Friday, May 30, 2014

သမ္မတဦးသိန်းစိ​န်​ ၏​မေလအကုန်​​ရေဒီယိုမိန့်​ခွန်း

Leave a Comment
သမ္မ ဦးသိန်းစိန်၏ ​မေလအကုန်​​ရေဒီယိုမိန့်​ခွန်း




မိဘပြည်သူများခင်ဗျား-
 ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုကနေတစ်ဆင့် အသိပေး ပြောကြားနေကျဖြစ်တဲ့ အတိုင်း မေလအတွင်းမြန်မာနိုင်ငံရဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်များကို မိဘပြည်သူများထံ ယခုကဲ့သို့ ပုံမှန်တင်ပြရခြင်း ဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူထားရတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့(၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို မေလ ၁၁ ရက်နေ့က နေပြည်တော်မှာ လက်ခံကျင်းပပေးခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်မှုစတဲ့ ဒေသတွင်း အရေးနဲ့ ပတ်သက်တဲ့ အရေးကိစ္စများကို ဆွေးနွေးခဲ့ပါတယ်။ ဒီလိုဆွေးနွေးမှု များကနေတစ်ဆင့် အာဆီယံနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုကို မြှင့်တင်ခြင်းနဲ့အတူ နိုင်ငံရေးအရ စည်းရုံးသော၊ စီးပွားရေး အရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်သိသော အာဆီယံ အသိုက်အ ဝန်းဖြစ်ပေါ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အချက်(၂၈)ချက်ပါဝင်တဲ့ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်မှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ယာဉ် မတော်တဆမှု များကြောင့် ပြည်သူတချို့ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရခဲ့တာကို ကြားသိရတဲ့အတွက် ကျွန်တော့်အနေနဲ့ ထိခိုက်ခံစားရသူ မိသားစုဝင်များနဲ့ ထပ်ထူထပ်မျှ ဝမ်းနည်းမိပါကြောင်း ပြောကြားလိုပါတယ်။ ယခုလိုမကြာခဏဖြစ်ပွားနေရတဲ့ အကြောင်းအရင်းများကို သိရှိနိုင်ဖို့အတွက် ကျွန်တော်ကိုယ်တိုင် အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆမှု အဖြစ်ပွားဆုံးနေရာများနဲ့၊ ဖြစ်ပွားနိုင်ခြေအရှိဆုံး နေရာများကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တဲ့ အစီအမံတွေကို ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)ရဲ့ တိုင်းတာချက်များ၊ အကြံပြုချက်များအရ လမ်းမကြီးရဲ့ ဦးစားပေး ပြုပြင်ရမယ့် ၆ ရာခိုင်နှုန်းကို အမြန်ဆုံးပြုပြင်ဖို့၊ လမ်းမကြီးရဲ့ ကြံ့ခိုင်မှုနဲ့ အသုံးပြုနိုင်မှုကို အမြန်ဆုံး မြှင့်တင်ဖို့၊ လမ်းပိုင်း ချွတ်ယွင်းမှု သာမကဘဲ ရာသီဥတုကြောင့်၊ ပေါ့လျော့စွာ မောင်းနှင်မှုကြောင့် ဖြစ်ပေါ်နိုင်ခြေရှိတဲ့ အလား အလာများကိုပါ ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေးရေးလုပ်ငန်းများနဲ့ စဉ်ဆက်မပြတ်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားကြဖို့ကိုလည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များနဲ့ပတ်သက်ပြီး ဖြစ်ပေါ် တိုးတက်မှုများကိုလည်း တင်ပြလိုပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များအနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများဆိုင်ရာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ ဆွေးနွေး ခဲ့တဲ့ ခြောက်လ အတွင်း လွန်ခဲ့တဲ့ဧပြီလက ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အားလုံး သဘောတူညီတဲ့ တစ်ခုတည်းသော သဘောတူညီချက် မူကြမ်းတစ်စောင် ရရှိခဲ့ပါတယ်။ မေလမှာ ထပ်မံပြု လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ နှစ်ဖက်လုံးက မူကြမ်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို သဘောတူနိုင်ခဲ့ပြီး ဒုတိယ မူကြမ်းကို ရေးဆွဲနိုင်ခဲ့ပါတယ်။ နိုင်ငံတကာစံနဲ့ ကြည့်မယ်ဆိုရင်အခြားနိုင်ငံများမှာ နှစ်နဲ့ချီပြီး ဆွေးနွေးရတဲ့ ကိစ္စတွေကို ကျွန်တော်တို့ အလျင်အမြန် သဘောတူညီမှုတွေရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အဖွဲ့ပေါင်း များစွာနဲ့ တွေ့ဆုံဆွေးနွေးရသည့် တိုင်အောင် အဓိကကျတဲ့ သဘောတူညီမှုများ ရရှိအောင် အားလုံးအနေနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ပါတယ်။ ဒါ့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးမှာ အားကြိုး မာန်တက် ကြိုးပမ်း ဆောင်ရွက်နေကြသူများ အားလုံးကို အသိအမှတ်ပြု ပါကြောင်း ပြောကြား လိုပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ကျွန်တော်တို့အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အနက် အဓိကကျတဲ့ ပြုပြင် ပြောင်းလဲမှု ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးမရရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ နှောင့်နှေးစေမှာဖြစ်သလို ဒီမိုကရေစီ ရှင်သန်ဖို့ ကိုလည်း များစွာ နှောင့်နှေးစေမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးဟာ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အရေး တည်ဆောက်မှုများ အားကောင်းလာတာနဲ့အမျှ မှန်ကန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေပေါ်ပေါက်လာဖို့ အထောက်အကူဖြစ်ခဲ့ပြီး ဒီမိုကရေစီစနစ်ဟာ ပဋိပက္ခများကို မှန်ကန်စွာ ဖြေရှင်းဖို့အတွက် အားပေးရာ ရောက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး အမှန် တကယ်ရဖို့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး ရလာတာနဲ့ အမျှ ဒီမိုကရေစီ ပိုမိုအားကောင်းလာတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ အားလုံးပါဝင်နိုင်တဲ့ All-Inclusive ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီး ဒီဖြစ်စဉ်အတွင်းမှာ ပြည်သူများ အနေနဲ့ မိမိတို့ ကျရာကဏ္ဍကနေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်း ပြောကြား လိုပါတယ်။

ခေတ်စနစ်မျိုးစုံက ရွေးချယ်ပုံဖော်ခဲ့တဲ့ နိုင်ငံရေးပုံစံများနဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်များကြောင့် မိမိတို့ အချင်းချင်းအကြား သံသယကြီးမားမှုကို အမြစ်တွယ်စေခဲ့တာဖြစ်ပါတယ်။ အကောင်းမြင်လွန်းခြင်း (သို့မဟုတ်) အဆိုးမြင်လွန်းခြင်းများဟာ လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များကို လက်တွေ့အရှိတရားများနဲ့ ကင်းကွာစေတဲ့ ရှုမြင်မှု အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ အခုလို သံသယကြီးမားမှုများ ကာလရှည်ကြာစွာ အမြစ်တွယ်ခဲ့တဲ့ လူ့အဖွဲ့ အစည်း တစ်ရပ်အနေနဲ့ ဘက်စုံပြုပြင်ပြောင်းလဲရေးများ ပြုလုပ်တဲ့အခါမှာ အခက် အခဲများစွာ ရှိနိုင်ခြင်းကို မိမိတို့ အနေနဲ့ လက်ခံနိုင်ရမှာဖြစ်သော်လည်း ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို ထိန်းသိမ်းနိုင်ခြင်းနဲ့ ရရှိပြီးဖြစ်တဲ့ အဆင့်ဆင့် တက်လှမ်းနိုင်မှုများမှ နောက်ကြောင်း ပြန်လှည့်ခြင်းကို ရှောင်ရှား နိုင်ခြင်းဆိုတဲ့ နိုင်ငံရေး အခြေအနေ တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကတော့ ငြင်းဆိုလို့မရတဲ့ အရှိတရားပဲ ဖြစ်ပါတယ်။

ဒီလိုအဆင့်ဆင့်တက်လှမ်းနိုင်ခြင်းမှာ ကျွန်တော်တို့နိုင်ငံသားတစ်ဦးချင်းစီ အနေနဲ့ သာမကဘဲ လူ့အဖွဲ့ အစည်းတစ်ရပ်လုံးအနေနဲ့ လုံလောက်တဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ ဇွဲလုံ့လဝီရိယစိုက်ထုတ်၍ လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ယခုလို လုပ်ဆောင်နိုင်မှုရဲ့ အဓိကအကျဆုံး အချက်ကတော့ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ကြာမြင့်စွာတည်ရှိခဲ့တဲ့ မတူညီတဲ့ နိုင်ငံရေး အင်အားစုများ အကြား ထိပ်တိုက် ရင်ဆိုင်ပြီး အချင်းချင်းအပြန်အလှန် ဖယ်ထုတ်ခြင်းဆိုသည့် ဓလေ့ဟောင်းများကနေ ခွဲထွက်ပြီး မတူကွဲပြားမှုများကို နားလည်လက်ခံပြီး ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းဖြင့် အဖြေရှာခြင်းဆိုသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်ကို အသက်သွင်း ကျင့်သုံးနိုင်ခဲ့ခြင်း ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး ယဉ်ကျေးမှုသစ်ကို ဆက်လက် ရှင်သန်နိုင်ဖို့ အတွက်အားလုံးအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ကြောင်း ပြောကြား လိုပါတယ်။

 ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်လို့ ဒီမိုကရေစီစံချိန်စံနှုန်းများ ပြည့်မီရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှု တွေပြုလုပ်ဖို့ ကြိုးပမ်း ဆောင်ရွက်နေမှုများကိုကျွန်တော့်အနေနဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာလျက် ရှိပါတယ်။

လွှတ်တော်များအနေနဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းပြီး အခြေခံဥပဒေကို လွှတ်တော်အတွင်းမှ ဥပဒေနှင့်အညီ ပြင်ဆင်နိုင်ဖို့ ဆွေးနွေး သုံးသပ်လျက်ရှိ ပါတယ။် နိုင်ငံရေး အင်းအားစု တချို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒများကို စုဆောင်းလျက် ရှိနေတာကိုလည်း တွေ့မြင် ရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တိုက်တွန်းပြောကြားလိုတာကတော့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတဲ့ နိုင်ငံရေး အင်အားစုများ အားလုံးအနေနဲ့ အချင်းချင်းချိတ်ဆက်ပြီး လိုအပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုများကို ဟန်ချက်ညီညီပြုလုပ်ခြင်းဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံသားတစ်ဦးချင်းစီအတွက် လက်တွေ့ကျတဲ့ ကောင်းမွန်တဲ့ ရလဒ်များ ပေါ်ပေါက်စေရန် ကြိုးပမ်းလုပ်ဆောင်ကြဖို့ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ စပ်လျဉ်းပြီး ကျွန်တော့်ရဲ့ သဘောထား ရပ်တည်ချက်များကို ထပ်လောင်း ပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် မဖြစ်မနေပြုလုပ် ရမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘော တူညီချက်များပေါ်မူတည်၍ လိုအပ်သလိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဒီမိုကရေစီစံနှုန်းများ၊ တန်ဖိုးများပြည့်မီအောင် ကြိုးပမ်းအားထုတ် လုပ်ဆောင်ရာ၌ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံး၏ အမြော်အမြင်ကြီးမှု၊ ဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့ဖြင့်သာ ပြင်ဆင်သင့်ပါတယ်။ တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံ ကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေ လိုသည့် နိုင်ငံရေး စေတနာရှိသလို တစ်ဖက်တွင်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေး နိုင်သည့် အခြေခံများရှိရန် လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ အသက်ဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ၊ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ဆုပ်ကိုင် ထားရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများက ရရှိလာမယ့် သဘောတူညီချက်များ အတွက် လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက်ရေးသားခြင်းများကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပင် မိမိတို့ တည်ဆောက်လိုတဲ့ ပွင့်လင်းလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပီပြင်လာစေရေး အတွက် လိုအပ်မယ့် ဒီမိုကရေစီ စံနှုန်းများ၊ တန်ဖိုးများ ပြည့်မီလာစေဖို့ အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်နိုင်ဖို့ ကြိုးပမ်းအားထုတ် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ အခါမှာ ပါဝင်ပတ်သက်သူအားလုံးရဲ့ အမြော်အမြင်ကြီးမားမှုနဲ့ စိတ်ရင်းစေတနာမှန်ကန်မှုတို့က အဆုံးအဖြတ် ပေး သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ နှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ကင်းကွာနေလို့ ဒီမိုကရေစီ အလေ့အထများ ပြန်လည် ရှင်သန် လာဖို့နဲ့ ဒီမိုကရေစီစိတ်ဓာတ်များ ပြန်လည်မွေးမြူနိုင်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီစနစ်ရှင်သန်ဖို့ဆိုရင် ဒီမိုကရေစီ စိတ်ဓာတ် ရှိဖို့လိုပါတယ်။ ဒီမိုကရေစီစိတ်ဓာတ်ဆိုရာမှာ ဒီမို ကရေစီရဲ့တန်ဖိုးများကို လေးစား လိုက်နာခြင်းပဲ ဖြစ်ပါတယ်။ ဒီတန်ဖိုးများမှာ အခွင့်အရေးနဲ့ တာဝန်ယူမှုကိုနားလည်တာ၊ တရား ဥပဒေစိုးမိုးရေးနဲ့ ဥပဒေကို လေးစားလိုက်နာတာတွေ အဓိက ပါဝင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြေရှင်းရေးတွေကို ဒီမိုကရေစီနည်းလမ်းတကျ ဖြေရှင်းဖို့၊ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့၊ အဖြေရှာနိုင်ကြဖို့ လိုအပ်ပါတယ်။ ဒိုင်ယာလော့ဆိုတာ ပြဿနာတွေကို အတူတကွ အဖြေရှာပြီး ရလာမယ့် အဖြေတွေကို စုပေါင်းအကောင်အထည်ဖော်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဖြစ်တဲ့အတွက် အခုလို ပြုပြင်ပြောင်းလဲမှု ကာလမှာ ပိုပြီးအရေးကြီးတဲ့ ကိစ္စရပ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော့် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ပွင့်လင်း လွတ်လပ်လာမှု၊ ဖြစ်ထွန်းတိုးတက်မှုအ ဆင့်ဆင့်ကို အစဉ်အမြဲ ဖော်ဆောင်ကြိုးပမ်းကြိုဆို လျက်ရှိပါတယ်။ နိုင်ငံရေးခေါင်းဆောင်များ အနေနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ချမှတ် ဆောင်ရွက်တဲ့နေရာမှာ ရရှိထားတဲ့ နိုင်ငံရေးပွင့်လင်း လွတ်လပ်မှုများ ဆက်လက်ရှင်သန်စေဖို့ အစဉ်ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက် ရှိတဲ့အကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမားခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ


.. www.MyanmarExpress.net

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

0 comments:

Post a Comment

Facebook Like Page