Saturday, July 27, 2013

အိပ်မက်ဆိုးများမက်ခဲ့ရသည့် ရန်ကုန်တက္ကသိုလ်

Leave a Comment

0728yguniversity
နှစ်ပေါင်း ၅၁ နှစ်တိတိရှိခဲ့ပြီဖြစ် သော အိပ်မက်ဆိုးများကို ကျွန်တော် အသက် ၇၃ နှစ်ရှိပြီဖြစ်သည့် အရွယ်အို ကြီးက တစ်နေ့မျှ မေ့ပျောက်ခြင်း မရှိ ခဲ့ပါ။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁ဝ နာရီတွင် အသက်နှစ်ဆယ် ကျော်ရှိပြီဖြစ်သည့် ကျွန်တော်အပါအ ဝင် တက္ကသိုလ်ကျောင်းသားတစ်စု ရန် ကုန်တက္ကသိုလ် အဓိပတိလမ်းထိပ်ရှိ သမဂ္ဂအဆောက်အအုံအောက်ထပ် စား သောက်ဆိုင်တွင် နံနက်စာထမင်းကြော် စားနေကြချိန်မှာတော့ သမဂ္ဂအဆောက် အအုံအပေါ်ထပ်တွင် ကျောင်းသား အမြောက်အမြား စုဝေးနေကြပါသည်။

ပြောပြရန်လိုပါသေးသည်။ သမဂ္ဂ အဆောက်အအုံအပေါ်ထပ်တွင် သမဂ္ဂ အစည်းအဝေးခန်းမနှင့် စာကြည့်တိုက် ရှိပြီး အောက်ထပ်ဘယ်ဘက်ခန်းတွင် ဦးနန်းဝေ၏ပန်းချီပြခန်းနှင့် တွဲလျက် အလယ်မှာတော့ စားသောက်ဆိုင်နှင့် အပေါ်ထပ်တက်ရန် လှေကားရှိပြီး ညာ ဘက်အစွန်မှာတော့ သမဂ္ဂအဆောက် အအုံထိန်းသိမ်းရေးဦးကံသိန်း၏ ဆံပင် ညှပ်ဆိုင်အခန်းရှိပါသည်။

သမဂ္ဂအဆောက်အအုံရှေ့ ၁ဝ ပေခန့်အကွာမှာတော့ တက္ကသိုလ် ကျောင်းသား အာဇာနည် ဗိုလ်အောင် ကျော်အထိမ်းအမှတ်ကျောက်တိုင်ရှိပါ သည်။အထက်တွင်ဖော်ပြခဲ့သောစကား ပြန်ဆက်ရပါလျှင် ကျွန်တော်တို့ သူငယ် ချင်းတစ်စုက နံနက်စာထမင်းကြော်စား ပြီးသည်နှင့် နဂါးတံဆိပ်(နောက်နံပါတ် သစ်'ရ')တံဆိပ်ကားဖြင့် ရန်ကုန်ထဲသို့ ရုပ်ရှင်မင်းသားကျော်ဆွေပါဝင်ရိုက်ကူး သည့် 'ပုလဲမျက်ရည်'ရုပ်ရှင်ကို ၁၂ နာရီ ပွဲ သမ္မတရုံတွင်ကြည့်ရန် ခရီးနှင်ခဲ့ကြ ပါသည်။

အစီအစဉ်က ၁၂ နာရီတွင် ရုပ် ရှင်ကြည့်ပြီး ညနေ ၃ နာရီ ရုပ်ရှင်လွှတ် သည်နှင့် အောင်ဆန်းအားကစားကွင်း တွင် 'ရန်ကုန်တက္ကသိုလ် ဘောလုံးအ သင်းနှင့် တပ်မတော်ဘောလုံးအသင်း'တို့ ဗိုလ်လုပွဲကြည့်ရှုအားပေးရန် အစီအ စဉ်ဖြင့်သွားခဲ့ကြပါသည်။

ထိုသို့သွားစဉ် ရန်ကုန်တက္ကသိုလ် အတွင်း၌ သမဂ္ဂဦးဆောင်မှုဖြင့် တက္က သိုလ်ကျောင်းသားများ အဓိပတိလမ်း တစ်လျှောက် ခွပ်ဒေါင်းအလံကိုင်၍ ၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်အစိုးရ တော်လှန်ရေးကောင်စီက ''ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ရုပ်သိမ်း လိုက်ခြင်း၊ တက္ကသိုလ်ကောင်စီကို ဖျက် သိမ်းခြင်း၊ ကျောင်းသားခေါင်းဆောင် များကို ထောက်လှမ်းခြင်း''စသည်စ သည်များကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသားများ စီတန်းလှည့်လည်နေ ခြင်းကို တက္ကသိုလ်အဝန်းအဝိုင်းကို တပ်ထောင်တော် ဗိုလ်ထုနှင့်ဝိုင်းထားပြီး ကျောင်းတွင်းအဓိပတိလမ်းမပေါ်သို့ လုံ ထိန်းရဲများစေလွှတ်ပြီး ကျောင်းသား များအား မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံး များနှင့် ပစ်နေချိန်ပေါ့။

ကျောင်းသား များက အဓိပတိလမ်းမှ တံခါးမကြီးကို ပိတ်၍ထားလိုက်ပြီးနောက် တပ်မတော် သားများကအထက်အမိန့်အရ မန္တလေး ဆောင်ရှေ့ခြံစည်းရိုးသံတိုင်အုတ်တိုင် များကိုအကာအကွယ်ယူကာ ကလောင် တံ၊ ခဲတံ၊ ပေတံမျှသာရှိသော ကျောင်း သားများကို 'ဂျီ-၃' (G-၃) တို့၊ ကာဘိုင် တို့၊ ရိုင်ဖယ်တို့ဖြင့် မန္တလေးဆောင်နှင့် အမရဆောင် အဓိပတိ လမ်းပေါ်ရှိ ကျောင်းသားများကို ပစ်ခတ်နေချိန်တွင် ကျွန်တော်တို့လည်း သမ္မတရုပ်ရှင်ရုံမှ အထွက်၊ အောင်ဆန်းဘောလုံးကွင်းအ သွား ရန်ကုန်တက္ကသိုလ်ကျောင်းသား များက ''ဂျစ်ကား''နှစ်စီးနှင့်ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားတွေကို စစ်တပ် က လူသတ်လက်နက်များဖြင့် ရန်သူသ ဖွယ်လာရောက် သတ်ဖြတ်နေကြောင်း သမ္မတရုပ်ရှင်ရုံနှင့် အောင်ဆန်းဘော လုံးကွင်း၊ ဆူးလေဘုရားလမ်းတို့ကို လှည့်ပတ်၍ ရန်ကုန်မြို့နေ လုပ်သား ပြည်သူများကို တင်ပြနေတာလည်း ကြားရရော ကျွန်တော်တို့လည်း အောင် ဆန်းကစားပြိုင်ဝင်းဘောလုံးပွဲသို့ ဆက် မသွားတော့ဘဲ ရရာကားဖြင့် ရန်ကုန် တက္ကသိုလ်ဆီသို့ ပြန်ခဲ့ကြရပါသည်။

တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျား လမ်းထောင့်လည်းရောက်ရော ကျွန် တော်တို့ကျောင်းသားများ ဝင်ခွင့် မရ တော့ပါ။
ကျွန်တော်တို့ တက္ကသိုလ်ကျောင်း သားများ အင်းလျားလမ်းထိပ်မှာပဲ မနက်ဖန် (၈-၇-၁၉၆၂) နေ့ နံနက် ၅ နာရီနှင့် ၆ နာရီကြား ရွှေတိဂုံဘုရားရှိ ၁၃ဝဝ ပြည့်တက္ကသိုလ်ကျောင်းသားများ သပိတ်အထိမ်းအမှတ် ကျောက်တိုင်ရှိ ရာနေရာတွင် စုရုံးပြီးရန်ကုန်တက္ကသိုလ် သို့သွားကြရန် တီးတိုးတိုင်ပင်ပြီး လူစု ခွဲခဲ့ကြပါသည်။

တိုင်ပင်ထားသည့်အတိုင်း (၈-၇-၁၉၆၂)နေ့နံနက် ၅ နာရီတွင် ရွှေတိဂုံ ဘုရားသို့အရောက်သွားခဲ့ပါသည်။ ကျွန် တော့်လိုပဲ တစ်ယောက်စ နှစ်ယောက်စ ရောက်လာကာ နံနက် ၆ နာရီခန့်တွင် ပေါက်ကွဲသံကြီး ကျွန်တော်တို့တက္က သိုလ်ရှိရာဆီမှ ကြားရပြီး ဘုရားမြောက် ဘက်မုခ်ရင်ပြင်တော်ပေါ် ညောင်ပင် ကြီးအရင်းမှ လှမ်းမြင်တွေ့လိုက်သည့် မီးခိုးလုံးကြီးကို ၅၁ နှစ်ရှိသည့်တိုင် အောင် မမေ့နိုင်ခဲ့ပါ။ အဲဒီ အသံနဲ့ မီးခိုး လုံးကြီးကတော့ ကျောင်းသားအရေး ရှေ့မှ တိုက်ပွဲဝင်ခဲ့သူများရဲ့ ကွန်းခိုရာ၊ အစည်းအဝေးဆုံးဖြတ်ချက်ချရာ သမဂ္ဂ ကြီး ဖြိုခွဲခံခဲ့ရခြင်းပင်ဖြစ်ပါသည်။

လူစုပြီး ဘုရားကြီးပေါ်မှဆင်း၍ ရန်ကုန်တက္ကသိုလ်သို့ လူခွဲ၍ လာခဲ့ကြ ပါသော်လည်း ယမန်နေ့ကကဲ့သို့ ဝင်ခွင့် ကပ်ခွင့်မရခဲ့ပါ။ ဒါနဲ့ သတင်းတစ်ခု ကြားရတာက ဆရာများအိမ်တွေကြား အင်းလျားလမ်းဘက် ဘွဲ့နှင်းသဘင် ခန်းမဘက်မှ ရေမြောင်းများမှတစ်ဆင့် ထွက်ပြေးလာကြသည့် ဒဏ်ရာရကျောင်း သားများသည် နေ့ကျောင်းသူကျောင်း သားများအိမ်သို့ ရောက်ရှိနေသည်ကို လိုက်လံရှာဖွေတွေ့ကြပြီး ဆေးကုသ ပေးခြင်း၊ ဆေးဖိုးဝါးခများ ကုန်ကျခံ ခြင်း၊ လမ်းစရိတ်များ စုပေးပြီး နယ်ရှိ မိဘရပ်ထံ ပြန်ရန်ကူညီပေးခဲ့ရပုံသည် မနေ့တစ်နေ့ကလိုပင် ထင်မြင်ခဲ့သည်မှာ ၅၁ နှစ် တိုင်ခဲ့ပါပြီ။

၁၉၆၂ ခု၊ မတ်လမှ အာဏာသိမ်း ခဲ့သည့် တပ်မတော်က ရန်ကုန်မြို့က မာရွတ်မြို့နယ်ရှိ ''မြန်မာ့အသံ အသံ လွှင့်ရုံကြီးတွင် စစ်စခန်းဖွင့်၍ 'တော် လှန်ရေးကောင်စီ'ကိုဖွဲ့စည်းပြီး 'မြန်မာ့ အသံခန်းမ' မှပင် ရန်ကုန်တက္ကသိုလ် သည် မြေအောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ရာဌာနချုပ် သူပုန်စခန်းသ ဖွယ်၊ ကျွန်တော်တို့သမဂ္ဂအဆောက် အအုံကို ဖြိုဖျက်ရန် ရည်ရွယ်ချက် စီမံ ချက်ကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက အစီအစဉ်ချ မှတ်ပြီး အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများဆီသို့ ခရီးထွက်သွား ပါသည်။ တော်လှန်ရေးကောင်စီကို တော့ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်ကြီးကို တော်လှန် ရေးကောင်စီ ဥက္ကဋ္ဌ အာဏာလွှဲခဲ့ပါ သည်။

ဗိုလ်မှူးချုပ်အောင်ကြီးက တော် လှန်ရေးကောင်စီဝင်များဖြစ်သည့် ဗိုလ် မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီးတင်ဖေ၊ ဗိုလ်မှူးကြီးသန်းစိန်၊ ဗိုလ်မှူးကြီးစန်းယု အစရှိသည့်တော်လှန်ရေးကောင်စီများ နှင့်တိုင်ပင်ဆုံးဖြတ်ကာ ၁၉၆၂ ခု၊ ဇူ လိုင်လ ၇ ရက် စနေနေ့တွင် တပ်ထောင် တော်ဗိုလ်ထုနှင့် လက်နက်ဆို၍ အပ်တို တစ်ချောင်းပင်မရှိရှာသည့် ကလောင်၊ ဖောင်တိန်ကိုင် ကျွန်တော်တို့ တက္က သိုလ် ကျောင်းသားကျောင်းဆောင်များ ရှိရာ ကျောင်းဆောင်များကို ဝိုင်း၍ ပထမဦးစွာ အဓိကရုဏ်းနှိမ်နင်းသည့် ကားကြီးများ၊ မီးသတ်ကားများနှင့် တက္ကသိုလ်အဓိပတိလမ်းအဝင်ဝအဓိက ဝင် ပေါက်ရှေ့'အဝိုင်းကလေး'၊ ယခုမရှိ တော့သည့် ဂိတ်ပေါက်တွင် တပ်စုထား ပါသည်။

တက္ကသိုလ်ပရဝဏ် ခြံစည်းရိုးတိုင် အုတ်တိုင်များတွင်မူ တပ်မတော်သား များအား တက္ကသိုလ်ကျောင်းဆောင် မန္တလေးဆောင်ကိုလည်းကောင်း၊ သမဂ္ဂ အဆောက်အအုံကိုလည်းကောင်း မောင်းပြန်သေနတ်များနှင့် ချိန်ရွယ်ထား စေပြီး နောက်မှပစ်မိန့်ပေးစေခိုင်းခဲ့သူ မှာ ဒုတိယဗိုလ်မှူးကြီးစိန်လွင် (နောင် - သမ္မတ) ဖြစ်ပါသည်။ အတုန်းအရုံး ပဲပေါ့။ ရဲဘော်ရဲဘက် တစ်ဦးဖြစ်သည့် 'စာရေးဆရာ ပန်းချီဆရာ ကျောင်းဆရာ အောင်ပြည့်' (ကိုခင်မောင်မြင့်)ပင်လျှင် နားပါးမှ ကျည်ဆန်ဝင်ပြီး မေးစေ့မှထွက် သွားသည့် ဒဏ်ရာ သေရွာပါသွားရှာပါ သည်။ အထူးသဖြင့်မန္တလေးကျောင်း ဆောင် အခန်းနံရံများတွင် သွေးနှင့်ရေး သော စာများ၊ သွေးပေလက်ဝါးဖြင့် ပုတ်ခတ် ကုတ်ခြစ်ထားသည့်အရာများ နှင့် သွေးရောင်လွှမ်းခဲ့ပါသည်။ နောင် တွင် တက္ကသိုလ်ဝန်ထမ်းများက ခက် ခက်ခဲခဲ ဖျက်ဆီးခဲ့ရသည်ကိုလည်း အမှတ်ရနေသေးသည်။

၁၉၆၂ ခု၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီမှာတော့ ကျွန်တော်တို့ အဖေတွေ၊ ဦးလေးတွေ၊ အစ်ကို၊ အစ်မ တွေရဲ့ခေတ်အဆက်ဆက်တက္က သိုလ် ကျောင်းသူ၊ ကျောင်းသားများရဲ့ ရှေ့မှ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ သမဂ္ဂ အဆောက်အအုံကြီးကို တော်လှန်ရေး ကောင်စီ၏အမိန့်ဖြင့် မြေပေါ်သို့ပြား ပြားဝပ်စေခဲ့ရပါသည်။

သမိုင်းဝင် ၈၈ အရေးအခင်းပေါ် ပေါက်သည့်အခါ ဦးနေဝင်းနှင့်ဦးအောင် ကြီးတို့သည် ကျွန်တော်တို့ သမဂ္ဂ အဆောက်အအုံကို မည်သူဖြိုသနည်း၊ မည်သူကခိုင်းသနည်း၊ ဘာပေါက်ကွဲ စေသည့်ကိရိယာနှင့် ဖြိုခဲ့သနည်း စသည်ဖြင့် တစ်ဦး နှင့်တစ်ဦးလွှဲချစွပ်စွဲမှု များ ပေါ်ထွက်လာခဲ့ပါသေးသည်။

မည်သို့ပင်ဆိုစေ တိုင်းပြည်၏ ရှေ့ဆောင် ပညာတတ် တက္ကသိုလ် ကျောင်းသားများက လှေခွက်ချည်းကျန် အလံမလှဲစတမ်းဆိုသည့် စကားအလား ၁၉၆၃ ခု၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်၍ ရန်ကုန်တက္ကသိုလ်သမဂ္ဂအ ဆောက်အအုံမြေနေရာကို 'ရင်ပြင်နီ'ဟု သမုတ်ပြီး 'အရေးတော်ပုံကျောက်တိုင် ကြီး'ကျောင်းသားခေါင်းဆောင်၊ ရှေ့ ဆောင်အာဇာနည် ဗိုလ်အောင်ကျော် အထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ညတွင်းချင်း အမြင့် ၇ ပေနှင့် ၇ လက်မ အကျယ် ၆၂ လက်မရှိ ဇူလိုင် ၇ အမှတ် တရအရေးတော်ပုံကျောက်တိုင်ကြီးကို ပြီးစီးအောင် တည်ဆောက်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားကိုခင်မောင်မြင့် (အောင်ပြည့်)အမှတ်တရ ရေးဆွဲခဲ့သော ပုံကို ဖော်ပြထားပါသည်။

တက္ကသိုလ် ကျောင်းသား၊ ကဗျာဆရာ ကိုခင်ဆွေ ဦးဆောင်ရေးသား ထုတ်ဝေသည့် ရေ မြေနီကဗျာစာအုပ်အစရှိသည့် ရင်တ နင့်နင့်ဖြင့်ခံစားမှု အဖြစ်အပျက်များ၊ ဘွဲ့နှင်းသဘင်ခန်းမကြီးနှင့် သစ်ပုတ်ပင် ကြီးတို့ကိုတိုင်တည်သည့် ကဗျာစာအုပ် များ အမြောက်အမြား ထွက်ခဲ့ပါသည်။

ကျွန်တော်တို့ သူငယ်ချင်းတွေ မရှိရှာတော့သည်က များပါသည်။ ကျွန် တော်ပင်လျှင် အသက် ၇၄ နှစ်အတွင်း သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီ။ သို့သော် ဘဝကူးမပြောင်းမီစပ်ကြား ကျွန်တော့် မြေးကလေးကို လက်ဆွဲပြီး ရန်ကုန် တက္ကသိုလ်အဓိပတိလမ်းပေါ်မှာ လမ်း လျှောက်ရင်း ဒါက ''ဘွဲ့နှင်းသဘင်ခန်း မ''၊ ဒါက ''သစ်ပုတ်ပင်ကြီး''၊ ဒါက''သိပ္ပံ ဌာန''၊ ဒါက ''ဝိဇ္ဇာဌာန''၊ ဒါက''တက္က သိုလ်စာကြည့်တိုက်''၊ ဒါက''အပန်းဖြေ ရိပ်သာ''၊ ဒါက''ဂျက်ဆင်ဘုရားကျောင်း''၊ ဒါတွေက ''အဘိုးတို့နေခဲ့ရတဲ့ ကျောင်း ဆောင်''များဟု ပြသပေးရင်း ကွက်လပ် ကြီးလိုဖြစ်နေတဲ့ အဓိပတိ လမ်းထောင့် ရောက်လို့ မြေးကလေးက အဘိုးဒီကွက် လပ်ကြီးက ဘာလုပ်တဲ့ နေရာလဲလို့မေး လာရင်တော့ -

မြေးကလေးကိုအဘိုး မျက်ရည် လည်ရွှဲနဲ့ ရှင်းပြရဦးမှာက- ကျွန်တော်တို့ ရဲ့တက္ကသိုလ်ကျောင်းအကြောင်း ဗိုလ် ချုပ်အောင်ဆန်းတို့ ခေါင်းဆောင်ခဲ့တဲ့ သမဂ္ဂအကြောင်း အရှည်ကြီးကို ဟိုး ရှေးရှေးတုန်းက တက္ကသိုလ်ပြည်ကြီးကို စစ်ဘီလူးကြီးများ ဝင်ရောက်ဖျက်ဆီး ခဲ့ပုံကို အဘိုးလျှာထွက်၍ ဘိုင်းဘိုင်း လဲသွားပါစေ အဘိုးပြောရဦးမယ်ကွယ်။

ထိုနေရာတွင် မူလတက္ကသိုလ်သမ ဂ္ဂအဆောက်အအုံပုံစံအတိုင်း၊ သမိုင်း ဝင်အဆောက်အအုံပြန်လည်တည် ဆောက်ပြီး ဂျာမန်တွေနှိပ်စက်သတ် ဖြတ်ခဲ့သည့် ဂျူးသမိုင်းဝင်ပြတိုက်ကြီးလို၊ အမည်ထင်ရှားသူများနှင့် အမည်မသိ ကျောင်းသားများ၏ သမိုင်းဝင်အထိမ်း အမှတ်ပြခန်းကြီး အမြန်ဆုံး ပေါ်ထွန်း ပါစေလို့သာ ဆန္ဒပြုနေမိပါသည်။
ရဲဘော်ရဲဘက် တက္ကသိုလ်ကျောင်း သူ၊ ကျောင်းသားဟောင်းကြီးများ ကောင်းရာ သုဂတိလားပါစေ။

Credit: မြတ်ထိုက်/ Popular Myanmar News Journal

0 comments:

Post a Comment

Facebook Like Page