Sunday, November 16, 2014

မြစ်ဧရာ ရေအ၀င်ကောင်းစေဖို့ ရွှေဘုံသာသောင်ကြီး တူးဖော်မည်

Leave a Comment


သီဟလွင် - ပြည် (မြစ်မခ)

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်မြို့ ဧရာဝတီမြစ်ဆိပ်ကမ်းအ၀င်ရေလမ်းကြောင်း ကောင်းမွန်ရေး ပြည်မြို့၊ တစ်ဖက်ကမ်းရှိ သောင်ထွန်းနေသော ရွှေဘုံသာသောင်ကြီးအား ၂၀၁၄ - ၂၀၁၅ ဘဏ္ဍနှစ်အတွင်းမှ ဘတ်ဂျက်ဖြင့် တူးဖော်သွားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

အဆိုပါ သောင်တူးခြင်းလုပ်ငန်းအတွက် ကုန်ကျငွေ ကျပ်သန်းပေါင်း ၈၄ သန်း ခန့်မှန်းထားပြီး ၂၀၁၅ ဇန်န ၀ါရီလတွင်လုပ်ငန်းစတင်နိုင်လိမ့်မည်ဖြစ်ပြီး ထိုသောင်အား တူးဖော်ပြီးပါက ရေလမ်းကြောင်းကောင်းမွန်သွားမည်ဖြစ်ပြီး ကမ်းပြိုမှုလည်းနည်းပါးသွားနိုင်ကြောင်း အဆိုပါဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်လွင်က ပြောသည်။

“မြစ်သဘာဝအရတိုက်စားမယ်။ သယ်ဆောင်လာမယ်။ ပို့ချမယ်။ အဲဒီကနေ သောင်တွေ ထွန်းလာတာပေါ့။ သောင်တွေထွန်းလာရင်တော့ ရေကြောင်းကြပ်တည်းတာမျိုးတွေရှိလာပြီး အဲဒီအတွက်သောင်တူးတာတွေ ရေလမ်းညွှန်၊ ရေပေါ်ပြအမှတ်အသားတွေလုပ်ပေးရတာပေါ့။” ဟု ၎င်းက ဆက်ပြောသည်။

ဧရာဝတီမြစ်အတွင်း တစ်နှစ်ထက်တစ်နှစ် သောင်ထွန်းမှုမှာများပြားလာပြီး ရေလမ်းကြောင်းများ ပိုကြပ် လာသည့်အတွက် သောင်တူးခြင်းများအပြင် သတ်မှတ်ထားသည့် ရေယာဉ်များသွားလာရာတွင် အန္တရာယ် ကင်းရှင်းရေးအတွက် ရေလမ်းပြအမှတ်အသားများ ပြုလုပ်ပေးစေလိုကြောင်း ဧရာဝတီမြစ်အတွင်း သွားလာနေသည့် သင်္ဘောမောင်းသူများထံမှ သိရသည်။

“သောင်တွေက တစ်အားထွန်းနေတယ်။ မြစ်ရေတွေကလည်း တစ်နှစ်ထက်တစ်နှစ်သဲနှုန်းတွေ များလာ တဲ့အခါ ရေက တော်တော်လေးကို နည်းပါးလာတော့မောင်းရတာ အခက်အခဲတွေ ရှိလာတယ်။ ရေတိမ်တဲ့ နေရာလေးတွေမှာလမ်းလေးတွေလုပ်ပေးမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။”ဟု ပြည်-မန္တလေး ကမ္ဘာလှည့်ခရီးသွား များ သင်္ဘောမောင်းသူ ဦးကျော်ဝင်းနိုင်က ပြောသည်။

ဧရာဝတီမြစ်အတွင်း နိုဝင်ဘာလမှ မေလအထိကာလများသည် ရေကြောင်းကြပ်တည်းချိန် ဖြစ်ပြီး မြစ်ကြောင်း တစ်လျှောက် သောင်ထွန်းမှုများအများအပြားဖြစ်ပေါ်လာခြင်းဖြစ်သည်။

Shwe Myitmakha Media Group

0 comments:

Post a Comment

Facebook Like Page