Wednesday, September 16, 2015

ပည်ခရိုင်အတွင်း စာသင်ကျောင်းပေါင်း ၄၀ ကျော်ရေကြီးနစ်မြုပ်၍ ယာယီပိတ်ထားလျှက်ရှိနေ

Leave a Comment



ပြည်ခရိုင်အတွင်း စာသင်ကျောင်းပေါင်း ၄၀ ကျော်ရေကြီးနစ်မြုပ်၍ ယာယီပိတ်ထားလျှက်ရှိနေ



ပြည် စက်တင်ဘာ ၁၅



ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း ရေကြီးရေနစ်မြုပ်လျှက်ရှိသည့် စာသင်ကျောင်းပေါင်း ၄၀ ကျော် အား စက်တင်ဘာ ၉ ရက်နေ့မှစတင်ကာ ယာယီပိတ်သိမ်းခဲ့ကြောင်းသိရသည်။ပြည်ခရိုင်အတွင်း  ပြည်၊ပန်းတောင်း၊ရွှေတောင် စသည့်မြို့နယ်အတွင်း စက်တင်ဘာ ၉ရက် နှင့် ၁၀ ရက်နေ့တို့တွင် ဧရာဝတီမြစ်ရေလျှံတက်လာမှုကြောင့် မြေနိမ့်ရပ်ကွက် နှင့်ကျေးရွာတစ်ချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။



“ပထမရေကြီးချိန်က ပြင်ဆင်ချိန်မရလို့အခက်ခဲတွေအများကြီးကျော်ဖြတ်လိုက်ရတယ်။ခုကဒုတယအကြိမ်ရေကြီးတော့ ပြင်ဆင်ချိန်ရလိုက်လို့တော်သေးပါတယ်။ရေပြန်ကျချိန်မှာကျောင်းသားတွေအတွက်သောက်သုံးရေအခက်ခဲတွေကြုံရမယ်။ကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအများကြီးပြန်လုပ်ရမယ်။မနက်ကတော့စာသင်သေးတယ်။စာသင်နေရင်းရေကတဖြေးဖြေးတက်လာလို့ နေ့လည်ကစပြီးကျောင်းပိတ်ထားလိုက်ရတယ်။မြို့နယ်ကိုဓါတ်ပုံနှင့်တကွတင်ပြထားပါတယ်။” ဟု အခြေခံပညာမှုလတန်း(လွန်)ကျောင်း(ခတ္ထိယ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မျိုးအောင် မှပြောသည်။



ပြည်ခရိုင်အတွင်း စက်တင်ဘာ ၃ ရက် နှင့် ၄ ရက်တို့မှာ ရေကြီးရေလျှံမှုများလျော့ကျလာခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ပြီး ရေလွှမ်းမိုးခံရသည့်နေအိမ်များသို့ ၃ ရက်ကြာနေထိုင်ခဲ့ပြီး ဒုတိယအကြိမ် ဧရာဝတီမြစ်ရေမြင့်တက်လာမှုများမှတဆင့် မြေနိမ့်ပိုင်းရပ်ကွက်ကျေးရွာနှင့်စာသင်ကျောင်းများအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ပန်းတောင်းမြို့ပေါ်တွင်  အထက်တန်းကျောင်း အပါဝင် ရေလယ်ကျွန်း၊ဂျင်းရဲကျွန်း၊တက်သစ်ကျွန်း၊မြစိမ်းကျွန်း စသည့်ဧရာဝတီမြစ်လယ်ရှိကျွန်းများမှ စာသင်ကျောင်းပေါင်း ၂၀ ကျော် နှင့် ရွှေတောင်မြို့တွင် ၂၂ ကျောင်း ပြည်မြို့တွင် ၁ ကျောင်း ယာယီပိတ်ထားခဲ့ရကြောင်းသိရသည်။



“အခုလက်ရှိကတော့ ပန်းတောင်း နဲ့ ရွှေတောင်ဘက်တွေမှာ စာသင်ကျောင်းတွေရေကြီးနစ်မြုပ်လို့ ကျောင်းပိတ်ထားရတဲ့အကြောင်း စာတွေတင်လာကြပြီ။ ပန်းတောင်းမှာ အထက်တန်းကျောင်းအပါဝင် ၉ ကျောင်း နဲ့ ရွှေတောင်မှ ကျောင်းပေါင်းစုံ ၂၂ ကျောင်းပိတ်ထားရတယ်ဆိုတဲ့စာတွေဝင်လာနေပါပြီ။ တက်လာတဲ့စာတွေကို ကျွန်မတို့က သက်ဆိုင်ရာဌာနအဆင့်ဆင့်ကို တင်ပြသွားမှာပါ။ကလေးတွေပညာရေးကိုတော့ ရက်ရှည်ကျောင်းပိတ်ရက်တွေ နဲ့ စနေ တနင်္ဂနွေ ဥပုလ်အဲလိုနေ့တွေမှာ အစားထိုး ခေါ်ယူသင်ကြားစနစ် နဲ့ အချိန်ပိုခေါ်ယူသင်ကြားစနစ်တွေနဲ့ ပြန်လည်သင်ကြားပေးသွားမှာပါ။ ” ဟု ပြည်ခရိုင် ပညာရေးမှူးရုံး မှ တာဝန်ရှိသူတစ်ဦးမှပြောသည်။



ပြည်ခရိုင်အတွင်း ပထမအကြိမ်ရေကြီးနစ်မြုပ်ခဲ့စဉ်က စာသင်ကျောင်းပေါင်း ၁၂၂ ကျော်ပိတ်ထားခဲ့ရပြီ ယခုဒုတိယအကြိမ်ရေကြီးရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ရာတွင် စက်တင်ဘာ ၁၄ ရက်နေ့အထိ စာသင်ကျောင်းပေါင်း ၄၀ ကျော်ပိတ်ထားခဲ့လျှက်ရှိသည်။ ပြည်ခရိုင်အတွင်း စာသင်ကျောင်းပေါင်း ၁၀၆၈ ကျောင်းရှိပြီး ပြည်မြို့တွင် ၁၈၄ ကျောင်း၊ပေါက်ခေါင်းမြို့တွင် ၂၀၀ ကျောင်း ၊ ပန်းတောင်းမြို့တွင် ၁၅၇ ကျောင်း ၊ ပေါင်းတည်မြို့တွင် ၁၅၇ ကျောင်း၊ သဲကုန်းမြို့တွင် ၁၉၂ ကျောင်း နှင့် ရွှေတောင်မြို့တွင် ၁၇၈ ကျောင်းတည်ရှိသည်။ ပြည်မြို့ ဧရာဝတီမြစ်ရေပြင် စိုးရိမ်ရေအမှတ် ၂၉၀၀ စင်တီမီတာရှိရာတွင် စက်တင်ဘာ ၁၅ ရက်နေ့ နံနက် တိုင်းတာချက်အရ ၂၈၈၂ စင်တီမီတာမှာ မြစ်ရေတန့်လျှက်ရှိပြီး အဆိုပါမြစ်ရေပြန်လည်ကျဆင်းရန်အခြေအနေသို့ရှိကြောင်း ပြည်မိုးဇလရုံးတာဝန်ရှိသူများထံမှသိရသည်။



K3(pyay)ဒီမိုက​ရေစီတူ​ဒေးသတင်းစာ


0 comments:

Post a Comment

Facebook Like Page