Tuesday, April 21, 2015

အခါလွန်မိုးကြောင့် မြစ်ကမ်းဘေးဒေသများ ရေဘေးအန္တရာယ် သတိပြုရန်လို

Leave a Comment

အခါလွန်မိုးကြောင့် မြစ်ကမ်းဘေးဒေသများ ရေဘေးအန္တရာယ် သတိပြုရန်လို
မြန်မာနိုင်ငံဒေသအနှံ့ တွင် ဧပြီ ၂၀ ရက်မှစ၍ တစ်ပတ်ခန့်ကြာအောင် အချိန်အခါမဟုတ် နေရာကွက်ကျား မိုးရွာနိုင်ပြီး တောင်ကျရေကြောင့် မြစ်ရေ ရုတ်တရက် မြင့်လာကာ မြစ်ကမ်းဘေး ဒေသများတွင် ရေဘေးအန္တရာယ် သတိပြုရန်လိုကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပြီး မိုး/ဇလ ဌာနကလည်း သတင်းထုတ်ပြန်ထားသည်။
ဒေါက်တာထွန်းလွင်က မြန်မာနိုင်ငံတောင်ပိုင်းဒေသမှလွဲ၍ ကျန်ဒေသများတွင် ဧပြီ ၂၀ ရက် မှ စ၍ ဧပြီ ၂၆ ရက်အထိ မိုးရွာနိုင်ပြီး ဧပြီ ၂၁ မှ ၂၄ ရက်အတွင်း မိုးအားအကောင်းဆုံးဖြစ် နိုင်ကြောင်း သတိပေးသည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကလည်း မြန်မာနိုင်ငံသို့ အနောက်ဘက်နှင့် အရှေ့ဘက်မှ လေပွေလှိုင်းများ ၀င်ရောက်လာနေမှုကြောင့် ဒေသအနှံ့မိုးရွာမည်ဖြစ်ကြောင်း ပြောကြားသည်။
‘‘မြန်မာနိုင်ငံ မြောက်ပိုင်းမှာ မိုးရွာလာရင် မြစ်တွေက ရေ လေး ငါးပေလောက် တက်လာနိုင်တဲ့ အနေအထားမျိုး ကြုံနိုင်တယ်။ ဒါ ကြောင့်မြစ်ကမ်းဘေးနေသူတွေ မြစ်ရေ ရုတ်တရက်တက်လာနိုင်တဲ့ အန္တရာယ်ရှိနိုင်တယ်’’ဟု ဦးကျော်မိုးဦးက သတိပေးထားသည်။
ပြီးခဲ့သည့် နှစ်များက အချိန်အခါမဟုတ်မိုးရွာပြီး တောင်ကျ ရေစီးကာ မြစ်ရေရုတ်တရက်မြင့်တက်လာမှုကြောင့် ဧရာဝတီမြစ် ကမ်းဘေးရှိ ဒေသအချို့တွင် ယခုကဲ့သို့ကာလ၌ ရေဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရဖူးကြောင်း ၎င်းက သတိပေးသည်။
ဒေါက်တာထွန်းလွင်က ‘‘မြစ်တွေ၊ ချောင်းတွေမှာ ရေနည်းနေတယ်။ မိုးရွာလိုက်ရင် မြစ်ရေတွေက ရုတ်တရက်မြင့်လာမယ်။ အရင်တုန်းက ရေနည်းနေတဲ့အချိန်မှာ ကျွန်းတွေပေါ်မှာ သီးနှံတွေ စိုက်တဲ့သူတွေ၊ သွားနေတဲ့သူတွေ သတိထားရမယ့် အချိန် ရောက်နေပြီ’’ဟု ပြောသည်။
ဧပြီလဆန်းမှစတင်ကာ ဒေသအချို့တွင် လေပြင်းကျပြီး နေအိမ်အဆောက်အအုံပျက်စီးမှုနှင့် လူသေဆုံးမှုအချို့ဖြစ်ပေါ်နေကာ မိုးကြိုကာလမတိုင်မီ ယခုကာလတွင် လေပြင်းအန္တရာယ်၊ မိုးတိမ်တောင်အန္တရာယ်နှင့် ပင်လယ်ပြင် နှင့် မြစ်ကြောင်းများတွင် စိုက်ဆင်း လေပြင်းအန္တရာယ် ရှိနေကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။
By
အောင်သစ်လွင်
On
Tue, 2015-04-21 12:38
Location
ရန်ကုန်
Issue No.
No.710 Tuesday, April 21, 2015

0 comments:

Post a Comment

Facebook Like Page