Sunday, May 22, 2016

သီဟလွင် (မြစ်မခ)

Leave a Comment



သီဟလွင် (မြစ်မခ)

ပြည်၊ မေလ (၁၂) ရက်။

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့နယ်၊ ဇီးအုပ်ကျေးရွာရှိ အလယ်တန်းကျောင်းခွဲတွင် ကျောင်းဆောင် သစ်ဆောက်လုပ်ပြီးစီးသည်မှာ (၆)လခန့်သာရှိသေးသော်လည်း နံရံများနှင့် ဖောင်ဒေးရှင်းများမှာ  အက်ကွဲမှုများနှင့် ကြုံတွေ့နေရကြောင်း ကျောင်းအကျိုးတော်ဆောင်ကော်မတီထံမှ သိရှိရသည်။

“ဆောက်လုပ်သွားတဲ့အပိုင်းတွေမှာ တစ်နှစ်တောင်မပြည့်တဲ့အတွင်းမှာ ဒီလိုမျိုးပျက်စီးဆုံးရှုံးတာတွေ ဖြစ်လာ တယ်ဆိုတော့ ကျောင်းသားတွေအတွက်ရော စိတ်မကောင်းဘူးပေါ့ဗျာ။ တာဝန်ရှိတဲ့ကုမ္ပဏီအနေနဲ့ ဒီကျောင်း ဆောင်ကို ဘယ်လိုတာဝန်ယူပြီးတော့ ပြန်လည်ပြုပြင်ပေးနိုင်မလဲဆိုတာကို တင်ပြချင်တာပါ။ ကျောင်းသား၊ ကျောင်းသူလေးတွေ အဆင်ပြေပြေစာသင်နိုင်အောင်တော့ တစ်ခုခုစီစဉ်ပေးစေချင်ပါတယ်။”ဟု ကျောင်းအကျိုး တော်ဆောင်ကော်မတီဥက္ကဌ ဦးကျော်ထွန်းဝင်းကပြောသည်။

အဆိုပါကျောင်းဆောင်သစ်မှာ စာသင်ခန်းသုံးခန်းပါ ပေ(၆၀×၃၀)တစ်ထပ်အုတ်ကျောင်းဆောင်ဖြစ်ပြီး ဆောက်လုပ်ပြီး (၆)လခန့်သာရှိသေးသော်လည်း စာသင်ခန်းနံရံထောင့်များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ် ခြင်း၊ ဝရန်တာတလျှောက်အက်ကွဲကြောင်းများဖြစ်ပေါ်ခြင်းနှင့် အောက်ခံဖောင်ဒေးရှင်း နိမ့်ကျအက်ကွဲခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

“အဆောက်အဦးရဲ့အရည်အသွေး နိမ့်ကျသွားတယ်လို့ပဲထင်တယ်လေ။ လိမ်လည်တင်ပြတာလည်း မဟုတ် ဘူး။ လက်ရှိမြင်နေရတဲ့အတိုင်းပဲ ပူးပေါင်းပြီးတော့ ပြန်ပြုပြင်ပေးနိုင်မလဲဆိုတာလေး ပြောချင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အထက်ကိုလည်းတင်ပြထားတယ်၊ ရပ်ကျေးကိုလည်းတင်ပြထားတယ်။”ဟု အလယ်တန်းကျောင်း (ခွဲ)ဇီးအုပ်မှ ကျောင်းအုပ်ဆရာကြီး ဦးစိုးဝင်းကပြောသည်။

အဆိုကျောင်းဆောင်ပျက်စီးမှုများနှင့်ပတ်သက်၍ မေ ၁၁ ရက်တွင် ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့မှ လာရောက်ကြည့်ရှုစစ်ဆေးမှုများ၊ အချက်လက်ယူခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်က သက်ဆိုင်ရာမြို့နယ်ပညာရေးမှူး ခရိုင်ပညာရေးမှူးတွေကို မေးမြန်းသွားမယ်။ သက်ဆိုင်ရာ  ကုမ္ပဏီကိုလည်း မေးမြန်းသွားမယ်။ ဘယ်လိုမျိုးတာဝန်ယူ၊ တာဝန်ခံပြီးတော့လုပ်ပေးမလဲ၊ မေးမြန်းသွားမယ်။ အဲ့ဒါမှ တုန့်ပြန်မှုတစ်စုံတစ်ရာမရှိဘူးဆိုရင်တော့ လွှတ်တော်ကနေ အဆင့်ဆင့်တင်ပြသွားမယ်။”ဟု ပြည်မြို့ နယ်၊ အမှတ်(၂)မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။

ကျောင်းဆောင်ဆောင်လုပ်နေစဉ်ကာလအတွင်းကလည်း အသုံးပြုသည့်သံချောင်းများ အရွယ်အစားမပြည့် ခြင်း၊ အချို့နေရာများတွင် သံချောင်းများမပါခြင်းနှင့် သတ်မှတ်ထားသည့် ဘိလပ်မြေအရည်အသွေးမီသော ပစ္စည်းများအသုံးပြုခြင်းမရှိကြောင်း ကျောင်းဆောင်လုပ်ရေးကြီးကြပ်ရေးအဖွဲ့ဝင်၊ ဇီးအုပ်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးဝင်းလှိုင်ကပြောသည်။

“ဒီကျောင်းဆောင်ဆောက်ကတည်းက စာချုပ်ပါတဲ့အတိုင်းနဲ့ လွဲတယ်ဗျ။ တတွင်တွင်လည်း ရန်ဖြစ်ရတယ်။ ပြောရင်းနဲ့ပဲ ဒီအတိုင်းအတာထိ ဆိုးဆိုးဝါးဝါးဖြစ်သွားတာ ကျေးရွာအနေနဲ့က ဒီလိုကျောင်းဆောင်မျိုးဖြစ်ဖို့က မလွယ်ဘူး။ ကျေးရွာသူကျေးရွာသားတွေအနေနဲ့ကလည်း မဆောက်နိုင်ဘူး။ ပြန်ပြီးတော့ ပြင်ဆင်စရိတ်တင်ဖို့ လည်း ကျောင်းက ခြောက်လလောက်ရှိသေးတော့ အဆင်ကလည်းမပြေဘူး။”ဟု ဦးဝင်းလှိုင်ကပြောသည်။

အဆိုပါကျောင်းဆောင်သစ်အား Autumn Dream ကုမ္ပဏီမှ တာဝန်ယူကာ ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်ငွေ  (၂၃၄)သိန်းကျပ်ဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်တွင် စတင်ပန္ဒက်ရိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ နှစ်လသာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ရသေးကြောင်း သိရသည်။

0 comments:

Post a Comment

Facebook Like Page