Friday, June 24, 2016

သစ်ပင် ၀င်တိုက်မိသည့် ၁၂ ဘီးယာဉ်ကို စစ်ဆေးရာမှ တရားမ၀င်သစ်များ ဖမ်းဆီးရမိ

Leave a Comment

သစ်ပင် ၀င်တိုက်မိသည့် ၁၂ ဘီးယာဉ်ကို စစ်ဆေးရာမှ တရားမ၀င်သစ်များ ဖမ်းဆီးရမိ The Irrawaddy - Burmese Edition's post.

ကောင်းမြတ်မင်း၊ ဇွန် ၂၄၊ ၂၀၁၆

ပဲခူးတိုင်း သဲကုန်းမြို့နယ် ပြည်-ရန်ကုန် အဝေးပြေးလမ်းမဘေးရှိကျွန်းပင်ကို ၀င်တိုက်မိခဲ့ပြီး ယာဉ်အရှေ့ဦးခေါင်းပိုင်းကြေမွပျက်ဆီးသွားသည့် ၁၂ ဘီး ယာဉ် ကို စစ်ဆေးရာမှ ယာဉ်ပေါ်ပါ တရားမ၀င်သစ်များပါ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

အဆိုပါဖြစ်စဉ်သည် ဇွန်လ(၂၃)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်-ရန်ကုန်ကားလမ်း အင်းမတိုက်နယ် တပ်မ ၆၆ အနီး ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Nissan UD အမျိုးအစား (၁၂)ဘီးယာဉ်မှာ လမ်းဘေးတွင်ရှိသော ကျွန်းပင်ကို တိုက်မိနေသည်ကို မြင်တွေ့ရ၍ သီရိကန်သာရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းထွန်းက အင်းမနယ်မြေရဲစခန်းသို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် အမြန်ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း အင်းမနယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

အင်းမနယ်မြေရဲတပ်ဖွဲ့က အဆိုပါယာဉ်အားသွားရောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် ဖွဲအိတ်များဖုံးလျှက်တင်ဆောင်လာသော တရားမ၀င်သစ် ခွဲသားဆိုဒ်စုံ ၂၉ လုံးအား တွေ့ရှိရသည့်အတွက်သဲကုန်းမြို့နယ်သစ်တောဦးစီးဌာနသို့ အကြောင်းကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သဲကုန်းမြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက လာရောက်စစ်ဆေးရာ အဆိုပါတရားမ၀င်သစ်များမှာ ပိတောက်ခွဲသားသစ်များဖြစ်ပြီး စုစုပေါင်းအလေးချိန် ၃ ဒသမ ၆၆ တန် ရှိကြာင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မချင်မောင်းနှင်သူ ယာဉ်မောင်းကို ယာဉ်(ပ)၂၂/၂၀၁၆ ဥပဒေ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ရေးယူမှုများ ပြုလုပ်ထားပြီး
တရား မဝင် သစ်များနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနမှ တိုင်တန်းချက်ရှိပါကဥပဒေနှင့်အညီဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း အင်းမနယ် မြေရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ - Laynyo Shin Facebook


0 comments:

Post a Comment

Facebook Like Page