Wednesday, September 4, 2013

ပြည်မြို့တွင် ရဲတပ်သားတစ်ဦးအား စာပို့ရထားတိုက်

Leave a Comment

ပြည်မြို့တွင် ရဲတပ်သားတစ်ဦးအား စာပို့ရထားတိုက်
*********************************

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်က လမ်းကြောင်း အပြောင်းအလဲ လုပ်နေသော အမှတ်-၆၃ စာပို့ရထား စက်ခေါင်းနှင့် အရက်မူးနေသော ရဲတပ်သားတစ်ဦးကို တိုက်မိခဲ့၍ ညာဘက်ဒူး ပြတ်သွားခဲ့ကြောင်း ပြည်မြို့ မီးရထား ရဲတပ်ဖွဲ့စခန်းထံ စုံစမ်းသိရှိရသည်။
မီးရထား အတိုက်ခံရသူမှာ ပြည်မြို့ ရဲတပ်ရင်း-၁၀ မှ ရဲတပ်သား သန်းမျိုးအောင် ဖြစ်ပြီး ရန်ကုန် SEA Games ပြိုင်ပွဲတွင် လုံခြုံရေးတာဝန် ချထားခြင်းခံရသော သူငယ်ချင်းများကို ဘူတာရုံသို့ လိုက်ပါပို့ ဆောင်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ရထားတိုက်ခံရခြင်း ဖြစ်ကြောင်း မီးရထား ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီးစိုးအောင်က ပြောကြားသည်။
နံနက်၁ နာရီတွင် ရထားတိုက်ခံရခြင်း ဖြစ်သော်လည်း တိုက်မိသောနေရာသည် လူပြတ်သော တက္ကသိုလ်ဘုန်းကြီးကျောင်း ဝန်းကျင်ရှိ မိုင်တိုင် ၁၆-၁၇ ကြားတွင် ဖြစ်၍ နံနက် ၆ နာရီဝန်းကျင်မှ မီးရထားရုံပိုင်၏ အကြောင်းကြားမှုကြောင့် တွေ့ရှိပြီး ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အသက်အန္တရာယ် မစိုးရိမ်ရပါဘူး၊ အမူးလွန်ထားတဲ့အရှိန်နဲ့ ဒဏ်ရာအရှိန်ပေါင်းပြီး စကားကောင်းကောင်း မပြောနိုင်သေးဘူး။ တပ်ရင်း (၁၀) က တပ်ရေးဗိုလ်ကြီးတွေလည်း ဆေးရုံကို ရောက်နေပါပြီ၊ အမှုဖွင့်ထားတာ မရှိပါဘူး၊ ရဲဖြစ်တဲ့အတွက် တပ်ရင်း (၁၀) က တာဝန်ရှိသူတွေကို လွှဲပေးလိုက်ပါတယ်” ဟု ၎င်းကဆိုသည်။
မီးရထားနှင့် ယာဉ်တိုက်မိပါက ယာဉ်မောင်းသူကို အမှုဖွင့်အရေးယူပြီး မီးရထား တိုက်ခံရသော လူသေဆုံးပါက သေမှုသေခင်းဖွင့်ကာ ဆောင်ရွက် ရကြောင်း ပြည်မြို့ မီးရထား ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
TVW
Pyay City မှ ကူးယူသည်။ပြည်သတင်း

0 comments:

Post a Comment

Facebook Like Page