယုံကြည်ကြတယ်။ တစ်ခုခု ဖြစ်လိုက်ပြီဆိုတာနဲ့ သူတို့က ပေါက်ဂဏန်းကို ရှာကြတော့တာ” ဟု The Daily News သတင်းစာ မျက်နှာဖုံး ဆောင်းပါးရှင် အယ်ဒီတာ ဝိုရာဝစ် ဆရီနမ်ရက်ဆာက ပြောကြား သည်။
ထိုင်းတွေ တစ်ဦးနှင့် တစ်ဦးတွေ့လျှင် အစားအကြောင်း ပြောလေ့ရှိသည် ဆိုသော်လည်း ဒုတိယ အရေးအကြီးဆုံး ပြောလေ့ရှိသည့် စကားမှာ တရားမဝင် မှောင်ခို ချဲထီ အကြောင်းဖြစ်ဖို့များသည်။ တကယ်တော့ ချဲထီ ထိုးခြင်းသည် တရားမဝင်ဟု ဆိုရမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင်တော့ ရှင်သန်နေဆဲ ဖြစ်သည်။ လူဦးရေ သုံးပုံ တစ်ပုံလောက် ချဲထိုးနေကြသည်။ ချဲထိုးသည့် ဓလေ့နှင့် အတူ သူရဲနှင့် နတ်တွေကို အယူသီး ကိုးကွယ်လာခြင်းကလည်း ရယ်စရာတော့ ဖြစ်နေသည်။ တစ်မျိုးသားလုံး အစွဲအလမ်းကြီးစွာ ချဲထိုးနေကြသည်။ တစ်လလျှင် နှစ်ကြိမ် ပလတ်စတစ် ဘောလုံး များ၏ အဆုံးအဖြတ်ကို သူတို့ ပျော်မွေ့နေကြသည်။
[ချဲထီရောင်းသူတစ်ဦး။ ကံကောင်းစေရန် လည်ပင်းတွင် ဘုရားပုံတော်များ ဆွဲထားသည်။] ချဲဂဏန်းများသည် လူသေသည့် အဖြစ်အပျက်များကချည်း လာသည်မဟုတ်။ ပုံမှန် ချဲထီလောင်း နေသူများ၏ အဆိုအရ ဂဏန်းများသည် အိပ်မက်ကချည်း လာသည်မဟုတ်၊ သစ်ခေါက်တွေမှာလည်း ပေါ်လာတတ်သည်။ ကျေးရွာများတွင် သစ်ခေါက်မှ နံပါတ်များ ပေါ်သည်ဆိုသော သတင်းကို နိုင်ငံအတွင်းရှိ မီဒီယာတွေကလည်း ဖော်ပြနေကြသည်။ ခြေ ခြောက်ချောင်းနှင့် လိပ် သို့မဟုတ် နာမည်ကျော် ရုပ်ရှင်မင်းသား၊ မင်းသမီး တည်းခိုသည့် ဟိုတယ်ခန်းအတွင်း ခြေပွားနှင့် အိမ်မြှောင် ပေါက်လေး တစ်ကောင် တွေ့သည်ကအစ အတိတ်ကောက်စရာ သတင်းတွေ ဖြစ်နေတတ်သည်။ လူတွေက ဘယ်ဟိုတယ်တွင် မင်းသား မင်းသမီးတွေ ရောက်နေသလဲဟု စုံစမ်းကြသည်။ ဝန်ကြီးချုပ် ယင်းလတ်၏ မွေးနေ့ သို့မဟုတ် ဘုရင့် မိသားစု၏ အထိမ်းအမှတ် နံပါတ်များသည်ပင် သူတို့ စောင့်ကြည့်နေကြသည့် ချဲထီ အတိတ်များ ဖြစ်နေသည်။
သို့သော် ထိုင်းတို့ စိတ်ထဲတွင် တန်ခိုးကြီးသည့် သရဲများက ပေါက်ဂဏန်းကို ပိုပေးတတ်သည်ဟု ယုံကြည်နေကြသည်။ ရိုးရိုးသေသည့် သရဲမဟုတ်၊ အစိမ်းသေဆိုလျှင် ပိုပြီး တန်ခိုးကြီးသည်။
ထိုင်းနိုင်ငံအတွင်း တန်ခိုး အကြီးဆုံး သရဲနတ်မှာ ‘မဲနက်’ ဖြစ်သည်။ ဘန်ကောက် အရှေ့တောင်ပိုင်းရှိ ဗုဒ္ဓဘုရားကျောင်းတစ်ခု ဘေးတွင် နတ်ကွန်း တစ်ခုဖြင့် စံမြန်းခွင့် ရထားသော သူရဲမကြီးလည်း ဖြစ်သည်။ မဲနက်သည် သူမယောက်ျား စစ်ထွက်သွားစဉ် မီးတွင်း၌ သေဆုံးခဲ့ရသူ ဖြစ်သည်။ ယောက်ျားက စစ်ပြန်လာသောအခါ သူမသည် အိမ်တွင် သရဲမ ဖြစ်နေသည်။
အသက် ၇၂ နှစ် အရွယ်ရှိ ပန်ပတ်သုံသည် မဲနက် နတ်ကွန်းဘေးရှိ အခြား ဗေဒင်ဆရာများအနက် တစ်ဦး ဖြစ်သည်။ သူက မဲနက် နတ်ကွန်းသို့ လူတွေက အကြောင်းအမျိုးမျိုးဖြင့် ရောက်လာလေ့ ရှိကြောင်း၊ လူငယ်တွေက စစ်ထဲ မဝင်ရရေး၊ အမျိုးသမီးတွေက ကလေးရရန်နှင့် ကျောင်းသားတွေက စာမေးပွဲ အောင်မြင်ရန် လာရောက် ဆုတောင်းကြသည်ဟု ပတ်သုံက ဆိုသည်။
ပတ်သုံက မဲနက်သည် တစ်ခါတစ်ရံ နတ်ကွန်းပေါ်တွင် ကိုယ်ထင် ပြတတ်ကြောင်း၊ သူတို့ပြောသမျှ သူမ အကုန်ကြားကြောင်း ပြောပြသည်။
[မဲနက်နတ်ကွန်းတွင် ရှိသည့် သစ်ပင်ကြီးအခေါက်ကို လာခြစ်ကြည့်ပြီး ချဲနံပါတ် တောင်းနေကြသည့် ထိုင်းလူမျိုးများ] နတ်ကွန်းသို့ လာသူများသည် မြေအိုးအတွင်း ထည့်ထားသည့် နံပါတ်ပါ ဘောလုံးများကို နှိုက်ပြီး ကံစမ်း ကြည့်ကြသည်။ သို့မဟုတ် နတ်ကွန်းအတွင်းရှိ သစ်ပင်မှ သစ်ခေါက်ကို ကုတ်ခြစ်ကြည့်ပြီး နံပါတ် ပေါ်လိုပေါ်ငြား ရှာဖွေတတ်ကြသည်။
“အဲဒီအထဲမှာ ကံကောင်းသွားတဲ့ သူတွေက နောက်တစ်ဆင့် တက်ပြီး နတ်ကွန်းထဲမှာ အာရုံခံ ကြတယ်။ သူတို့ အာရုံထဲမှာ နံပါတ်တွေ ပေါ်လာတာကို ထိုးကြတယ်” ဟု ပတ်သုံက ဆိုသည်။
ကံကောင်းသူတွေရှိသလို ကံမကောင်းသူတွေလည်း ရှိသည်။ “သူတို့ကတော့ တစ်နေကုန် သစ်ခေါက် တွေကို လာခြစ်ကြည့်နေတော့တာပဲ။ ကံမကောင်းရင်တော့ နံပါတ် မတွေ့နိုင်ပါဘူး” ဟု သူက ဆိုသည်။
ဘန်ကောက်လို ခေတ်မီပြီး လူမျိုးပေါင်းစုံရှိသည့် မြို့ကြီးတွင် နတ် သရဲတို့ကို မယုံကြည်သူတွေလည်း အများကြီး ရှိသည်။ မယုံကြည်သူတွေက ယုံကြည်သူတွေကို ဝေဖန်မှုမျိုး ထိုင်းလူမှုဘဝတွင် မရှိပေ။ ချဲထိုးမှုနှင့် ပတ်သက်ပြီး အပြစ်လည်း ပြောလေ့မရှိ။ “မယုံလျှင် မစော်ကားနှင့်” ဆိုသည့် မူဖြင့် အတူ ပူးတွဲ နေထိုင်တတ်ကြသည်။
ထိုင်းနိုင်ငံအတွင်း ချဲဂဏန်းပေးသည့် မဂ္ဂဇင်း သုံးစောင်ရှိသည်။ Website တွေကလည်း ချဲဂဏန်း တွေကို လမ်းညွှန်အဖြစ် တင်ပေးနေသည်။ ဘန်ကောက်သို့ ချဲထီကိစ္စဖြင့် လာလျှင် သွားရန် လမ်းညွှန် ထားသည့် နေရာ ၁၀ နေရာ ရှိသည်။ အလောင်း ၁၀၀ သစ်ပင်က နံပါတ် ၅ နေရာတွင် ရှိသည်။
ထိုင်းတို့၏ လူနေမှုဘဝတွင် ချဲထီ လောင်းကစားခြင်းသည် အရေးပါလာသဖြင့် ချူလာ လောင်ကွန် တက္ကသိုလ်ကပင် ထိုအကြောင်းကို သုတေသနပြုနေကြရပြီ ဖြစ်သည်။၂၀၁၁ ခုနှစ်တွင် နော့ပါနန့် ဝမ်နာသက်စကား ဆိုသူ၏ သုတေသနပြုချက်အရ တရားမဝင် မှောင်ခို (မြေအောက်) ထီကို လောင်းကစားနေသူပေါင်း သန်း ၂၀ ခန့် ရှိသည်ဟု ဆိုသည်။ လူဦးရေ ၆၅ သန်းခန့်ရှိသော နိုင်ငံတွင် ဖြစ်သည်။
[အလောင်း၁၀၀ သစ်ပင်ကြီးသည် ဘန်ကောက်၏ လည်ပတ်စရာ နေရာ နံပါတ်၅တွင်ရှိသည်။] လွန်ခဲ့သော ရာစု နှစ်စုလောက်ကတည်းက တရုတ် လူမျိုးတို့သည် ထိုင်းနိုင်ငံ လူနေမှု ဘဝအတွင်းသို့ ချဲထီ ဓလေ့ကို ယူဆောင်လာခဲ့သည်ဟု ဆိုသည်။ လောင်းကစားအတွက် မည်သည့် နံပါတ်လောင်း မည်ကို ဒိုင်များက လိုက်ကောက်ခံလေ့ရှိပြီး ငွေကြိုပေးစရာ မလိုပေ။ နံပါတ် ထွက်သွားပြီးမှသာ ငွေလာကောက်လေ့ ရှိသည်။
“ဒီစနစ်က ယုံကြည်မှုတွေနဲ့ တည်ဆောက်ထားတယ်။ သူတို့မသိတဲ့ ဒိုင်တွေဆီမှာလည်း ထိုးသားတွေ က ထိုးလေ့ မရှိကြဘူး” ဟု နော့ပါနန့်က ဆိုသည်။
နံပါတ်တွေကို ဖွေရှာခြင်းသည် စိတ်ထဲ စွဲနေသည့် ဂဏန်းများလည်း ဖြစ်နိုင်သည်။ ဘန်ကောက်မှ မိုင် ၆၀ အကွာရှိ ဆူပန်ဘူရီမြို့တွင် လှည်းဖြင့် မုန့်ရောင်းသည့် ဝီမွန်မာက သူမအနေနှင့် ချဲထွက်ခါနီးလေ အလုပ်ထဲတွင် အာရုံမစိုက်နိုင်လေဖြစ်ကြောင်း၊ အိပ်လည်း သည်နံပါတ်တွေ၊ စားလည်း သည်နံပါတ် တွေကိုသာ မြင်နေကြောင်း ပြောပြသည်။
“အကောင်းဆုံး ပေါက်ဂဏန်းတွေက ချဲမထွက်မီ ညမှာ ပေါ်လာတတ်တယ်။ တစ်ခါတစ်လေ အိပ်မက်ထဲမှာ ဂျက်လေယာဉ်ကို မက်တတ်တယ်။ ငါးတစ်ကောင် ဖမ်းမိတယ်လို့လည်း မက်တယ်။ အိပ်မက်ထဲမှာ မက်သမျှ အားလုံး အဓိပ္ပာယ်ကောက်လို့ ရတယ်” ဟု သူမက ဆိုသည်။ ထိုင်းတို့ အယူအဆအရ ဂျက်လေယာဉ်ကို မက်လျှင် နံပါတ် ၇ ဖြစ်သည်။ ငါးမက်လျှင် နံပါတ် ၈ ဖြစ်သည်။ သူမက “ပေါက်လည်း နည်းနည်းပါ။ နည်းနည်းပဲ ထိုးနိုင်တော့ နည်းနည်းပဲ ရတာပေါ့” ဟု ဆိုသည်။
အခြားနိုင်ငံများကဲ့သို့ ထိုင်းနိုင်ငံတွင်လည်း နိုင်ငံတော်ထီ ရှိသည်။ သို့သော် မှောင်ခို (မြေအောက်) ချဲထီက ပိုပြီး ခေတ်စားသည်။ အဘယ်ကြောင့်ဆိုသော် ချဲပေါက်လျှင်ရသည့် ပမာဏက ပိုများ သောကြောင့် ဖြစ်သည်။ တစ်ဆထိုးပြီး ပေါက်လျှင် အဆ ၁၀၀ ရကြသည်။ အဓိက ဆုကြေးက ပိုများသည်။ သို့သော် တစ်သန်းတွင် တစ်ဆုသာဖြစ်သည်။
တရားမဝင် ချဲထီ လောင်းကစားခြင်းသည် ထိုင်းနိုင်ငံ မြေအောက် စီးပွားရေးလောကကို ဖွံ့ဖြိုး စေသည်။ အာဏာပိုင်များ၏ အခွန်အကောက်ကို ရှောင်နိုင်သလို စီးပွားရေး ကဏ္ဍတွင်လည်း တရားဝင် တွက်ချက် မရနိုင်သည့် လုပ်ငန်းကြီး တစ်ခု ဖြစ်နေသည်။ အကျင့်ပျက် ခြစားမှုအတွက် အဓိကရင်းမြစ်ကြီး တစ်ခုလည်း ဖြစ်နေကြောင်း နော့ပါနန့်က ဆိုသည်။ သူ့အဆိုအရ ရဲများသည် ဘတ်ငွေ ၁၁ ဘီလီယံ (ဒေါ်လာ ၃၆၂ သန်းခန့်) လာဘ်ငွေတွေကို ရနေကြကြောင်း သိရသည်။ နှစ်စဉ် မြေအောက်ထီကို သူတို့ အကာအကွယ် ပေးနေသည့်အတွက် ရရှိနေသည့် လာဘ်ငွေများ ဖြစ်သည်။
[ချဲထီမထွက်မီ နှစ်ရက်အလိုတွင် ထိုင်းလူမျိုးများ မဲနက်နတ်ကွန်းသို့ ရောက်လာကြသည်။ မဲနက်သည် ထိုင်းတို့ယုံကြည်မှု အခံရဆုံး သရဲနတ်ဖြစ်သည်။] ဘန်ကောက်နှင့် မနီးမဝေးတွင် အခြေစိုက်ထားသည့် တရုတ်တန်းမှ နတ်ကွန်းကို သူတို့ မဖြိုနိုင်။ ထိုနေရာသည် အကျင့်ပျက် ခြစားလိုသည့် ၀န်ထမ်းများနှင့် လက်ဝါးရိုက်ထားသည့် နေရာ တစ်နေရာ ဖြစ်နေသည်။ လွန်ခဲ့သည့် ၁၉ ရာစုနှစ်ခန့်က ထိုင်းနိုင်ငံတွင် ချဲထီကို စတင် အခြေစိုက် ပေးခဲ့သည့် ရီဟိုကောင်းဆိုသူ နေခဲ့သည့် ရပ်ကွက်လည်း ဖြစ်သည်။
တရုတ်တန်းရှိ နတ်ကွန်းသည် ချဲ ဂဏန်းပေးသည့် နေရာတွင် နာမည်ကြီးသည်။ ရဲစခန်းရှိသည့် တိုက်၏ လေးလွှာတွင် ထိုနတ်ကွန်း ရှိသည်။
ရိုးရာအရ ရီဟိုကောင်းသည် ကော်ဖီ၊ စီးကရက်နှင့် မြေပဲ ကြိုက်တတ်သဖြင့် နတ်ကွန်းတွင် ထိုအစားအသောက်တွေ ပုံနေသည်။ (မစ္စတာ ရီဟိုတောင်းသည် ဘိန်းလည်း စားသည်။ သို့သော် ထိုင်းနိုင်ငံတွင် ထိုအချိန်က ဘိန်းစားခြင်းသည် ပြဿနာမဟုတ်)။
“ဒီကို ရောက်လာကြတဲ့သူတွေက ရာဇဝတ်မှု တစ်ခုခု ကျူးလွန်ထားလို့ မဟုတ်ဘူး။ နတ်ကွန်းဆီ လာကြတာ” ဟု တိုက်အောက်ထပ်ရှိ ရဲအရာရှိ သက်ဆနာ ပလောင်ချာရွန်က ပြောကြားခဲ့သည်။

Credit: The Voice Weekly
0 comments:
Post a Comment