Saturday, December 13, 2014

မန္တလေး - ပြည်မြို့တို့သို့ ခုတ်မောင်းသော ကူးတို့သင်္ဘောလိုင်း ရပ်နား

Leave a Comment


ပြည် ၊ ၁၃-၁၂-၂၀၁၄

နှစ်ပေါင်း ၆ဝ ခန့် ပြေးဆွဲခုတ်မောင်း လာခဲ့သော မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေး - ပြည် လူစီးကုန်တင် နှစ်ထပ်ကူးတို့ သင်္ဘောများ ယခုအခါ မပြေးဆွဲ တော့ကြောင်း သိရသည်။

ယခင်က အဆိုပါ မန္တလေး - ပြည်မြို့ တို့ကို အစုန်၊ အဆန် ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲ ခုတ်မောင်းလျက် ရှိရာ လူအပြည့်၊ ကုန်အပြည့်၊ တစ်ခါတစ်ရံ ထိုင်စရာ နေရာမရှိ၍ သင်္ဘော နောက်ပိုင်းရှိ ထမင်းနှင့် လက်ဖက်ရည် ဆိုင်၌ စားသောက်ရင်း လိုက်ပါကြ ရသည်။ ယခု မပြေးဆွဲ တော့သည်မှာ လေး၊ ငါးနှစ် ရှိသွားပြီ ဖြစ်ကြောင်း မကွေးမြို့ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဧရာဝတီ ကိုယ်စားလှယ် တစ်ဦးထံမှ သိရသည်။

''အဓိက ကတော့ ဝင်ငွေနဲ့ ထွက်ငွေ မကိုက်လို့ပါ။ ဂျပန်က စစ်လျော်ကြေး အတွက် ပေးတဲ့ သင်္ဘောတွေ ဖြစ်တယ်။ နှစ်တွေ ကြာလာတဲ့ အတွက် သင်္ဘောစက်တွေ ခဏခဏ ပျက်တယ်။ နောက် နွေရာသီမှာ သဲသောင်တွေ ပေါ်လာ တာကြောင့် ရေကြောင်းတွေ ကျပ်လာပြီး သင်္ဘောတွေ ခဏခဏ သောင်တင် တာရယ် ဧရာဝတီ မြစ်ကူးတံတား ပေါ်လာပြီး မြစ်အနောက် ဘက်ခြမ်းမှာ ကားလမ်း၊ မီးရထား လမ်းတွေ ပေါ်လာတဲ့ အတွက် လမ်းပန်း ဆက်သွယ်ရေး တွေ ကောင်းမွန် လာလို့ လူတွေက သင်္ဘော မစီးကြဘူး။ မီးရထားတို့၊ ကားတို့နဲ့ သွားကြတယ်။ အရင်က ရေလမ်း တစ်ခုသာ သွားလို့ရတဲ့ ဆင်ပေါင်ဝဲ တို့၊ ကံမ တို့ဆိုရင် ကားနဲ့ သွားလို့ ရနေပြီ။ သင်္ဘောက
ဈေးချိုပြီး ကြာတယ်။ ကားနဲ့က ခဏပဲ သွားရတာ။ ခုချိန်မှာ ကားတွေကလဲ ပေါတော့ ဒေသခံ မြို့ရွာတွေ ကလဲ လူစီး ကုန်တင်ကား တွေထွက် နေကြပြီ။ အရင်က တစ်ပတ် တစ်စီး လောက် သင်္ဘော ပြေးဆွဲ သေးတယ်။
နောက်တော့ လုံးဝ မပြေးဆွဲ တော့ဘူး'' ဟု ဒေသခံ တစ်ဦးက ပြောပြသည်။

ယခုအခါ အသုံးမပြု တော့သော သင်္ဘောများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရပ်နား ထားကြောင်း သိရသည်။(၀၇၈)

#Yadanarpondaily
#ရတနာပုံနေ့စဉ်


ပြည်သတင်း - ၀၉ ၄၃၀ ၄၇၈၆၂

0 comments:

Post a Comment

Facebook Like Page