Monday, September 14, 2015

ပဲကြီးလှော်ကြားက ဆား မဲတစ်ပြားတော့တာဝန်ယူပါ K3(pyay)

Leave a Comment

ပဲကြီးလှော်ကြားက ဆား မဲတစ်ပြားတော့တာဝန်ယူပါ



K3(pyay)



လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီစနစ်မှာ သမ္မတဆိုတာရှိခဲ့သည်။တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးနောက် တစ်ပါတီစနစ်မှာ သမ္မတဆိုတာရှိခဲ့သည်။ယခုလည်း စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် မှာ ဒုတိယအကြိမ် ရွေးချယ်တတ်ရန်အင်မတန်အရေးကြီးသည့်အချိန်အခါသို့ရောက်ရှိနေပါသည်။ယခု လာမည့် ၂၀၁၅ နိုဝင်ဘာလ ၈-ရက်နေ့မှာ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းအတွက် ပါတီစုံဒီမိုကရေစီစနစ်ထပ်မံရွေးချယ်တင်မြောက်ရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲရက်နီးလာသည့်နှင့် သတ်မှတ်ထားသည့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို စက်တင်ဘာ ၈-ရက်နေ့တွင် မြို့နယ်အသီးသီတို့မှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများအင်တိုက်အားတိုက်ဆောင်ရွက်လာခဲ့ကြသည်။မဲဆွယ်စည်းရုံးတဲ့အခါတွေမှာ လူတိုင်းက ကိုယ်ဘယ်လောက် တော်ကြောင်း၊တတ်ကြောင်း၊စေတနာထားကြောင်း ပြောဆိုနေသည်ကိုကြားနေရပါသည်။ အပြောနှင့်လက်တွေ့ညီမညီဆိုတာကိုတော့ ထိုလူဖြတ်သန်းလာခဲ့သည့် ဘ၀အတွေ့အကြုံ ၊ သမိုင်းကြောင်းကိုသေသေချာချာစိစစ်ပြီးမှ လူမှန်၊နေရာမှန်၊၊လူကောင်း၊မှုကောင်းဆိုသည်ကို ရွေးချယ်တတ်ရန်အရေးကြီးပါသည်။



စက်တင်ဘာ ၁၄-ရက်နေ့မှစတင်ပြီး စက်တင်ဘာ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားပါသည်။ ထို့အပြင် လူမှုကွန်ယက် Facebook စာမျက်နှာတွေမှာလည်း Facebook တစ်ကောင့်လျှင် အင်တာနက်ဆိုင်တွေမှာအနည်းဆုံး ၂၅၀၀ိ-ကျပ်ဖြင့် အကောင့်သစ်များဖွင့်ကာ မိမိတို့သဘောကျထောက်ခံသည့် ပါတီကို မဲဆွယ်စည်းရုံးသလို တခြားသောပါတီများကို ပုတ်ခက်နေခြင်းများတရှိန်ထိုးဖြစ်ပေါ်နေသည်။မြန်မာ့ ပါတီစုံဒီမိုကရေစီအစိုးရအနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်ပေါင်း ၆၀၀၀-ကျော်ရှိပြီး ပါတီပေါင်း ၉၀-ကျော်ရှိလာသည်။ များလှသော ပါတီများထဲတွင် ယနေ့ လူမှုကွန်ယက် Facebook စာမျက်နှာများတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ နှင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ နှစ်ခုအကြား အရှိန်အဟုန်ပြင်းစွာ အင်တာနက်တိုက်ပွဲဆင်နွဲ့နေကြပုံသည် လာမည့်ရွေးကောက်ပွဲအတွက် အဟန့်အတားများဖြစ်နေမလားစိုးရိမ်ဖွယ်အခြေအနေရောက်ရှိနေသည်။ ကျန်သည့်ပါတီများ မဲဆွယ်စည်းရုံးမှုများ လူမှုကွန်ယက်စာမျက်နှာတွင် အင်မတန်ရှားပါးနေသည်ကို သုံးသပ်မိသည်။ ထို့ကြောင့်လည်း အချို့သောပါတီများက အင်အားကြီးပါတီနှစ်ခုကြားရန်တိုက်ပေးပြီး ပြည်သူဝေခွဲမရဖြစ်နေချိန် ပွဲလန့်တုန်းဖျာခင်းမည်ဟုဆိုသည့် အကောင့်အတုများမှလည်း ပြစ်ပြစ်ခါခါရေးသားတင်နေသည်။မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နှစ်လေးဆယ်ခန့် ခေါက်ရိုးကြိုးနေသည့် စာရွက်သဖွယ် တစ်ဦးကိုတစ်ဦးယုံကြည်မှုများမရှိတော့ပါ။ဒါဟာလည်း အုပ်ချုပ်မှုတစ်ခုအောက်မှာ စိတ်ကို ထောင်ဒဏ်ချမှတ်ထားခံရသလို ဖြစ်ပေါ်လာခဲ့သည့် စိတ်တွေကြောင့် အမျိုးမျိုးအဖုံဖုံ ပြဿနာပေါင်းများစွာကြုံတွေ့နေခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် ၅-နှစ်တာ သက်တမ်းမှာ ခေါက်ရိုးကျိုးမှုများအနည်းငယ်ပြေပျောက်ခဲ့ရသည်။တိုးတက်လာသည်များ ရှိခဲ့သလို လိုအပ်ချက်များစွာလည်းရှိနေခဲ့သည်။ နှစ်လေးဆယ်ဖိနှိပ်ခံရသည့်အဖြစ်များထက်တော့ သာလွန်ခဲ့ပါသည်။ ရွေးကောက်ပွဲနားနီးလာသည်နှင့်အမျှ လူမျိုးဘာသာအရေးများနှင့်စီးပွားရေးတစ်ချို့ မဟုတ်မမှန် လုပ်ကြံသတင်းထုတ်ကာ လူမှုကွန်ယက်စာမျက်နှာများတွင် သွေးထိုးလျှိ့ဆော်နေသည်။ ယနေ့မြန်မာနိုင်ငံ၏ လူဦးရည် သုံးပုံတွင် နှစ်ပုံခန့်က လူမှုကွန်ယက်စာမျက်နှာများသုံးစွဲလျှက်ရှိနေသည်။ ပါတီအဖွဲ့ဝင်များမဟုတ်သည့် ပြည်သူများကတော့ ပြောင်းလည်းချိန်တန်ပြီဟု ကြွေးကြော်လျှက်ရှိနေသည်။



မှန်ပါသည် ကျွန်တော်တို့ ပါတီစုံဒီမိုကရေစနစ်မှာ နိုင်ငံတော်သမ္မတကို ပြည်သူကတိုက်ရိုက်မဲပေးပိုင်ခွင့်မရှိခဲ့ပါ။သို့သော်လည်း ပြည်သူရွေးချယ်တင်မြောက်ရမည့် ကိုယ်စားလှယ်လောင်များမှတဆင့် သမ္မတကို မိမိတို့ကြိုက်နှစ်သက်ရာ လွတ်လပ်ပေါ့ပါးစွာရွေးချယ်တင်မြှောက်နိုင်ပါသည်။ပါတီတစ်ခုတွင် မှု နှင့် လူတွဲ၍ ကြည့်စေချင်ပါသည်။ မှုတွေကောင်းပြီး လူတွေမကောင်းရင် ဒီပုတ်ထဲက ဒီနိုင်ငံပဲဆက်ဖြစ်နေပါအုံးမည်။ လူတွေကောင်းပြီး မှုတွေမကောင်းရင်လည်း ဒီပုတ်ထဲက ဒီနိုင်ငံပဲဆက်လက်တည်ရှိနေပါအုံးမည်။ ပညာရှင်များသိပ်မထွန်းကားတဲ့ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးစနစ်ကို သေသေချာချာ ဘယ်အစိုးရတက်တက် ချမှတ်ပေးစေချင်ပါသည်။ နိုင်ငံတစ်နိုင်ငံတွင် လက်နက်အင်အားကြီးမားခြင်းထက် ပညာတတ်အင်အားကြီးမားဖို့က အင်မတန်အရေးကြီးပါသည်။ မြန်မာ့ပညာရေးအခြေအနေတွေကို သူငယ်တန်းမှစတင်ကာ ပြန်လည်စဉ်းစားသုံးသပ်စေလိုပါသည်။ အိုးမဖုတ်ခင် အိုးလုပ်ခင်ဝယ် ကြိုတင်ရိုက်နှိပ် တံဆိပ်ခက်က ထိုအိုးကွဲညား တံဆိပ်မပျက်ပါ ဆိုသည့်စကားများလည်းရှိနေသည်။ မြန်မာနိုင်ငံသည် တစ်ချိန်က ကမ္ဘာ့တွင် ဗားဘား ဟူ၍ နာမည်ကျော်ကြားခဲ့ဖူးသည်။ တစ်ချိန်က ရန်ကုန်မြို့တော်ကို အားကျစွာ စင်င်္ကာပှုမှအတုယူတည်ဆောက်ခဲ့ဖူးသည်။



ယခုချိန်ခါမှာတော့ အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးစာရင်းဝင်သွားခြင်းခံလိုက်ရသည်က ကမ္ဘာ့အလယ်မှာ မြန်မာဟု မကြွားဝါနိုင်တော့ပါ။ဆင်းရဲခြင်းသည်ကြောက်စရာ ရှက်စရာမဟုတ်ပါ တစ်ခြားသောနိုင်ငံတွေမှာ ကျွန်အဖြစ်နဲ့ ကျွန်တော်တို့မြန်မာများ သွားရောက်အလုပ် လုပ်ကိုင်ရှာဖွေနေကြရသည်။ဘွဲရပညာတတ်တစ်ချို့ ဆိုက်ကားနင်းနေရသည်။ ခေတ်အတန်းပညာတတ်ပြီး ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသည့် ကျွန်တော်တို့နိုင်ငံ မှာ ပညာရေး၏ လိုအပ်ချက်နောက်ကွယ်မှာ အလုပ်အကိုင်အခွင့်အလှမ်းတွေပှုးတွဲပါဝင်လာခဲ့သည်။ ဒီလို ဘ၀မျိုးတွေကို  သွပ်မိုးထရံကာ ပျဉ်ထောင်အိမ်ပိုင်နှင့် အိမ်ငှားနေရသည့်ဘ၀များစွာထဲက အခြေခံလူတန်းစားတိုင်းခံစားနေရသည်မှာ အချိန်များစွာကြာမြင့်ခဲ့ပါသည်။ ကျွန်တော်တို့နိုင်ငံ အမှန်တကယ် ပြောင်းလည်းဖို့အချိန်တန်နေပါပြီ။ နှစ်ဖက်မိဘအဆင်မပြေတာတွေကို သားသမီးတွေအထိသယ်ဆောင်မလာသင့်တော့ပါဘူး။ မိဘချင်းအဆင်မပြေတာ မတည့်တာ သားသမီးနဲ့မဆိုင်သလို ခေတ်အဆက်ဆက်ကြီးစိုးခဲ့သူတို့ရဲ့လုပ်ရပ်များစွာနဲ့ ပေါက်ကွဲထွက်သည့် ပါတီအကြား အပြိုင်အဆိုင်ယှဉ်ပြိုင်ကြမည့်ပါတီများသည် ကျွန်တော်တို့ မိဘ ကျွန်တော်တို့ဘ၀များဖြစ်ပါသည်။ ခေတ်တစ်ခေတ်မှာစနစ်တစ်ခုကောင်းဖို့ မှုကောင်း လူကောင်းကောင်းနဲ့ စည်းလုံးညီညွှတ်စွာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်သားသမီးပြည်သူတွေဘ၀ ဆင်းရဲတွင်းကလွတ်ချင်ပါပြီ။ပြောင်းလည်းဖို့အချိန်တန်ပါပြီ။



ဆန္ဒမဲတစ်ပြား ရွေးချယ်မှုမမှားစေရန်အင်မတန်အရေးကြီးပါသည်။ကျွန်တော်တို့ ဘ၀တွေအတွက် အာမခံချက်သေသေချာချာပေးမည်က မိမိလက်ထဲမှ ဆန္ဒမဲတစ်ပြားဆိုတာလုံးဝ မမေ့သင့်ဘူး။ မဲတစ်ပြားသည် နိုင်ငံတစ်နိုင်ငံ၏တန်ဖိုးနှင့်ညီမျှနေသည်။ကျွန်တော်တို့လက်ထက်အထိမပြောင်းလည်းနိုင်ခဲ့ရင် နောင်မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့မျက်နှာဘယ်လိုပြကြရမှာလည်း။ပေးစရာအမွေဆိုလို့ စာရွက်နဲ့ ဘောလ့်ပင် ပဲရှိပါတယ်။ ပြောင်းလည်းဖို့အချိန်တန်နေပါပြီ။ ပဲကြီးလှော်ကြားက ဆားဘ၀တွေ ကျွတ်လွတ်ချင်ပါပြီ..ဘယ်ပါတီအနိုင်ရရ ပြည်သူထမင်းဝရုံနဲ့မပြီးသေးပါဘူး။ ပြီးစလွယ်ရွေးချယ်ရင် ပြီးစလွယ်စနစ်လောက်ပဲရနိုင်ပါတယ်။ ရွေးချယ်မှုတစ်ခုမှားခဲ့ရင် ကိုယ်တစ်ဦ်းတစ်ယောက်တည်းမဟုတ်ပါ ကိုယ့်မိသားစု ကိုယ့်နိုင်ငံအတွက် တာဝန်ကြေစွာ စနစ်တစ်ကျစဉ်းစား၍ ဆုံးဖြတ်ချက်ခိုင်မာစွာ ယုံကြည်မှုအားကိုး၍ လက်ထဲကိုင်ထားသည့် ဆန္ဒမဲတစ်ပြားကို မိမိအကျိုး မိသားစုအကျိုး နိုင်ငံအကျိုးမျှော်ကိုးကာ ရွေးချယ်၍ မဲပေးသင့်ပါကြောင်း  အလေးထားရေးသားအပ်​ပါသည်​။


အတွဲ ၂ ၊ အမှတ်​ ၂၄၈ ၊ စက်​တင်​ဘာလ ၁၅ ရက်​ အင်္ဂါ​နေ့ထုတ်​ ဒီမိုက​ရေစီတူ​ဒေး​သတင်းစာ

k3(pyay)


0 comments:

Post a Comment

Facebook Like Page