Tuesday, September 3, 2013

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းက ရေချိုပင်လယ်ကြီးရှိခဲ့တဲ့အကြာင်း

Leave a Comment

ကမ္ဘာမှာရေချိုရှားနေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များ မကြာခဏ သတိပေးစကား ပြောကြားလာတာ ၁၅ နှစ်လောက်ရှိပါပြီ။ ကမ္ဘာကြီးပူနွေးမှု၊ နေမင်းကြီး အပူလွန်ကဲလာမှု စသောအကြောင်းများမှ ကမ္ဘာ့နိုင်ငံအတော်များများ၏ စည်းကမ်းမဲ့သစ်ခုတ်မှု၊ စက်မှုခေါင်းတိုင်များ၊ မော်တော်ကားများ၏ ကာဗွန်ထုတ်လုပ်မှုစသည့် အကြောင်းတရားများသည် ဆက်စပ်လျက်ရှိနေပြီး ကမ္ဘာ့ရာသီဥတုတွေ ဖောက်ပြန်လျက်ရှိနေသည့် အကြိုးဆက်များဖြစ်ပေါ်နေပါတယ်။
ယခုစာရေးသူတင်ပြချင်တာက ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းက ရေချိုပင်လယ်ကြီးရှိခဲ့တဲ့အကြာင်း၊ ကျွန်တော်လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ကြားဖူးတဲ့စကားပါ။ သာယာဝတီခရိုင်ထဲမှာပါဝင်တဲ့ မင်းလှမြို့အနောက်ရပ် ကြို့ပင်ကောက်မြို့ အနောက်ပိုင်း စိုင်ခေါင်းရပ်၊ ဇီးကုန်းမြို့ အနောက်စမ်းအိုင်ရွာနှင့် နတ္တလင်းမြို့  ချင်းယားကုန်း ရပ်ကွက်တွေဟာ ရေချိုအလွန်ပေါကြောင်း ကြားသိရဖူးပါသည်။ ဇီးကုန်းအနောက်စမ်းအိုင်ရွာက နာမည်နဲ့လိုက်အောင် စမ်းရေများ အိုင်ထွန်းခဲ့ဖူးကြောင်း ရှေးလူကြီးများပြောဖူးပါတယ်။ လွန်ခဲ့သော နှစ် ၂၀ ကျော်က စမ်းအိုင်ရွာကို မြန့်မာ့ရေနံကော်ပိုရေးရှင်းက ဆိုက်စမစ်အဖွဲ့များ လာရောက်တိုင်းတာပြီး ရေနံတူးခဲ့ကြပါတယ်။ ပေ ၁၀၀၀၀ ကျော်မှာ ရေနံမရပဲ ရေတွေပန်းထွက်လာခဲ့ပါတယ်။ ဒါကြောင့် ရေကို အမိအရထိန်းနိုင်အောင် လျှပ်စစ်ထရန်စဖော်မာတစ်လုံးနဲ့ မြေအောက်ရေကို ထုတ်ယူသုံးစွဲခဲ့ပါတယ်။ ဇီးကုန်းမြို့မှာ သံကူကွန်ကရစ် ရေစင်ကြီးတည်ဆောက်ပြီး ရေမပို့နိုင်သေးတာတွေ့ရပါတယ်။ သို့သော်လည်း အဖိုးတန်တဲ့ အဝီစိရေကို အကျိုးရှိအောင် အသုံးမချတတ်ကြသလို ယခုတိုင်အဟောသိကံဖြစ်နေရပါတယ်။ ကမ္ဘာမှာတောင် ဒီလိုတွင်းမျိုးရှားမယ်ထင်ပါတယ်။ အဲဒီတုန်းက ရေနံအရာရှိတစ်ယောက်က ပြောဖူးပါတယ်။ ကမ္ဘာ့ဘဏ်အစီရင်ခံစာတစ်ခုမှာ သာယာဝတီခရိုင်အနောက်ခြမ်းမှာ မြေအောက်ရေချိုပင်လယ်ကြီး ရှိကြောင်းပြောပြခဲ့ဖူးပါတယ်။ ယခုစမ်းအိုင်ရေနံတူးရင်း ရေချိုတွေထွက်လာတာဟာ ခိုင်မာတဲ့သက်သေ အထောက်အထားတစ်ရပ်ပဲဖြစ်ပါတယ်။ မျက်မှောက် ဒီမိုကရေစီနိုင်ငံတော်သစ်မှာ ကမ္ဘာ့နိုင်ငံကြီးတွေက အကူအညီတွေ ဒလဟောထိုးပေးနေချိန်မှာ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက ရေချိုပင်လယ်ကြီးကို အသုံးချနိုင်ရင် ကမ္ဘာကပါ စိတ်ဝင်စားလာပါလိမ့်မယ်။ အချိုရေကုမ္ပဏီများ၊ ရေသန့်ကုမ္ပဏီများကို ဒေါ်လာဖြင့် ရောင်းချနိုင်ပြီး သာယာဝတီခရိုင်ထဲက ပြည်သူတွေ ရေချိုကို အလျှံပယ်သုံးစွဲနိုင်မှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
ခင်မောင်သန်း (ဒဿနပညာ)
၃၀.၆.၂၀၁၃

0 comments:

Post a Comment

Facebook Like Page