Saturday, February 20, 2016

ချင်းအမျိုးသားနေ့

Leave a Comment



၆၈-နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအား ပြည်မြို့တွင်ကျင်းပပြုလုပ်ခဲ့




ပြည်၊ဖေဖော်ဝါရီ၊၂၀


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆင်စုရပ် မိချောင်းရဲကျေးရွာတွင်  ၆၈-နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ၆၈-နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားအား ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၉-နာရီအချိန်ခန့်မှာ စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ နှင့် ချင်းအမျိုးသားအလံအား အလေးပြု၍ ချင်းတိုင်းရင်းသားရိုးရာအကများဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

“အခုကျင်းပတဲ့ ၆၈-နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားမှာ တက်ရောက်တဲ့ချင်းတွေထဲမှာ အရှိုချင်းတွေများပါတယ်။မြေပြန့်ချင်းလို့လည်းခေါ်ပါတယ်။ဒီလိုပွဲမှာ ချင်းတိုင်းရင်းသားတွေဆုံကြတုန်း ချင်းတိုင်းရင်းသားတွေဘ၀တွေ တိုးတက်ရာတိုးတက်ကြောင်းကိစ္စတွေအပြန်အလှန်နူတ်ဆက်ဆွေးနွေးခဲ့ကြတယ်။ချင်းတိုင်းရင်းသားတွေ မြန်မာနိုင်ငံအတွင်းမှာ အဓိကလိုအပ်ချက်တွေရှိတယ်။ အရှိုချင်းဆို မြေပြန့်မှာနေထိုင်နေရတယ်။လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ဖို့မလွယ်ဘူး။ကျွန်တော်တို့အရှိုချင်းတွေရဲ့ကိစ္စအရပ်ရပ်ကို တိုင်းရင်းသားလူမျိုးငယ်များကို အခွင့်အရေးပေးတဲ့အနေနဲ့ ကိုယ်စားလှယ်တွေပါဝင်စေချင်ပါတယ်။ချင်းတိုင်းရင်းသားတွေအနေနဲ့ ချင်းအမျိုးသားနေ့မှာအားလုံးပြန်လည်ဆုံစည်းရတဲ့အတွက် နှစ်စဉ်နှစ်တိုင်း ဒီလိုပွဲတွေအားကြိုးမာန်တက်လုပ်ကြပါ။ချင်းအမျိုးသားနေ့ဆိုတာကို နိုင်ငံတော်အစိုးရကအသိအမှတ်ပြုတယ်ဆိုပေမယ့် နိုင်ငံတော်ရဲ့တရားဝင်လုပ်ခွင့်ရတဲ့နေ့အဖြစ်ရရှိအောင် ချင်းတိုင်းရင်းသားတွေ တောင်းဆိုသွားကြပါလို့ပြောချင်တယ်။အစိုးရရုံးပိတ်ရက်နေ့တွေနဲ့မဆုံရင် ချင်းလူမျိုးတွေပြန်လည်စုစည်းရတာမလွယ်လို့ ချင်းအမျိုးသားနေ့မှာ တရားဝင်ရုံးပိတ်ရက်နေ့လေး လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။”ဟု အရှိုချင်းအမျိုးသားပါတီ ဗဟိုကော်မတီ ဥက္ကဌ ဆလိုင်းဟန်ကြည် ကပြောသည်။

အဆိုပါ  ၆၈-နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားအား ပြည်မြို့ မိချောင်းရဲ ချင်းရွာမှာ အခမ်းအနားအစီအစဉ် ၁၉-ခုဖြင့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ချင်းတိုင်းရင်းသားရိုးရာအကများ၊ချင်းဘာသာဖြင့်သီဆိုထားသော သီချင်းများပါဝင်တင်ဆက်ခဲ့ကြောင်းသိရသည်။

“နှစ်တိုင်းဒီလိုပွဲတွေကျင်းပလာခဲ့တာ ၆၈-နှစ်မြောက်ရှိနေပါပြီ။စစ်အစိုးရလက်ထက်မှာတော့ ခုလိုပွဲတွေအကြောင်းအမျိုးမျိုးကြောင့်မကျင်းပဖြစ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ ဒီမိချောင်းရဲချင်းရွာမှာ လုပ်တာကတော့ သုံးနှစ်ရှိပါပြီ။ဒီအခမ်းအနားကို ပြည်မြို့အတွင်းမှာရှိတဲ့ ချင်းတိုင်းရင်းသားတွေအများစုလာပါတယ်။ လာတဲ့အထဲမှာ အရှိုချင်းတွေများပါတယ်။ဒီလိုပွဲတွေကျင်းပရခြင်းက နောက်တက်လာမည့် ချင်းကလေးငယ်တွေ ချင်းစကား၊ချင်းရိုးရာယဉ်ကျေးမှုတွေပိုမိုသိရှိနားလည်စေအောင်အဓိကရည်ရွယ်ကျင်းပခဲ့တာပါ။ပြန့်ကျဲနေတဲ့ ချင်းတိုင်းရင်းသားတွေ အဆက်အသွယ်ပြန်ရှိလာအောင် ပြန်လည်မိတ်ဆက်တဲ့ပွဲလည်းဖြစ်ပါတယ်။လက်ရှိအစိုးရရော နောက်တက်မည့်အစိုးရရော ထံမှာတစ်ခုတောင်းဆိုချင်ပါတယ်။ ချင်းတိုင်းရင်းသားကိစ္စတွေခုလိုပွဲတွေ လွတ်လွတ်လပ်လပ်လုပ်ဆောင်သွားချင်ပါတယ်။” ဟု ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဆလိုင်းသောင်းချယ် ကပြောသည်။

အဆိုပါ ပြည်မြို့ပေါ်တွင် မြို့ပေါ်ရပ်ကွက်ကြီး ဆယ်ရပ်ကွက်ရှိရာ ရပ်ကွက်ကြီးလေးရပ်ကွက်တွင် ချင်းတိုင်းရင်းသားများနေထိုင်လျှက်ရှိကြောင်းသိရပြီး ကိုးသောင်းရပ်၊ချင်းစုရပ်၊ခရမ်းကုန်းရပ်၊မိချောင်းရဲ ချင်းရွာ စသည့်ရပ်ကွက်များတွင် ချင်းတိုင်းရင်းသားလူမျိုးများအများစုနေထိုင်လျှက်ရှိကြောင်းသိရသည်။ ယနေ့ ပြည်မြို့ မိချောင်းရဲ ချင်းရွာတွင် ကျင်းပပြုလုပ်သည့်အခမ်းအနားသို့ ချင်းတိုင်းရင်းသားများ တစ်ထောင်ကျော်တက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့သည့် ချင်းတိုင်းရင်းသားများထဲတွင် အရှိုချင်းများ အများဆုံးပါဝင်လျှက်ရှိကြောင်းသိရသည်။ အဆိုပါ ၆၈-နှစ်မြောက်ချင်းအမျိုးသားနေ့အခမ်းအနားများအား ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း နေရာဒေသအနှံ့အပြားတွင် ကျင်းပပြုလုပ်လျှက်ရှိကြောင်းသိရပြီး ချင်းတိုင်းရင်းသားရိုးရာအကတစ်ခုဖြစ်သည့် ၀ါးညှက်ရိုးရာအကမှာတော့ ထူးခြားဆန်းပြားစွာ ကကြသည့် ရိုးရာအကတစ်ခုဖြစ်ကြောင်းသိရသည်။

K3(pyay)ဒီမိုကရေစီတူဒေးသတင်းစာ
ပြည်သတင်းလူငယ်
09253311019

0 comments:

Post a Comment

Facebook Like Page